အောင်ပွဲခံမှု

September 13, 2020

လီဗာပူးတိုက်စစ်မှူးဆာလက် အောင်ပွဲခံမှု၏နောက်ကွယ်က ဖြစ်ရပ်

လီဗာပူး တိုက်စစ်မှူး မိုဟာမက်ဆာလက်ဟာ လိဒ်အသင်းဘက်ကို နောက်ဆုံး အနိုင်ဂိုး သွင်းယူခဲ့ပြီးတဲ့နောက်မှာ အယ်လ်အာလီအသင်းရဲ့ ကွင်းလယ်လူ မိုမန်ဇာကာရီယာကို ဂုဏ်ပြုကာ အောင်ပွဲခံခဲ့ပါတယ်။ ဆာလက်ဟာ ဒီပွဲမှာ လီဗာပူးအသင်းအတွက် နောက်ကျအနိုင်ဂိုးကို ပွဲချိန် ၈၈ မိနစ်မှာ ပင်နယ်တီကသွင်းယူခဲ့တာဖြစ်ပြီး ဒါဟာ သူ့အတွက် ဟက်ထရစ်ဖြစ်စေမယ့် ဂိုးလည်း ဖြစ်ပါတယ်။ ဒီဂိုးသွင်းယူအပြီးမှာ ဆာလက်ဟာ လက်ကို နားရွက်တွေနောက်ထားကာ လျှာထုတ်တဲ့ ပုံစံမျိုးနဲ့ အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ဆာကာရီရဲ့ ဂိုးသွင်းအပြီး အောင်ပွဲခံတဲ့ပုံစံမျိုးလည်း ဖြစ်ပါတယ်။ ဇာကာရီဟာ ဦးနှောက်နဲ့ ကျောရိုးမှာရှိတဲ့ အာရုံကြောတွေကို ပျက်စီးစေတဲ့ ALS လို့ခေါ်တဲ့ ရောဂါကို ပြီးခဲ့တဲ့လမှာ ခံစားခဲ့ရတာကြောင့် ဘောလုံးကစားလို့မရတော့သူ ဖြစ်ပါတယ်။  အသက် ၃၂ နှစ်အရွယ် ဇာကာရီဟာ အယ်အာလီအသင်းကို အီဂျစ် ပရီးမီးယားလိဂ်ပြိုင်ဘက် ဇာမာလတ် အသင်းကနေ ၂၀၁၅ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက ဘောလုံးမကစားနိုင်တော့သူ ဖြစ်ပါတယ်။  ဇာကာရီဟာ အီဂျစ်လက်ရွေးစင်ကစားသမားတစ်ဦး ဖြစ်ပြီး ဆာလက်နဲ့အတူ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေမှာ နိုင်ငံအသင်းအတွက် ကစားခဲ့သူ ဖြစ်ပါတယ်။ လီဗာပူး တိုက်စစ်မှူး ဆာလက်ဟာ သူ့ရဲ့ကစားဖော်ဟောင်းကို ထောက်ခံအားပေးမှုတစ်ခု အဖြစ် ဇာကာရီရဲ့ပုံစံအတိုင်း အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။ ဆာလက်နည်းတူ ဇာကာရီရဲ့ အယ်အာလီ အသင်းက ကစားဖော်တွေကလည်း ကွင်းလယ်ကစားသမားကို ထောက်ခံ အားပေးကြောင်း ပြသခဲ့ပြီး ဇာကာရီကလည်း ဒီလုပ်ရပ်အတွက် ကျေးဇူးတင်ကြောင်း ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဆာလလ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတင် ၃ ဂိုးသွင်းယူကာ သူ့ရဲ့ဂိုးသွင်းခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သူ ဖြစ်ပါတယ်။
8 months Ago

March 13, 2020

နေမာနှင့် ပီအက်စ်ဂျီအသင်းသားများ၏ အောင်ပွဲခံမှုပုံစံ နောက်ကွယ်က ဖြစ်ရပ်မှန်ထွက်ပေါ်လာ

