ဦးဇော်ဌေး

May 25, 2019

ထိန်းသိမ်းထားသည့် သီရိလင်္ကာနိုင်ငံသားကို စိစစ်နေဆဲဟု ဦးဇော်ဌေးပြော

သီရိလင်္ကာအကြမ်းဖက်မှုနဲ့မပတ်သက်ဘဲ ကျောက်ကုန်သည်တဦးသာဖြစ်ကြောင်း ရဲစခန်းမှာ လာရောက်ထွက်ဆိုတဲ့ သီရိလင်္ကာနိုင်ငံသားကို စိစစ်နေဆဲဖြစ်တယ်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ မနေ့ညနေပိုင်းက နေပြည်တော်မှာပြုလုပ်တဲ့ သမ္မတရုံးပုံမှန်သတင်းစာရှင်းလင်းမှာ ဦးဇော်ဌေးက အခုလို ပြောကြားခဲ့တာပါ။ သီရိလင်္ကာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူတယောက် မြန်မာနိုင်ငံကို ရောက်နေတယ်ဆိုပြီး သီရိလင်္ကာနိုင်ငံက သတင်းပေးလာလို့ စစ်ဆေးရာမှာ တကယ့် အကြမ်းဖက်သံသယရှိသူက နိုင်ငံတွင်းက ပြန်ထွက်သွားပြီလို့ ဆိုပါတယ်။ “ဒီလူဟာ မြန်မာနိုင်ငံဘက်ကို ဘယ်အချိန်က ဝင်သွားတယ်ဆိုတာ ကျနော်တို့ဆီ မှာ ပြန်စစ်လိုက်တော့ တကယ့်အကြမ်းဖက် သံသယပုဂ္ဂိုလ်က ပြန်ထွက်သွားပြီပေါ့နော်။ သူနဲ့အတူတူ လေယာဉ်တစီးတည်းလာ၊ ဗီဇာအတူတူယူ၊ အတူတူရောက်လာတဲ့ သီရိလင်္ကာ နိုင်ငံသားတယောက်က ဒီမှာ ကျန်ခဲ့တယ်။ အဲဒါကို ကျနော်တို့က လိုက်လံရှာဖွေတဲ့အခါမှာ ဟိုတယ်ခရီးက ဟိုတယ်တွေကို မေးတဲ့စာပေါ့နော် အဲဒါက အပြင်ကိုရောက်သွားတယ်။ အဲဒီအပေါ်မှာ မနေ့ကတော့ ကာယကံရှင်ကိုယ်တိုင် ဖေ့စ်ဘွတ်ခ်မှာ သတင်းတွေ ပျံ့နှံ့နေတဲ့အပေါ်မှာ မူတည်ပြီး ရဲစခန်းကိုလာပြီးတော့ ရှင်းပြတယ်။ သူက အကြမ်းဖက်သမား မဟုတ်ဘူး၊ သူဘာမှ မလုပ်ပါဘူးလို့ ရှင်းပြတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ရဲတပ်ဖွဲ့ တာဝန်ရှိတဲ့သူတွေက သူ့ရဲ့ထွက်ဆိုချက်ကို စိစစ်နေတဲ့ကာလဖြစ်ပါတယ်။ အသေးစိတ်ကတော့ လောလောဆယ် ပြောလို့တော့ မရသေးဘူး။ သူ့ရဲ့အကြောင်းပြချက်ကတော့ မြန်မာနိုင်ငံကို ကျောက်မျက်ရတနာ အရောင်းအဝယ်ကိစ္စနဲ့ လာတယ်။ သူသွားတဲ့နေရာတွေက ရန်ကုန်ရောက်တယ်၊ ပြီးရင် မန္တလေးသွားတယ်။ အဓိက ကျောက်မျက် အရောင်းအဝယ်လုပ်တယ်လို့တော့ အကြမ်းဖျင်း ထွက်ဆိုထားတာ ရှိတယ်။ လောလောဆယ် စိစစ်ဆဲဖြစ်ပါတယ်” လို့ ပြောပါတယ်။ Jet Star လေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် 3K -583၊ ပတ်စပို့စ်နံပါတ် N 5467645 နဲ့ အသက် ၃၉ နှစ်အရွယ် နိုင်ငံခြားသားဟာ ရန်ကုန်လေဆိပ်ကနေ ၀င်ရောက်လာတာဖြစ်ပြီး ၀န်ကြီးဌာနလိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ ဟိုတယ်၊ တည်းခိုးခန်းတွေမှာ လာရောက်တည်းခိုသူတွေထဲ လာရောက်တည်းခိုနေထိုင်ခဲ့တာရှိမရှိ စိစစ်ပေးဖို့ ဟိုတယ်နဲ့ခရီး (ပုဂံရုံးခွဲ) ကနေ ပုဂံမှာရှိတဲ့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေကို အကြောင်းကြားစာ ပေးပို့ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ အီစတာပွဲတော် ကျင်းပနေချိန်အတွင်း ဘုရားကျောင်းတွေနဲ့ ဟိုတယ်တွေကို ပစ်မှတ်ထား အသေခံဗုံးခွဲခဲ့တာကြောင့် လူ ၂၅၀ ကျော် သေဆုံးခဲ့ပြီး လူ ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကာ အိုင်အက်စ် အဖွဲ့က သူတို့လုပ်တာလို့ ပြောကြားထားပါတယ်။ ပြည်ထဲရေးဝန်ကြီဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူဟာ မေ ၂၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးကို လိုက်လံစစ်ဆေးခဲ့ပြီး လုံခြုံရေး မကျိုးပေါက်အောင် ဆောက်ရွက်ကြဖို့ တာဝန်ရှိသူတွေကို ပြောကြားခဲ့ပါတယ်။ နေဖြိုးဝင်း
2 years Ago

