ဦးခွန်ထွန်းဦး

May 3, 2016

အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်ဖို့ ပင်လုံရပိုင်ခွင့်တွေလိုဟု ဦးခွန်ထွန်းဦး ပြော

လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ အစိုးရသစ်လက်ထက် လုပ်ဆောင်ရမယ့် အချက်တွေထဲမှာ ပင်လုံရပိုင်ခွင့်တွေက အရေးကြီးတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးက ပြောဆိုလိုက်ပါတယ်။ “ပြောတာဆိုတာကအစ ကတိတည်ရမယ်၊ နောက်ပြီးတော့ ဖြစ်တဲ့ပြဿနာ ကလည်း ကလေးတိုင်းသိနေပြီ။ ရချင်တာက ပင်လုံက ဆင်းသက်လာတဲ့ ရပိုင်ခွင့်တွေပဲ ပြန်ရချင်တာပဲ။ ဘာမှ အပိုမတောင်းဘူး။ ဖက်ဒရယ်ပြည်ထောင်စုပေးပါ၊ တန်းတူညီတူပေးပါ၊ ကိုယ့်စာပေ ကိုယ်သင်ချင်တယ်၊ ကိုယ့်ယဉ်ကျေးမှု ကိုယ်ထိန်းချင်တယ်။ ဒီဟာကိုမှ မပေးနိုင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။” ပင်လုံညီလာခံဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေ ရှမ်း၊ ကချင်၊ ချင်း စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ပင်လုံမြို့မှာ တွေ့ဆုံကာ မိမိတို့ရဲ့ ဘိုးဘွားပိုင်နယ်မြေတွေကို မိမိတို့ဆန္ဒအလျောက် အချင်းချင်း လွတ်လပ်စွာ ပူးပေါင်းပြီး နိုင်ငံတော်သစ်တခုကို ထူထောင်ဖို့ ဒါမှမဟုတ် လွတ်လပ်ရေးရယူဖို့ တွေ့ဆုံခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပြီး ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပင်လုံစာချုပ်ကို အခြေခံ ရေးဆွဲပြဋ္ဌာန်းခဲ့တာလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့အစိုးရလက်ထက် ၄ နှစ်နီးပါး ငြိမ်းချမ်းရေး လုပ်ဆောင်ချက်တွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း လာမယ့်တလနှစ်လအတွင်း ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ အဲဒီညီလာခံမှာ အန်စီအေ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ပါဝင်စေလိုကြောင်း ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်နေ့က ပြောကြားထားပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က “တယောက်နဲ့တယောက် ဆွေးနွေးပြီးတော့မှ အဖြေရှာရမှာဖြစ်တယ်။ ကြိုပြီးတော့ ဒါကြီးကို ဒီပုံစံအတိုင်း သွားမယ်လို့ ချထားလို့ မရဘူးလို့ ကျနော်ထင်တယ်။ ကျနော်တို့တိုင်းပြည်နဲ့ ကိုက်ညီတဲ့ပုံစံက ဘာလဲ။ ကျနော်တို့မှာရှိတဲ့ တိုင်းရင်းသားအင်အားစုတွေရဲ့ လိုလားချက်က ဘာလဲ။ ကျနော်တို့တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ အမြင်တွေက ဘာတွေလဲ။ အားလုံးညှိနှိုင်းပြီးတော့မှ ကျနော်တို့တိုင်းပြည်ကို ဘယ်လိုပုံစံ တည်ဆောက်သွားမယ်ဆိုတဲ့ ပုံသဏ္ဌာန် ပေါ်လိမ့်မယ်လို့ ကျနော်ယူဆတယ်" လို့ ပြောပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ဖက်ဒရယ်အရေးတို့အတွက် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီ ၃၀ ရက်နေ့က စတင်ပြီး သီးသန့် တွေ့ဆုံ ဆွေးနွေးနေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်းပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ (ယူအန်အက်ဖ်စီ) ကလည်း အစိုးရသစ်နဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စတွေပါ ဆွေးနွေးဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။
5 years Ago

