ဥပဒေကြမ်း

January 25, 2019

အမေရိကန်အစိုးရ လုပ်ငန်းများ ပြန်စတင်ရေး ဥပဒေကြမ်းနှစ်ခု မဲခွဲရာတွင် ရှုံးနိမ့်

အမေရိကန်အစိုးရလုပ်ငန်းတွေ ပြန်လည်စတင်ရေး ဥပဒေကြမ်းနှစ်ခုကို ဇန်နဝါရီ ၂၄ ရက်နေ့က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ လိုအပ်တဲ့ မဲအရေအတွက် မရဘဲ  ရှုံးနိမ့်ခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့် ထောက်ခံတဲ့ ဥပဒေကြမ်းနဲ့ ဒီမိုကရက် အမတ်တဦးတို့ တင်သွင်းတဲ့ သီးခြားဥပဒေကြမ်းတို့ဟာ ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၄ မဲနဲ့ လိုအပ်တဲ့ မဲအရေအတွက် ငါးပုံသုံးပုံမရဘဲ ရှုံးနိမ့်ခဲ့တာပါ။ သမ္မတ ထရမ့်ရဲ့ တံတိုင်းတည်ဆောက်ရေးရန်ပုံငွေ မပါဘဲ အစိုးရအေဂျင်စီတွေ အခိုက်အတန့် ပြန်ဖွင့်ရေး ဥပဒေကြမ်းကို ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် အများအပြားနဲ့ ဒီမိုကရက်တွေက ထောက်ခံခဲ့ပါတယ်။ အဲဒီလို ထောက်ခံတဲ့အထဲမှာ အသစ်စက်စက် ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် မစ်ရွမ်နေးလည်း ပါဝင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ထရမ့်ရဲ့ ဒေါ်လာ ၅.၇ ဘီလျံ ကုန်ကျမယ့် နယ်စပ်တံတိုင်း တည်ဆောက်ရေး  ရန်ပုံငွေ တောင်းဆိုချက်ကို ဒီမိုကရက်တွေ ကန့်ကွက်ရာကနေ အမေရိကန် သမိုင်းမှာ အရှည်ကြာဆုံး အစိုးရလုပ်ငန်းရပ်ဆိုင်းမှု ဖြစ်ပေါ်နေတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago

January 4, 2019

အမေရိကန်အစိုးရယန္တရား ရပ်တန့်မှု တစိတ်တပိုင်း အဆုံးသတ်စေမည့် ဥပဒေကြမ်း ပြဋ္ဌာန်း

ဒီမိုကရက်တွေ ကြီးစိုးတဲ့ အမေရိကန် အောက်လွှတ်တော်သစ်က အစိုးရယန္တရား ရပ်တန့်တာကို တစိတ်တပိုင်း အဆုံးသတ်စေမယ့် ဥပဒေကြမ်းတွေကို ဇန်နဝါရီ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကြမ်းတွေမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်-မက္ကဆီကို တံတိုင်းတည်ဆောက်ရေးအတွက် ရန်ပုံငွေ မပါဝင်တာကြောင့် သမ္မတ ထရမ့်က လက်မှတ်မထိုးဘူးလို့ ပြောထားပါတယ်။ သမ္မတ ထရမ့်ရဲ့ ဗီတိုအာဏာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာကြောင့် အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်က အထက်လွှတ်တော်ဟာ အောက်လွှတ်တော်ရဲ့ အဆိုပြုချက်ကို အချိန်ကုန်ခံ သဘောတူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအတွက် ဥပဒေပြုအမတ်တွေနဲ့ အိမ်ဖြူတော်အကြား တံတိုင်းတည်ဆောက်ရေးနဲ့ ပတ်သက်လို့ ထွက်ပေါက်တွေ့မယ့် အခြေအနေမရှိ ဖြစ်သွားပါတယ်။ အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြမ်းတွေအရ နိုင်ငံခြားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ အလုပ်သမား၊ ဘဏ္ဍာရေးနဲ့ တခြားအေဂျင်စီတွေကို လက်ရှိ ဘဏ္ဍာရေးနှစ်ကုန် စက်တင်ဘာ ၃၀ ရက်နေ့အထိ ရန်ပုံငွေ ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
More News
Up