ဦးဝီရသူ

June 1, 2019

ဖမ်းဝရမ်းထုတ်ထားသည့် ဦးဝီရသူကို စုံစမ်းရှာဖွေနေဟု မန္တလေးတိုင်း ရဲမှူးချုပ် ပြော

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ဆရာတော် ဦးဝီရသူကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေတယ်လို့ မန္တလေးတိုင်း ရဲမှူးချုပ်က ပြောပါတယ်။ ဆရာတော်သွားလာနိုင်တဲ့ ကျောင်းတိုက်တွေ၊ သွားလာနိုင်တဲ့နေရာတွေ၊ ကားဂိတ်တွေကို စုံစမ်းရှာဖွေနေတာလို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ မေ ၃၁ ရက်နေ့ ကျင်းပတဲ့ အစိုးရ သက်တမ်း တတိယနှစ်မြောက်ကာလအတွင်း ဆောင်ရွက်ချက်တွေအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မေလ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော်ဝီရသူ ဟောပြောချက်တွေကြောင့်  နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အနောက်ပိုင်းခရိုင်တရားရုံးက တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဦးဝီရသူအနေနဲ့ အခု တရားစွဲဆိုမှုကို ဘယ်လိုပြန်တုံ့ပြန်မယ်ဆိုတာကိုတော့  တရားဝင်ဖြေရှင်း ပြောဆိုတာ မရှိသေးပါဘူး။ လာမယ့် ဇွန် ၁၇ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ညီလာခံ ကျင်းပဖို့ ရှိတာကြောင့် အဲဒီအချိန်အထိ အဖမ်းမခံဘဲ တိမ်းရှောင်နိုင်တယ်လို့ သုံးသပ်မှု တွေလည်း ရှိပါတယ်။ ဝရမ်းထုတ်ခံရသူ ထွက်ပြေးတမ်းရှောင်နေတယ်ဆိုရင် ဝရမ်းကို ပြန်ရုပ်သိမ်ပြီး တရားရုံးက တရားခံပြေးအဖြစ် ကြေညာနိုင်ပါတယ်။ ဆရာတော် ဦးဝီရသူကို ဖမ်းဆီးတရားစွဲဆိုဖို့ အစိုးရက ညွှန်ကြားတာဖြစ်ပြီး ဦးဝီရသူကို ၀န်းရံသူတွေ ပြုလုပ်တဲ့ ဆုတောင်းပွဲတွေနဲ့ပတ်သက်လို့လည်း နိုင်ငံတော်လုံခြုံရေးကို ထိပါးလာနိုင်တဲ့ ကိစ္စတွေကို ဥပဒေအရ ကိုင်တွယ်မယ်လို့ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
2 years Ago