September 9, 2015

ကျားခေါင်းပါတီ သမိုင်းဝင် ပင်လုံမြို့တွင် စည်းရုံးရေး စတင်

ကျားခေါင်းပါတီ လို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ ပြည်ထောင်စု ဖက်ဒရယ်ဒီမိုကရက်တစ်နိုင်ငံရေးကို ဦးတည်ပြီး ရှမ်းပြည်တောင်ပိုင်း သမိုင်းဝင် ပင်လုံမြို့မှာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်အမတ်လောင်း ၁၅၈ ဦးနဲ့ မြို့နယ်အလုပ်အမှုဆောင်၊ ရပ်ကျေးအလုပ်အမှုဆောင်တွေနဲ့ အဖွဲ့ဝင်တွေ ၈၀၀ ကျော်လောက်ဟာ စက်တင်ဘာ ၈ ရက်နေ့က ပင်လုံမြို့  သုဝဏ္ဏဘူမိ ပိဋကတ်ကျောင်းတိုက်မှာ လာရောက်တွေ့ဆုံပြီး မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညီလာခံကို ကျင်းပခဲ့ပါတယ်။ [caption id="attachment_111402" align="alignleft" width="359"] ဓာတ်ပုံ - Sai Lern[/caption] လွှတ်တော်အမတ်လောင်းတွေ၊ ပါတီဝင်တွေအနေနဲ့ နယ်မြေအသီးသီးမှာ စည်းရုံးရေးဆင်းတဲ့အခါ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ပါတီအထွေအထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။ “စည်းရုံးရေးဆင်းမယ့်သူတွေ အနေနဲ့ အဓိကက ကျနော်တို့ပါတီရဲ့ အမြင့်ဆုံး ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ် ပြည်ထောင်စုစစ်စစ် ထူထောင်ရေး ဦးတည်ချက်ကို ပြည်သူလူထုတွေကြား နားလည်သဘောပေါက်အောင် ရှင်းပြဖို့ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု ထူထောင်ဖို့က ငြိမ်းချမ်းရေး လိုအပ်တယ်၊ ငြိမ်းချမ်းမှ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်မယ်၊ အခြေခံဥပဒေပြင်ဆင်မယ် စသဖြင့်ပေါ့။ လမ်းဖောက်တာ၊ လျှပ်စစ်မီးပေးမှာ၊ အလုပ်အကိုင် အခွင့်အရေးရအောင် လုပ်ပေးမယ် ဆိုတာတွေကတော့ အစိုးရရဲ့တာဝန် ဖြစ်ပါတယ်။ ဘယ်လိုအစိုးရပဲတက်တက် လုပ်ပေးမှာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တာဝန်ကတော့ ပြည်သူများရဲ့ သဘောဆန္ဒနဲ့အညီ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်ရောက်အောင် ဆောင်ရွက်ရေးပဲ ဖြစ်ပါတယ်။” ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကလည်း ပါတီလုပ်ငန်းစဉ်မှာ ၂ ပိုင်းခွဲပြီး ဆောင်ရွက်မှာ ဖြစ်ကြောင်း၊ တပိုင်းက လွှတ်တော်ထဲကနေပြီး ဆောင်ရွက်ရေး၊ နောက်တပိုင်းက ရွေးကောက်ပွဲမ၀င်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၅ ဦး ဦးဆောင်တဲ့ အလုပ်အဖွဲ့က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရေး ကိစ္စတွေ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာတော့ လူထုစည်းရုံးရေးဆိုင်ရာ ဟောပြောပွဲကို ကျင်းပရာမှာ ဗဟိုစည်းရုံးရေးမှူး ဦးစိုင်းဖက ရှမ်းပြည်သူတွေ အနေနဲ့ တစိတ်တ၀မ်းတည်း စည်းလုံးညီညွတ်ဖို့ လိုအပ်ကြောင်း၊ နိုင်ငံရေးပါတီတွေ ဘယ်လောက်များများ ပြည်သူ့တွေရဲ့ ရေရှည်အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်ပေးနိုင်မယ့်ပါတီကို ရွေးချယ်ပြီး ဆန္ဒမဲထည့်ပေးဖို့ လိုအပ်ကြောင်း၊   ပြည်သူတွေအနေနဲ့ ကိုယ်မဲပေးမယ့်ပါတီကို အမှန်အကန် ရွေးချယ်နိုင်ရင်၊ ပြည်သူ့အကျိုးကို ရှေးရှုတဲ့ပါတီကို အားကောင်းအောင် ၀ိုင်းဝန်းမဲထည့်ပေးနိုင်မယ်ဆိုရင် လုံလောက်ပါပြီလို့ ပြောကြားသွားပါတယ်။ ညီလာခံပြီးတဲ့နောက် ကျားခေါင်းပါတီဝင်တွေဟာ သမိုင်းဝင် ပင်လုံကျောက်တိုင်ကို ချီတက်အလေးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကတိက၀တ်ပြုခဲ့တဲ့  လွတ်လပ်ရေး၊ တန်းတူရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်မူတွေ အကောင်အထည်ဖော်အောင် ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန် ချမှတ်ခဲ့ကြပါတယ်။ ကျားခေါင်းပါတီ မဲဆွယ်စည်းရုံးရေး ခရီးစဉ်မှာ ပြည်သူတွေ သိသင့်သိထိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲတွေကိုလည်း ကျင်းပနေပါတယ်။ ကျားခေါင်းပါတီ (ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်) ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မြန်မာတနိုင်ငံလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးရင် ဒုတိယအနိုင်ရရှိခဲ့တဲ့ ပါတီဖြစ်ပြီး နိုင်ငံရေးပြဿ     နာကြောင့် ပါတီခေါင်းဆောင်တချို့ နှစ်ရှည် ထောင်ချခံခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီး ပါတီမှတ်ပုံပြန်တင်ခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ အမျိုးသားလွှတ်တော် ၁၄ နေရာ၊ ပြည်သူ့လွှတ်တော် ၄၈ နေရာ၊ ပြည်နယ်လွှတ်တော် ၉၄ နေရာ၊ တိုင်းရင်းသားဝန်ကြီး ၂ နေရာ စုစုပေါင်း ၁၅၈ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
6 years Ago
Up