အောင်ပွဲခံ

November 10, 2020

မန္တလေးမြို့တွင် အန်အယ်လ်ဒီ ဝန်းရံသူများ အောင်ပွဲခံ (ဓာတ်ပုံ)

မန္တလေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းရုံးရှေ့မှာ  မနေ့ညပိုင်းက စကာ လူထောင် နဲ့ချီစုဝေးကာ အောင်ပွဲခံခဲ့ကြသလို မန္တလေးမြို့ နေရာ အနှံ့အပြားမှာလည်း စတုဒီသာ ကျွေးမွေး အင်အားပြလှည့်လည်တာတွေကို ပါတီ  ဝန်းရံထောက်ခံတဲ့ ပြည်သူတွေက ပြုလုပ်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၂၀  အထွေထွေရွေးကောက်ပွဲမှာ မန္တလေးတိုင်းအတွင်းရှိ နေရာ အားလုံးတွင် အနိုင်ရရှိတယ်လို့ ကနဦးမဲရလဒ်တွေထွက်လာပြီး နောက် ခုလိုအောင်ပွဲခံနေကြတာပါ။ မန္တလေးမြို့ရဲ့ လမ်းတွေနဲ့ ကျုံးပတ်လည်တစ်လျှောက်မှာရော၊ ၆၂ လမ်း၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြားက အန်အယ်လ်ဒီပါတီ တိုင်းရုံးရှေ့မှာပါ လူထောင်ချီ စုရုံး လှည့်လည်နေကြတာဖြစ်ပါတယ်။  ရွေးကောက်ပွဲနေ့ နိုဝင်ဘာလ ၈ ရက်နေ့ ညကလည်း ပါတီထောက်ခံသူတွေဟာ ပါတီတိုင်းရုံးရှေ့မှာ လာရောက်စုရုံးပြီး အောင်ပွဲခံနေခဲ့ကြပါတယ်။ ဝန်းရံသူတွေဟာ မော်တော်ယာဉ်တွေ၊ဆိုင်ကယ်တွေနဲ့ စက်ဘီးတွေမှာ အင်န်အယ်လ်ဒီပါတီ အလံတွေစိုက်ထူလွှင့်ထားကာ ပါတီအောင်နိုင်ရေးသီချင်းတွေဖွင့်ပြီး မန္တလေးမြို့အတွင်း လှည့်ပတ်သွားလာနေကြတာလည်း ဖြစ်ပါတယ်။  ဒီကနေ့ညမှာတော့ လမ်းပေါ်ထွက်လာတဲ့ ပါတီထောက်ခံသူတွေဟာ ရွေးကောက်ပွဲပြီးဆုံးတဲ့ ညထက် အဆမတန်များပြားလာတာကိုလည်း တွေ့ရပါတယ်။ ကိုဗစ်ကာလဖြစ်တာကြောင့် လူစုလူဝေးမလုပ်ကြ‌ဖို့ကိုလည်း လက်ရှိဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နိုဝင်ဘာလ ၈ ရက်နေ့ ညကတည်းက မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။  မန္တလေးမြို့မှာတော့ Stay at home မြို့နယ် သုံးခုရှိပြီး ည ဆယ့်နှစ်နာရီကနေ မနက်လေးနာရီအထိ ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။ မန္တလေးတိုင်းအတွင်း မဲဆန္ဒနယ် အားလုံးနီးပါးမှာ အန်အယ်လ်ဒီ ပါတီက အနိုင်ရရှိထားပြီဖြစ်တယ်လို့ ပါတီတိုင်းရုံးကနေ သိရှိရပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ တရားဝင်ထုတ်ပြန်ခြင်းတော့ မရှိသေးပါဘူး။ တရားဝင်မဲရလဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပြီးမှသာ အတည်ပြုလို့ရမှာဖြစ်ပါတယ်။  သတင်း- ထိန်ထိန်လင်း Photo - ထိန်ထိန်လင်း /  Kaung Zaw Hein ၊ Myo Thiha Kyaw / MPA
6 months Ago