ဓမ္မစက်ကိုကျော်လွန်ပြီး အာဏာစက်ဖြင့် အရေးယူခြင်း လက်မခံဟု ဦးဝီရသူ မိန့်ကြား

သံဃနာယက ဆရာတော်တွေရဲ့ ဓမ္မစက်နဲ့ အရေးယူတာကို လက်ခံမှာဖြစ်ပြီး အာဏာစက်နဲ့ အရေးယူတာ လက်ခံမှာမဟုတ်ဘူးလို့ ဦးဝီရသူက မိန့်ကြားလိုက်ပါတယ်။ ဒါ့အပြင် ဆရာတော်ကြီးတွေရဲ့ သြဝါဒခံပြီးမှ တရားရင်ဆိုင်ဖို့ အာဏာပိုင်တွေ ခေါ်ရာနောက်ကို လိုက်မယ်လို့ ဦးဝီရသူက အင်တာနက်မှာ ထုတ်လွှင့်ပြောဆိုလိုက်တာပါ။ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့် ဝရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူဟာ လက်ရှိ သူဘယ်မှာရှိတယ်ဆိုတာကို ထုတ်ဖော်မပြောဘဲ သံဃနာယက ဆရာတော်တွေရဲ့ သြဝါဒ ခံယူဖို့အတွက် ပြောဆိုလာတာပါ။ နိုင်ငံတော်အကြီးအကဲတွေကို ပုတ်ခတ်ပြောဆိုပြီးတဲ့နောက် မေ ၃၀ ရက်မှာ ရန်ကုန်တိုင်း သံဃနာယက အဖွဲ့ဆီမှာ သြဝါဒခံယူဖို့အတွက် ဦးဝီရသူကို အကြောင်းကြားခဲ့ပြီးမှ အခြေအနေအရ ဆိုင်းငံ့လိုက်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက မေ ၂၉ မှာ ထုတ်ပြန်ခဲ့ပါတယ်။ ရွှေ့ဆိုင်းတာကို နားလည်ပေးနိုင်သလို ထပ်ပြီးကျင်းပမယ့်ရက်ကို အချိန်မီ အကြောင်းကြား ပေးမယ်ဆိုတာကို ဝမ်းမြောက်ကျေးဇူးတင်မဆုံးဖြစ်တယ်လို့ ဦးဝီရသူက ဆိုပါတယ်။ မနေ့ညပိုင်းက ဗီကေ လူမှုကွန်ရက်စာမျက်နှာမှာ သူ့ရဲ့ အသံဖိုင်ကို လွှင့်တင်လိုက်တာ ဖြစ်ပါတယ်။ ဆရာတော်ကြီးတွေက သြဝါဒပေးမယ်ဆိုလို့ ၃၀ ရက်နေ့ မတိုင်ခင်မှာပဲ ရန်ကုန်ကို အရောက်ဆင်းလာခဲ့ပြီး ရွှေ့ဆိုင်းလိုက်တယ်ဆိုတဲ့စာကိုတော့ သူ့လက်ထဲကို ရောက်မလာခဲ့ဘူးလို့ ဆိုပါတယ်။ “အခြားတဖက်တွင်လည်း ဘုရားတပည့်တော်အား ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက မေလ ၂၈ ရက်၌ ပုဒ်မ ၁၂၄ (က) ဖြင့် ဝရမ်းထုတ်ထားပါသည်ဘုရား။ ဆရာတော်ကြီးများ ထပ်မံ အကြောင်း၍လာသည့်အခါ၌လည်း ဆရာတော်ကြီးများ၏ ဓမ္မစက်ဖြင့် အရေးယူခြင်းကိုသာ လက်ခံပါမည်ဘုရား။ ဆရာတော်ကြီးများ၏ ဓမ္မစက်ကို ကျော်လွန်သည့် အာဏာစက်ဖြင့် မည်သည့် အရေးယူမှုကိုမျှ ဆရာတော်ကြီးများရှေ့မှောက်မှာ လက်ခံလိမ့်မည်မဟုတ်ပါဘုရား” လို့ ပြောပါတယ်။ အာဏာပိုင်တွေ ယုံကြည်စိတ်ချရအောင် မြို့နယ်နဲ့ခရိုင် ရဲအရာရှိ ၂ ယောက်ကို သူ့ရဲ့ ကားပေါ်မှာ တင်ခေါ်သွားမှာဖြစ်ပြီး လူသူရှင်းတဲ့နေရာရောက်ရင်တော့ ရဲအရာရှိတွေရဲ့ အစီအစဉ်နဲ့ လိုက်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီပြောဆိုချက်တွေကို စာနဲ့ရေးပြီး ရန်ကုန်တိုင်း သံဃနာယက ဥက္ကဋ္ဌဆီကိုပေးပို့ထားသလို နိုင်ငံတော် သံဃမဟာနာယက ဥက္ကဋ္ဌ၊ ရန်ကုန်နဲ့မန္တလေး တိုင်းသာသနာရေးဦးစီးမှူးတွေဆီ မိတ္တူပို့ထားတယ်လို့လည်း ဖော်ပြပါတယ်။ ဒီစာနဲ့ ပြောဆိုချက်တွေအရ တိုင်း သံဃနာယကဆရာတော်တွေဆီမှာ သြဝါဒခံပြီးမှပဲ အဖမ်းခံ တရားရင်ဆိုင်မယ်လို့ ဆိုလိုတာပါ။ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကတော့ သြဝါဒခံယူဖို့ ဦးဝီရသူ လာနေတုန်း၊ ပြန်တုန်းမှာ မလိုလားအပ်တာတွေ မဖြစ်ဖို့အတွက် ဒီကိစ္စကို ဆိုင်းငံ့တာလို့ မေ ၃၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
2 years Ago

