ဦးဂါရွာ

December 11, 2020

ဦးဂါရွာ၌ မုဒိမ်းမှုကျူးလွန်ခဲ့သည့်  တပ်မတော်သား ၃ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် အနှစ် ၂၀ စီချမှတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာမှာ ရခိုင်အမျိုးသမီး ၁ ဦးအား အဓမ္မပြုကျင့်ခဲ့တဲ့ တပ်မတော်သား ၃ ဦးကို ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်မနက်  စစ်တွေတပ်နယ် စစ်ခုံရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်လိုက်ပါတယ်။ ဒီနေ့မနက်မှာ အကျဉ်းစစ်တရားရုံးချုပ်က နှစ်ဘက် သက်သေတွေ၊ လေ့လာသူတွေရှေ့မှောက်မှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးပြီးနောက် ပြစ်မှု ကျူးလွန်ခဲ့တဲ့ စစ်သည် ၃ ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံစေဖို့နဲ့ စစ်မှုထမ်းဆောင်ခြင်းမှ အမြဲတမ်းထုတ်ပစ်စေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ တပ်မတော်က   သတင်းထုတ်ပြန်ပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံရတဲ့ တပ်မတော်သား ၃ ဦးကတော့ အမှတ် ၂၀၆ ခြေမြန်တပ်ရင်းမှ တပ်သား အောင်မျိုးမင်း၊ တပ်သား မင်းသူရ နဲ့ တပ်သား မြင့်လွင် တို့ ဖြစ်ကြပါတယ်။ ဇွန် ၃၀ ရက်က ရသေ့တောင်မြို့နယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်ကြောင်း တခုက  ဦးဂါကျေးရွာနားမှာ တပ်ချခဲ့ပြီး ဦးဂါကျေးရွာနေ အမျိုးသမီးတယောက်ကို  စစ်သည် ၃ ယောက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးက စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တဲ့ အမှုဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းဟာ မှန်ကန်မှု မရှိကြောင်းနဲ့ ပြည်သူလူထု အထင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးပြီး မမှန်သတင်း ဖော်ပြတာသာ ဖြစ်ကြောင်း ဇူလိုင် ၂ ရက်မှာ ကနဦး သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာမှ ပထမအကြိမ် စစ်မေးရာမှာ  ပြစ်မှုကျူးလွန်သူ ၃ ယောက်က ပြစ်မှုကျူးလွန်ခဲ့တာ မရှိကြောင်း လိမ်လည်ထွက်ဆိုခဲ့ပြီး နှစ်ဖက်သက်သေထွက်ဆိုချက်တွေ ကွဲလွဲမှုများပြားနေလို့ စက်တင်ဘာလဆန်းမှာ ပိုမိုတိကျတဲ့ စစ်ဆေးချက်တွေနဲ့  ဒုတိယအကြိမ် ထပ်မံစစ်ဆေးမှသာ  ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုဖြောင့်ချက်ပေးခဲ့တာလို့ ဆိုပါတယ်။ အဓမ္မကျင့်ခဲ့တဲ့ တရားခံစစ်သား ၃ ယောက်က ပြစ်မှု ကျူးလွန်တယ်လို့ ဖြောင့်ချက်ပေး ဝန်ခံ ထွက်ဆိုပြီး ၃ လအကြာ ဒီဇင်ဘာ ၃ ရက်နေ့က စစ်တွေတပ်နယ်မှာ ပထမဆုံးအကြိမ် အကျဉ်းစစ်တရားရုံးချုပ်နဲ့ စတင်စစ်ဆေးခဲ့ပြီး ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ အပြီးသတ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
5 months Ago
Up