အေအေ ဖမ်းဆီး

February 9, 2020

ရမ်းဗြဲမြို့နယ် အန်အယ်လ်ဒီအလုပ်မှုဆောင် ဦးဇေယျာမင်းကို အေအေ ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အလုပ်အမှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၆ နာရီလောက်မှာ အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရမ်းဗြဲ အန်အယ်လ်ဒီက ပြောပါတယ်။ ရမ်းဗြဲမြိုနယ် အန်အယ်လ်ဒီ အလုပ်မှုဆောင် အတွင်းမှူး ဦးခင်ရီက  “အဲဒီမှာ ကျောက်ဆောက် ဆိုတဲ့ရွာနဲ့ ကုလားပုန်း ဆိုတဲ့ရွာကြားမှာ အဖမ်းခံရတာ။ သူတို့ညီအစ်ကို နှစ်ယောက်က အလုပ်ပြီးလို့ ရန်ကုန်-ကျောက်ဖြူ ကားလမ်းကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန်မှာ အေအေအဖွဲ့ကနေ ဖမ်းဆီးသွားတာပါ။ လက်နက်ကိုင်ထားတဲ့ လူ ၈ ယောက်နေ ဖမ်းဆီးသွားတာပါ။ သူတို့ ၈ ယောက်လုံးမှာလည်း ဆိုင်ကယ်နဲ့၊ အစ်ကိုဖြစ်သူကိုတော့ မဖမ်းဘူး၊ လွှတ်လိုက်တယ်။ ကိုဇေယျာမင်းကိုတော့ ဖမ်းဆီးသွားတာ” လို့ ပြောပါတယ်။ ဦးဇေယျာမင်းဟာ ကုလားပုန်းကျေးရွာမှာ သစ်စက်လုပ်ငန်း လုပ်ကိုင်နေသူတယောက် ဖြစ်ပြီး အေအေအဖွဲ့က အခုလို ဖမ်းဆီးသွားတဲ့အပေါ် ရဲစခန်းမှာ အမှုဖွင့်လှစ်မယ်လို့ ဦခင်ရီက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့မှာ သေနတ်ပါတယ်လေ။ အဲဒါကြောင့် ကျနော်တို့က အေအေလို့ ပြောတာပေါ့။ ကျနော်တို့နယ်မှာ အေးချမ်းတယ်လေ။ သေနတ်ကိုင်တယ် ဆိုတာလည်း အေအေပဲ ကိုင်မှာပေါ့။ အခု ကျနော်တို့ ကိုဇေယျာမင်း မိန်းမနဲ့ ရမ်းမြို့မရဲစခန်း ရောက်နေတယ်။ အမှုဖွင့်ဖို့ဆိုပြီးတော့ အခုလေးတင်ပဲ ရောက်နေကြပါတယ်။ မိန်းမဖြစ်သူကိုတော့ ရဲစစ်ဆေးချက် ယူနေပါတယ်။” မကြာခင်သေးခင်က ရမ်းဗြဲမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံပွဲ လုပ်ဆောင်ခဲ့တာကြောင့် ဦးဇေယျာမင်းကို  ဖမ်းဆီးခေါ်သွားတယ်လို့ ယူဆကြောင်း ဦးခင်ရီက ပြောပါတယ်။ ရမ်းဗြဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင်ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းကို အေအေအဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့နေရာဟာ ရမ်းဗြဲမြို့နယ်နဲ့ ၁၀ မိုင်လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။  အခုကိစ္စနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဒီဗွီဘီကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
1 year Ago

October 13, 2019

မြောက်ဦးမြို့အနီးတွင် မီးသတ်တပ်ဖွဲ့ဝင်များ အပါအဝင် ခရီးသည် ၃၁ ဦးကို အေအေ ဖမ်းဆီး

ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီးမှာ ရွှေပြည်သစ် ခရီးသည်တင် ယာဉ်တစီးပေါ်ကနေ မီးသတ်တပ်ဖွဲ့ဝင်တွေ အပါအဝင် ခရီးသည် ၃၁ ဦးကို အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ တပ်မတော်က ပြောပါတယ်။ မန္တလေးကနေ စစ်တွေကို ထွက်ခွာလာတဲ့ ရွှေပြည်သစ် ခရီးသည်ယာဉ်ကို အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီလောက် မြောက်ဦးမြို့ မြောက်ဘက် ကန်ကြီးကုန်း မိုင်တိုင် ၁၂၇ အရောက်မှာ အေအေအဖွဲ့ဝင် ၁၀ ယောက်လောက်က တားဆီးပြီး ဖမ်းဆီးသွားတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ “လက်နက်ကိုင် သောင်းကျန်းသူ ဆယ်ဦးကျော်လောက်က အရပ်ဝတ်နဲ့ တားဆီးပြီးတော့ ကားပေါ်မှာ ပါလာတဲ့ အခြေခံမီးသတ်သင်တန်းက ဆင်းလာတဲ့ သင်တန်းသား ၁၈ ယောက်၊ အရပ်သား ၁၂ ယောက်၊ ဒုမီးသတ်ဦးစီးမှူး ၁ ယောက်၊ စုစုပေါင်း ၃၁ ယောက်ကို ဖမ်းပြီး ခေါ်ဆောင်သွားတယ်။ အဲဒီရွှေပြည်သစ်ကားကတော့ မန္တလေးကနေ အောက်တိုဘာ ၁၀ ရက်နေ့ နေ့လယ် နှစ်နာရီထိုးမှ ထွက်လာတဲ့ကားဖြစ်တယ်။” ဖမ်းဆီးခေါ်ဆောင်ခံရသူတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လိုက်လံစုံစမ်းနေတယ်လို့ ဆိုပါတယ်။  “တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုက်လံစုံစမ်း ဆက်လက်ဆောင်ရွက်နေပါတယ်။ လုံခြုံရေးအနေနဲ့ကတော့ ကျနော်တို့ သုံးသပ်တာကတော့ ပလက်ဝဘက်မှာလည်း လူငယ်လူရွယ်တွေ ဖမ်းဆီးခံရတာတွေ ရှိတယ်။ သူတို့အနေနဲ့ကတော့ တပ်သားသစ် အတင်းဖမ်းဆီးခေါ်ဆောင် စုဆောင်းတဲ့သဘောမျိုး ဖြစ်နေတယ်။” အခုလို မီးသတ်တပ်ဖွဲ့ဝင်တွေအပါအဝင် လူ ၃၁ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး အေအေအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရသေးပါဘူး။ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ပြင်ဦးလွင်မြို့နယ် ဇီးကုန်းသင်တန်းကျောင်းမှာ မွမ်းမံသင်တန်းတက်ပြီး ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို ပြန်လာကြတာလို့ သိရပါတယ်။
2 years Ago
Up