အေးမြသာယာနယ်မြေရဲစခန်း

December 7, 2020

အုတ်ဖို အေးမြသာယာနယ်မြေရဲစခန်းဝင်းတွင် ကိုဗစ်ကူးစက်ခံရသူ ရဲတပ်ဖွဲ့ဝင် ၉ ဦးရှိလာ

အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရတာကြောင့် စုစုပေါင်း ကူးစက်ခံရသူ ရဲတပ်ဖွဲ့ဝင် ၉ ဦးရှိလာပြီလို့ သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါဝင် ၃၁ ဦးအား RDT Test Kit နဲ့ စစ်ဆေးရာမှာ ရဲတပ်ဖွဲ့ဝင်အမျိုးသမီး ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အခုပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင်အမျိုးသမီးဟာ အရင်က စခန်းအတွင်းရှိ အတည်ပြုလူနာတွေနဲ့ ထိ‌တွေ့မှုရှိတာကြောင့် နိုဝင်ဘာ ၂၉ ရက်နေ့က RDT Test kit နဲ့ စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိဘဲ ဒီနေ့အနံ့မရ‌‌တော့တဲ့အတွက် စစ်ဆေးရာ ရောဂါပိုး တွေ့ရှိခဲ့တာလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးအေးမင်းထွန်းက ပြောပါတယ်။ အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦး နိုဝင်ဘာ ၁၈ ရက်နေ့က ပိုးတွေ့ခဲ့တာကြောင့် ရဲစခန်းအား နိုဝင်ဘာလ ၁၉ ရက်နေ့ကတည်းက လော့ဒေါင်းချထားတာပါ။  ဒီနေ့ထိ အေးမြသာယာနယ်မြေရဲစခန်းဝန်းအတွင်းမှာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ အချုပ်သား ၃ ဦးနဲ့ မိသားစုဝင် ၁ ဦးတို့ ရှိပြီလို့ သိရပါတယ်။ အုတ်ဖိုမြို့နယ်မှာ RDT Test Kit နဲ့ စစ်ဆေးရာမှာ ရောဂါပိုးမတွေ့ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပါအဝင် ၆၃ ဦးအား ဓာတ်ခွဲနမူနာယူပြီး ရန်ကုန်အမျိုးသားဓာတ်ခွဲဌာနကို ပို့ဆောင်ထားတယ်လို့ ဦးအေးမင်းထွန်းကပြောပါတယ်။ အုတ်ဖိုမြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်နေ့ ညနေအထိ အတည်ပြုလူနာ ၁၃၁ ဦးထိ ရှိလာပြီး ဆေးရုံဆင်းခွင့်ရရှိသူ၁၀၅ ဦးနဲ့ ဆေးကုသပေးနေသူ ၂၆ ဦးရှိတယ်လို့ သိရပါတယ်။ သက်နိုင်ဝင်း
5 months Ago
Up