March 30, 2019

ရခိုင်တွင် စစ်အုပ်ချုပ်ရေးကြေညာရန် မရှိသေးဟု ဦးဇော်ဌေးပြော

တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ စစ်အုပ်ချုပ်ရေး ကြေညာဖို့ မရှိသေးဘူးလို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။ မတ်လ ၂၉ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ “လောလောဆယ် အနေအထားအရ တိုက်ပွဲကတော့ ဆက်ပြီးတော့ ဖြစ်နေဦးမှာပဲ။ ကျေးရွာတွေကို အခြေပြုပြီး ပြောက်ကျား စစ်ဆင်ရေး လုပ်နေတာဖြစ်တဲ့အတွက် အဲဒီဟာတွေက ကြာရှည်ပါတယ်။ သို့သော် ဒီနေ့အချိန်အထိမှာတော့ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာဖို့ အစိုးရမှာ အစီအစဉ် မရှိသေးပါဘူး” ဇန်နဝါရီလ ၄ ရက်နေ့ကနေ မတ်လ ၂၈ ရက်နေ့အထိ ၃ လအတွင်း ရခိုင်ပြည်နယ်မှာ အေအေအဖွဲ့နဲ့ တိုက်ပွဲ ထိတွေ့မှု ၁၀၃ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ရဲတပ်ဖွဲ့ဘက်က ၂၇ ယောက်ကျဆုံးပြီး အရပ်သား ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင် ၂၆ ယောက် ဒဏ်ရာရပြီး အရပ်သား အယောက် ၂၀ ဒဏ်ရာရခဲ့ပါတယ်။ အေအေအဖွဲ့ဘက်က ၅၈ ယောက်သေဆုံးပြီး ၈ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ဒီကာလထဲမှာ မိုင်းပေါက်ကွဲတာ ၄၄ ကြိမ် ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ အဲဒီတိုက်ပွဲတွေ အတွင်းမှာ တပ်မတော်ဘက်က ထိခိုက်ကျဆုံးတာတွေကို တပ်မတော်ဘက်ကနေ အသေးစိတ်ထုတ်ပြန်မှာဖြစ်ပြီး အစိုးရဘက်ကတော့ ထုတ်ပြန်ဖို့ မရှိဘူးလို့ ဦးဇော်ဌေးက ဆိုပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရတဲ့သူ ၁၇၃၀၀ ကျော် ရှိတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို ထိထိရောက်ရောက် လုပ်နေပြီး လူမျိုးရေးအနေနဲ့ မကြီးထွားလာအောင် ဆိုရှယ်မီဒီယာအပါအဝင် ထိန်းသိမ်းတာတွေ လုပ်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။
2 years Ago

