ဥရောပသမဂ္ဂ

July 28, 2021

ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး မြန်မာကို အီးယူက ယူရို ၂ သန်း ကူညီမည်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုတွေ အလျင်အမြန်တိုးပွားလာမှုကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပကော်မရှင်ဟာ ရောဂါကူးစက်မှုကို တိုက်ဖျက်ဖို့ ကူညီလုပ်ဆောင်ဖို့ အရေးပေါ်အကူအညီ ယူရို ၂ သန်းကို စီစဉ်ထားပါတယ်။

အကျပ်အတည်းများ စီမံခန့်ခွဲမှုကော်မရှင်နာ ရာနက်ဇ်လေးနာချီက “အီးယူဟာ ဒီခက်ခဲတဲ့အချိန်မှာ မြန်မာပြည်သူတွေနဲ့အတူ စည်းလုံးညီညွတ်စွာ ရပ်တည်နေတယ်လို့ ပြောပါတယ်။ တိုင်းပြည်ထဲက ပြိုအက်နေတဲ့ ကျန်းမာရေးစနစ်ရဲ့ စိန်ခေါ်မှုတွေမှာ ဒီရန်ပုံငွေနဲ့အတူ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို ကုသရာမှာ အထောက်အကူပြုဖို့ အီးယူက ကူညီပေးနေမယ်လို့လည်း ဆိုပါတယ်။ စစ်အုပ်စုက အာဏာသိမ်းပြီးချိန်ကစပြီး မြန်မာပြည်သူတွေဟာ အနှံ့အပြား အကြမ်းဖက်မှုတွေကို ဆက်လက်ခံစားနေကြရပြီး ကျန်းမာရေးကဏ္ဍကို ပိုမိုပစ်မှတ်ထားခံနေရတဲ့ အပေါ် အကြီးအကျယ် စိုးရိမ်ပူပန်မိတယ်” လို့ ပြောပါတယ်။

အီးယူအနေနဲ့ ဒီတိုက်ခိုက်မှုတွေကို ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လေးစားတဲ့အနေနဲ့ ဆေးဘက်ဆိုင်ရာ လုပ်သားများကို ကာကွယ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ လူတွေကို ကယ်ဆယ်ပေးဖို့ သူတို့ရဲ့အသက်တွေကို စွန့်စားလုပ်ဆောင်နေရပြီး သူတို့ရဲ့အလုပ်ကို ဘေးအန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်စေရမှာ ဖြစ်ပြီးတော့ ဆေးဘက်ဆိုင်ရာအဆောက်အဦတွေဆီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိနိုင်စေဖို့အတွက်လည်း အာမခံချက်ပေးသင့်တယ်လို့ ဆိုပါတယ်။ 

အီးယူဟာ မြန်မာနိုင်ငံရှိ အားနည်းချက်ရှိသူတွေကို ဆက်လက်ထောက်ပံ့နေတယ်လို့လည်း ဆိုပါတယ်။

ဥရောပသမဂ္ဂဟာ အခုကြေညာလိုက်တဲ့ ရန်ပုံငွေအပြင် ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရှိ အိုးအိမ်စွန့်ခွာ တိမ်းရှောင်သူတွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လူသားချင်းစာနာမှုအကူအညီအဖြစ် ယူရို ၂၀ ဒသမ ၅ သန်းကို ခွဲဝေချပေးထားပါတယ်။

18 hours Ago

June 26, 2021

ရုရှားနှင့်အစည်းအဝေးကျင်းပရန် ဥရောပသမဂ္ဂခေါင်းဆောင်အချို့ သဘောမတူ

ဥရောပသမဂ္ဂခေါင်းဆောင်တွေဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မကြာခင် ထိပ်သီး အစည်းအဝေးကျင်းပဖို့ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ အဆိုပြုချက်ဟာ သဘောတူညီမှု မရခဲ့ပါဘူး။

ဒါဟာ အရှေ့ - အနောက် ဆက်ဆံရေး ယိုယွင်းလာတာကြောင့် သတင်းစကားအမှားတွေကို ပေးပို့လိမ့်မယ်လို့ ပိုလန်နဲ့ ဘောလ်တစ်နိုင်ငံတွေ ပြောကြားပြီးနောက်မှာ သဘောတူညီချက်ရဖို့ မအောင်မြင်ခဲ့ရတာ ဖြစ်ပါတယ်။ 

ယူအက်စ်သမ္မတဂျိုးဘိုင်ဒန်ဟာ ဇွန် ၁၆ ရက်က ဂျနီဗာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ ပြင်သစ်သမ္မတ Emmanuel Macron က ၂၀၁၄ ဇန်နဝါရီလကတည်းက ပူတင်နဲ့ပထမဆုံး EU ထိပ်သီးအစည်းအဝေးဟာ ကျနော်တို့ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ တွေ့ဆုံဆွေးနွေးရေးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

သူက ဥရောပသမဂ္ဂ-အီးယူဟာ ရုရှားနဲ့ သံတမန်ရေးရာမှာ တုံ့ပြန်မှု ရှိရုံသက်သက် မဟုတ်ဘူးလို့လည်း ဆိုပါတယ်။ 

ဒါပေမယ့် ဘရပ်ဆဲလ်မှာကျင်းပတဲ့ သန်းခေါင်ယံအစည်းအဝေးမှာ ဆွေးနွေးချက်တွေ အပြီးမှာတော့ အီးယူခေါင်းဆောင် ၂၇ ယောက်တို့ဟာ သဘောတူညီမှု မရရှိခဲ့ဘူးလို့ ဂျာမန်အဓိပတိ အန်ဂယ်လာမာကဲလ်က ဇွန် ၂၅ ရက်မှာ ပြောပါတယ်။ 

ရုရှားနဲ့ဆက်ဆံရေးဟာ အလွန်ကို အသေးစိတ်ပြီး လွယ်ကူတဲ့ဆွေးနွေးမှုတော့ မဟုတ်ဘူး လို့လည်း ဆိုပါတယ်။

 ရုရှားနဲ့ ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်လိုတဲ့ အခြေအနေအောက်မှာ ကြိုတင်သတ်မှတ်ထားတဲ့လိုအပ်ချက်တွေကို ပြန်သတ်မှတ်ရမှာဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။ 

အခုခါ ဆွေးနွေးမှုတွေမှာ ပါဝင်နိုင်မယ့် ပုံစံချမှုတွေနဲ့ အခြေအနေတွေကို လေ့လာဆောင်ရွက်နေတယ်လို့ မာကဲလ်က ပြောပါတယ်။

 ပုဂ္ဂိုလ်ရေးအရပြောရရင် ဒီထက် နဲနဲပိုခက်ခဲတဲ့အပိုင်းကို ရှေ့ဆက်လုပ်သွားချင်ပေမဲ့ လောလောဆယ် ဒီအတိုင်း အခြေအနေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ 

၂၀၁၄ ခုနှစ် မတ်လက ယူကရိန်းရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို မော်စကိုကနေ သိမ်းပိုက်ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့ပြီးနောက်မှာ  ရုရှားနဲ့ အီးယူထိပ်သီးအစည်းအဝေးတွေလည်း အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။ 

1 month Ago
More News
Up