လူပြောများခဲ့တဲ့ နေမာနဲ့ ပီအက်စ်ဂျီ အသင်းသားတွေရဲ့ အောင်ပွဲခံမှုပုံစံနဲ့ပတ်သက်တဲ့ နောက်ကွယ်က အကြောင်းတရားတွေကို Goal သတင်းမှာ ရေးသားဖော်ပြထားပါတယ်။  ပဲရစ်မြေမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ တယောက်လျော့ ဒေါ့မွန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ကစားကာ နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။  ပထမအကျော့ရှုံးကြွေးကို ဆပ်နိုင်ဖို့အတွက် နေမာက ၂၈ မိနစ်  မှာ အိမ်ရှင်အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။  အဲ့ဒီနောက်မှာ ဘရာဇီးတိုက်စစ်မှူးက  တရားထိုင်တဲ့ပုံစံနဲ့ အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဒေါ့မွန်အသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး အာလင် ဟာလန်းရဲ့အောင်ပွဲခံမှုပုံစံကို လိုက်လံတုပပြီး လှောင်ပြောင်သရော်ခဲ့တာလည်း ဖြစ်ပါတယ်။  ပီအက်စ်ဂျီအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ဂျူအန်ဘားနတ်က ပထမပိုင်းမပြီးဆုံးခင်မှာ သွင်းယူခဲ့တာဖြစ်ပြီး ပွဲပြီးဆုံးချိန်မှာလည်း ပီအက်စ်ဂျီအသင်းသားတွေဟာ နေမာစတိုင်အတိုင်း လိုက်ပြုလုပ်ကာ ထပ်မံအောင်ပွဲခံခဲ့ပါတယ်။  ဒါဟာ ပြိုင်ဘက်အသင်းရဲ့တိုက်စစ်မှူး ဟာလန်းကို သိသိသာသာ လှောင်ပြောင်တဲ့ အောင်ပွဲခံမှုပုံစံ ဖြစ်ပြီးတော့ ဒီဖြစ်ရပ်တွေကြောင့် ပီအက်စ်ဂျီ ကစားသမားတွေဟာ ၁၉ နှစ်အရွယ် ဟာလန်းကို ဘာလို့  လှောင်ပြောင်ခဲ့တာလဲဆိုတာ နားမလည်နိုင်ဘူးဆိုတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေဟာလည်း ထွက်ပေါ်လာခဲ့ပါတယ်။  ဒါပေမယ့် နောက်ပိုင်းမှာမှ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အကြောင်းစုံကိုသိခဲ့ရတာဖြစ်ပြီး ပီအက်စ်ဂျီ  ကစားသမားတွေရဲ့ အောင်ပွဲခံမှုနောက်ကွယ်မှာ ခံပြင်းမှုတွေရှိနေတယ်ဆိုတာကို သိခဲ့ရပါတယ်။  ဒီဖြစ်ရပ်တွေဟာ ဓာတ်ပုံတပုံကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံမှာ ဟာလန်းဟာ “ပဲရစ်ဟာ ငါ့မြို့ မင်းတို့နဲ့မဆိုင်ဘူး” လို့ ရေးသားထားပါတယ်။ ဒီဓာတ်ပုံကို ဟာလန်းကိုယ်တိုင် တင်ခဲ့သလား ဒါမှမဟုတ် တတိယ ကြားပုဂ္ဂိုလ်တဦးဦးက တင်ခဲ့သလားဆိုတာ မသိရပေမယ့် ဓာတ်ပုံကို ဟာလန်းရဲ့ snapchat မှာ မြင်တွေ့ခဲ့ရပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာလည်း တော်တော်လေးပျံ့နှံ့သွားခဲ့ပါတယ်။  ဒီဓာတ်ပုံကို တုံ့ပြန်တဲ့အနေနဲ့ နေမာက သူရဲ့တရားထိုင်တဲ့ပုံစံ အောင်ပွဲခံမှုဓာတ်ပုံနဲ့အတူ “ပဲရစ်ဟာ ငါ့တို့မြို့၊ မင်းတို့နဲ့မဆိုင်ဘူး” လို့ ပြန်တင်ခဲ့ပါတယ်။  ဒီပွဲအနိုင်ရလဒ်ကြောင့် ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ကွာတားအဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး ဒေါ့မွန်အသင်းကတော့ ချန်ပီယံလိဂ်မျှော်လင့်ချက်ကုန်ဆုံးသွား ပြီဖြစ်တာကြောင့် ပြည်တွင်းအမှတ်ပေးပွဲကို ပိုမိုအာရုံစိုက်ရတော့မှာဖြစ်ပါတယ်။  ဒီပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ပရိသတ်မပါဘဲ ကစားခဲ့ရတာလည်း ဖြစ်ပါတယ်။   
1 year Ago
Up