မိုးကုတ်မြို့တွင် NLD ပါတီထောက်ခံသူ အများအပြား အောင်ပွဲခံ (ဓာတ်ပုံ)

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်မှာ အန်အယ်လ်ဒီပါတီ ဝန်းရံထောက်ခံသူတွေက နိုဝင်ဘာ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင်လောက်က ရုံးချုပ်ရှေ့မှာ အောင်ပွဲခဲ့ကြပါတယ်။ အန်အယ်လ်ဒီ အောင်ပွဲအတွက် မီးပုံးလွှတ်တာ၊ မီးရှူးမီးပန်းတွေ ဖောက်ခဲ့ကြပြီး ည ၈ နာရီခွဲလောက်မှာ လူစုကွဲသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။ မိုးကုတ်မြို့နယ်မှာ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ပါတီ ၈ ပါတီ၊ ကိုယ်စားလှယ်လောင်း ၂၆ ယောက်ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ သတင်း - ဟန်နာထက်အောင်
6 months Ago

November 9, 2020

ခါရာဘတ်ဒေသ အကြီးဆုံးမြို့ကို သိမ်းပိုက်နိုင်ခဲ့သဖြင့် အဇာဘိုင်ဂျန်နိုင်ငံသားများ အောင်ပွဲခံ

အဇာဘိုင်ဂျန်စစ်တပ်က နာဂေါ်နို ခါရာဘတ်ဒေသရဲ့ ဒုတိယအကြီးဆုံးမြို့ ရှုရှကို သိမ်းပိုက်လိုက်ပြီလို့ အဇာဘိုင်ဂျန် သမ္မတက နိုဝင်ဘာ ၈ ရက်မှာ ပြောလိုက်လို့ နိုင်ငံသားတွေ မြို့တော် တခုရဲ့ လမ်းတွေ ပေါ် ထွက်ပြီး အောင်ပွဲခံနေကြပါတယ်။  အာမေးနီးယားအရာရှိတွေကတော့ မြို့ အသိမ်းခံရတာ မဟုတ်ဘူးလို့ ငြင်းပါတယ်။ အာမေးနီးယား လူမျိုးတွေက ရှုရှိလို့ ခေါ်တဲ့ ရှုရှ မြို့ဟာ ယဉ်ကျေးမှုနဲ့ ဗျူဟာအရ အရေးပါ တဲ့ နေရာဖြစ်လို့ အဇာဘိုင်ဂျန်ရော အာမေးနီးယားပါ ၂ နိုင်ငံလုံးအတွက် အရေးကြီးပါတယ်။  နာဂေါ်နို ခါရာဘတ်ရဲ့ အကြီးဆုံးမြို့ စတေပါနာကာ့တ်ရဲ့ တောင်ဘက် ၉ မိုင်အကွာမှာ ရှိပါတယ်။  နာဂေါ်နို ခါရာဘတ်ဒေသတွင်းနဲ့ အနီးဝန်းကျင်မှာ သီတင်းပတ် ၆ ပတ်ကြာ တိုက်ပွဲတွေ ကြောင့် လူ အယောက် ၁၀၀၀ထက်မနည်း သေဆုံးခဲ့ပါတယ်။  တောင်ထူတဲ့ ဒီဒေသကို အဇာဘိုင်ဂျန် နိုင်ငံအပိုင်လို့ နိုင်ငံတကာက သတ်မှတ်ထားပေမဲ့ ဒေသခံ တိုင်းရင်းသားတွေက အာမေးနီးယန်းလူမျိုးတွေဖြစ်ပြီး သူတို့ပဲ ဒီဒေသကို ထိန်းချုပ်ထား တာပါ။  ဒေသခံကယ်ဆယ်ရေးအဖွဲ့နဲ့ အရာရှိတွေ အာမေးနီးယားကာကွယ်ရေးဝန်ကြီးတို့ကတော့ အဇာဘိုင်ဂျန်သမ္မတရဲ့ စကားကို ပယ်ချပါတယ်။  အကြီးအကျယ် ပျက်စီးခဲ့ပေမဲ့ ခံတပ်မြို့ဟာ တိုက်ခိုက်မှုတွေရဲ့ ထိုးနှက်ချက်တွေကို ကြံ့ကြံ့ခံနေဆဲပဲလို့လည်း ပြောပါတယ်။   ဗျူဟာမြောက် ခံတပ်မြို့အတွက် တိုက်ပွဲတွေ အကြီးအကျယ် ဆက်ဖြစ်နေတုန်းပဲလို့ အာမေးနီးယားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။  ဒေသခံကာကွယ်ရေးတပ်ကလည်း အဇာဘိုင်ဂျန်တပ်တွေရဲ့ အကြိမ်ပေါင်းများစွာ ကြိုးစား လာတဲ့ထိုးစစ်ကို တွန်းလှန်ခဲ့ပြီးပြီလို့ ပြောပါတယ်။  တူရကီသမ္မတ တေယစ် အာဒိုဂံကလည်း အဇာဘိုင်ဂျန်ညီအကိုတွေကို ချီးကျူးဂုဏ်ပြုပြီး ဒါဟာ ကျန်ရှိနေသေးတဲ့ သိမ်းပိုက်ခံမြေတွေ မကြာခင် လွတ်မြောက်တော့မယ့် လက္ခဏာပဲလို့ တူရကီအနောက်မြောက် ပိုင်းပြည်နယ် ကိုကေးလီပြည်နယ်မှာ လူအုပ်ကို ပြောတဲ့မိန့်ခွန်းအတွင်း ပြောပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက ပဋိပက္ခ မတိုင်ခင် ဒီဒေသမှာ အဇာရီ တိုင်းရင်းသားတွေ လွှမ်းမိုးခဲ့ပြီး အဇာဘိုင်ဂျန် အတွက် သမိုင်းဝင် သိသာထင်ရှားတဲ့ နေရာ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အာမေးနီးယားတိုင်းရင်းသားတွေ လူများစု ဖြစ်လာပြီး အုပ်ချုပ်သူတွေလည်း  အာမေးနီးယား လူမျိုးတွေ ဖြစ်လာခဲ့ပါတယ်။ အာမေးနီးယားလူမျိုးတွေ အတွက် ရှုရှမြို့ဟာ ခါရာဘတ် ခရစ်ယာန် ဘုရားကျောင်းရှိရာ နေရာလည်း ဖြစ်ပါတယ်။  
6 months Ago

ချောက်မြို့နယ်တွင် အန်အယ်လ်ဒီလူငယ်များ အောင်ပွဲခံ လှည့်လည် (သတင်းဓာတ်ပုံ)

မကွေးတိုင်း ချောက်မြို့နယ်မှာ အန်အယ်လ်ဒီလူငယ်အဖွဲက “NLD ပါတီ အောင်လံခိုင်ပါပြီ” ခေါင်စဥ်းနဲ့ ဒီနေ့မနက် မြို့တွင်းလှည့်လည်မှု  ပြုလုပ်ခဲ့ပါတယ်။ ချောက်မြို့နယ်မှာ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စလှယ် ၄ ဦးလုံး အပြတ်အသတ် နိုင်သွားပြီလို့ ပါတီအောင်နိုင်ရေးအဖွဲ့ ထံကသိရပါတယ်။ ရွေးကောက်ပွဲရလဒ်တွေကိုတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှာ စာရင်းစိစစ်ဆဲဖြစ်လို့ ဒီကနေ့ လယ်ပိုင်းမှ ထုတ်ပြန်ပေးမယ်လို့ သိရပါတယ်။ ကိုလင်း(ချောက်)
6 months Ago
More News
Up