May 31, 2019

ဦးဝီရသူ ထွက်ပြေးနေခြင်းမဟုတ်ဟု အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ပြော

မန္တလေး မစိုးရိမ် (တိုက်သစ်) ဆရာတော် ဦးဝီရသူဟာ ထွက်ပြေးနေတာ မဟုတ်ဘဲ ဝရမ်းအထောက်အထားနဲ့ ဖမ်းဆီးဖို့က ရဲတပ်ဖွဲ့ရဲ့ တာဝန်သာဖြစ်တယ်လို့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းကိုကိုလတ်က ပြောပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးအရေးယူဖို့ ၀ရမ်းထုတ်ခံထားရတဲ့ ဦးဝီရသူကို ထောက်ခံသူတွေဟာ ဒီနေ့မွန်းလွဲ ၂ နာရီလောက်က ကြေးသွန်းဘုရားမှာ စတင်စုစည်းကြပြီး ရွှေတိဂုံဘုရားကို တက်ရောက် ဆုတောင်းမှုတွေ  ဒုတိယနေ့အဖြစ် ထပ်မံကျင်းပခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ဦးဝီရသူရဲ့ ဖမ်းဝရမ်းကို မေ ၂၉ ရက်နေ့က မစိုးရိမ်ကျောင်းတိုက်ကို သွား လျှောက်ထားပြီးဖြစ်ပေမယ့်  ကျောင်းတိုက်မှာ ဦးဝီရသူကိုတော့ မတွေ့ခဲ့ပါဘူး။ လက်ရှိ ရန်ကုန်မြို့ကို ဦးဝီရသူ ရောက်နေတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီကနေ့  ပြုလုပ်တဲ့ဆုတောင်းပွဲကို ရောက်မလာသလို ရဲစခန်းမှာ သွားရောက် အဖမ်းခံတယ်ဆိုတဲ့ သတင်းတွေလည်း မကြားရသေးပါဘူး။  သူ့ကို ထောက်ခံသူတွေကတော့ ဦးဝီရသူအနေနဲ့ ထွက်ပြေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့ကတော့ ဦးဝီရသူကို ခေါ်ယူပြီး နောက်နောင် ဒီလို လူမှုရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်တာတွေမလုပ်ဖို့ သြ၀ါဒပေးဖို့ စီစဉ်ထားပေမယ့် မေ ၂၉ ရက်ညနေမှာ အဲဒီအစီအစဉ်ကို ဆိုင်းငံ့တယ်လို့  သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ရန်ကုန်နဲ့ မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့  လူထုထောက်ခံပွဲမှာ ဦးဝီရသူ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိအစိုးရကို ဂုဏ်သိက္ခာထိပါးစေတယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဦးဝီရသူရဲ့ ဟောပြောမှုတွေဟာ လူမျိုးရေး အမုန်းပွားမှုတွေကို ဦးတည်နေပြီး လက်ရှိ အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေးဝေဖန်မှုတွေ မကြာခဏ ပြုလုပ်လေ့ ရှိပါတယ်။ ဦးဝီရသူရဲ့ပြောဆိုမှုတွေနဲ့ ပတ်သက်လို့  နိုင်ငံတကာ မီဒီယာတွေမှာလည်း ရှုတ်ချဝေဖန်မှုတွေ ရှိနေပြီး ဗုဒ္ဓဘင်လာဒင်အဖြစ် ကမ္ဘာကျော် အကြမ်းဖက်သမား ဘင်လာဒင်နဲ့ ခိုင်းနိုင်းရေးသားနေကြပါတယ်။ နိုင်ငံတကာမီဒီယာတွေက ဘင်လာဒင်နဲ့ ခိုင်းနှိုင်းတာတွေကိုလည်း ဂရုစိုက်စရာမရှိဘူးလို့ ဦးဝီရသူကို ထောက်ခံသူတွေက ပြောပါတယ်။ ဦးဝီရသူအနေနဲ့ အခု တရားစွဲဆိုမှုကို ဘယ်လိုပြန်တုံ့ပြန်မယ်ဆိုတာကိုတော့  တရားဝင်ဖြေရှင်း ပြောဆိုတာ မရှိသေးပါဘူး။ လာမယ့် ဇွန်လ ၁၇ ရက်နေ့ ရန်ကုန်မြို့၊ အင်းစိန်ရွာမကျောင်းတိုက်မှာ မဘသ ညီလာခံ ကျင်းပဖို့ရှိတာကြောင့် အဲဒီအချိန်အထိ အဖမ်းမခံဘဲ တိမ်းရှောင်နိုင်တယ်လို့ သုံးသပ်မှု တွေလည်း ရှိပါတယ်။ ဝရမ်းထုတ်ခံရသူ ထွက်ပြေးတမ်းရှောင်နေတယ်ဆိုရင် ဝရမ်းကို ပြန်ရုပ်သိမ်ပြီး တရားရုံးက တရားခံပြေးအဖြစ် ကြေညာနိုင်ပါတယ်။
2 years Ago