မြစ်ဆုံစီမံကိန်း တရုတ်နှင့်မြန်မာအတွက် အရေးကြီး၊ ပြည်သူကို ချပြမည်ဟု ဦးဇော်ဌေးပြော

မြစ်ဆုံစီမံကိန်းဟာ တရုတ်နိုင်ငံအတွက်ရော မြန်မာအတွက်ပါ အရေးကြီးတဲ့ စီမံကိန်း ဖြစ်ပြီး အချိန်တန်ရင် ပြည်သူလူထုသိအောင် ချပြမယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။ မနေ့က နေပြည်တော် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ စာချုပ်ကို အရင်အစိုးရတွေက ချုပ်ဆိုခဲ့တာဖြစ်ပေမယ့် အခုအစိုးရကလည်း ဒီစာချုပ်ကို တာဝန်ခံတယ်လို့ ပြောပါတယ်။ “မြစ်ဆုံနဲ့ ပတ်သက်လို့ ကျနော်တို့ ကော်မရှင်ဖွဲ့ထားပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း လူထုတွေ့ဆုံပွဲတွေမှာ ပြောထားပြီး ဖြစ်ပါတယ်။ အထူးသဖြင့် မြစ်ဆုံက ယခင်အစိုးရတွေက ချုပ်ဆိုသွားခဲ့တဲ့ စာချုပ် ဆိုသော်ငြားလည်း နောက်တက်လာတဲ့ အစိုးရတွေက ဒီစာချုပ်တွေ အပေါ်မှာ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိပါတယ်။ အဲပေါ်မှာတော့ ကျနော်တို့ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ သိသင့်သိထိုက်တဲ့ အချိန်ကျရင် ဘယ်လိုလုပ်တယ်၊ ဘယ်လိုလုပ်ပါ့မယ်ဆိုတာ လူထုသိအောင် ချပြမယ်ဆိုတာ ပြောထားပြီး ဖြစ်ပါတယ်။” မြစ်ဆုံကိစ္စဟာ ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်ပြီး လူထုကို ဘယ်အချိန်သိအောင် ထုတ်ပြန်နိုင်မလဲ ဆိုတာကတော့ မပြောနိုင်သေးဘူး လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲကာလ ကချင်ပြည်နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာတော့ အန်အယ်လ်ဒီအနေနဲ့ အစိုးရ တာဝန်ယူပြီးရင် မြစ်ဆုံစာချုပ်ကို အရင်ဆုံးတင်ပြမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဦးဇော်ဌေးက “ဒီကိစ္စက ထိလွယ်ရှလွယ် ကိစ္စ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အရေးကြီးတဲ့ ပရောဂျက်လည်း ဖြစ်တယ်။ မြန်မာနိုင်ငံအတွက်လည်း အရေးကြီးတယ်။ လူထုအတွက်လည်း အရေးကြီးတယ်။ ဒီအပေါ်မှာတော့ ကျနော် ခုနက ပြောတဲ့အတိုင်း လူကြီးတွေ အကောင်းဆုံးဖြစ်အောင် လုပ်နေတယ်။ အချိန်တန်ရင် ပြည်သူလူထုကို ချပြမှာ ဖြစ်ပါတယ်။ ဘယ်အချိန် ဘယ်အချိန်ဆိုတာတော့ ကျနော် အတိအကျတော့ မပြောနိုင်သေးပါဘူး” လို့ ပြောပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲခရီးတွေမှာ မြစ်ဆုံ အပါအဝင် စီမံကိန်းကြီးတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အမြင်ကျယ်ကြဖို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက လက်ရှိမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကချင်ပြည်ကို သွားရောက် တိုက်တွန်းတာတွေ လုပ်ဆောင်နေပါတယ်။ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးဖို့ ကန့်ကွက်ဆန္ဒပြပွဲတွေကို   ရန်ကုန်မြို့၊ မြစ်ကြီးနားမြို့အပါအ၀င် နိုင်ငံအနှံ့က မြို့တွေနယ်တွေမှာ ပြုလုပ်ခဲ့ကြပါတယ်။
2 years Ago
More News
Up