ဖမ်းဝရမ်းထုတ်ခံထားရသည့် ဦးဝီရသူ ဘေးအန္တရာယ် ကင်းဝေးစေရန် ဆုတောင်း

ဆရာတော် ဦးဝီရသူ ကြုံတွေ့နေတဲ့ ဘေးအန္တရာယ်တွေ ကင်းဝေးစေဖို့အတွက် မေလ ၃၀ ရက်နေ့ ညနေပိုင်းအချိန်က မန္တလေးမြို့ အိမ်တော်ရာဘုရားမှာ ဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။ အဲ့ဒီဆုတောင်းပွဲကို ဦးဝီရသူရဲ့ ဒါယိကာ ဒါယိကာမတွေက စုပေါင်းလုပ်ဆောင်တာဖြစ်ပြီး ဆရာတော် ဦးဝီရသူရဲ့ မွေးနံဖြစ်တဲ့ ရာဟုထောင့်မှာ လုပ်ခဲ့ပါတယ်။ ဆရာတော်တွေ့နေတဲ့ ဘေးဒုက္ခတွေ ငြိမ်းသွားအောင် စုပေါင်းဆုတောင်းတာပါလို့ ဆရာတော်ရဲ့ တပည့်ဖြစ်တဲ့ ဦးနိုင်က ပြောပါတယ်။ မေလ ၅ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲမှာ ဆရာတော်ဝီရသူ ဟောပြောချက်တွေကြောင့် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်းက အနောက်ပိုင်းခရိုင် တရားရုံးမှာ ဦးတိုက်လျှောက်ထားခဲ့ပါတယ်။ အဲ့ဒီလို ဦးတိုက်လျှောက်ထားတဲ့အတွက် ဆရာတော် ဦးဝီရသူကို နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အနောက်ပိုင်းခရိုင်တရားရုံးက တရားစွဲဆိုပြီး ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ဆရာတော် ဦးဝီရသူ သီတင်းသုံးတဲ့ မစိုးရိမ်တိုက်သစ်ထဲက ကျောင်းကို မေလ ၂၉ ရက်နေ့က သံဃာ့နာယက ဆရာတော်တွေနဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပေမယ့် ဖမ်းဆီးရမိတာ မရှိခဲ့ပါဘူး။ ရန်ကုန်တိုင်း သံဃာ့မဟာနာယကရုံးအနီးမှာလည်း ဦးဝီရသူကို ၀န်းရံတဲ့ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေက ရွှေတိဂုံစေတီ အရှေ့ဘက်မုခ် စေတီတော်အောင်မြေမှာ ဦးဝီရသူ ဘေးကင်းဖို့ မေတ္တာပို့ ဆုတောင်းခဲ့ကြပါတယ်။
2 years Ago
More News
Up