အရှေ့တီမော

June 24, 2019

အင်ဒိုနီးရှားနှင့် အရှေ့တီမော ကမ်းရိုးတန်းများတွင် အင်အားပြင်း ငလျင်လှုပ်

အင်ဒိုနီးရှားနိုင်ငံနဲ့ အရှေ့တီမောနိုင်ငံတွေက ကမ်းရိုးတန်းတွေမှာ အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၅ ရှိတဲ့ ငလျင်တခု ဇွန်လ ၂၄ ရက်က လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်ဒဏ်ကို ဗဟိုချက်ကနေ ၄၃၅ မိုင်ဝေးတဲ့ သြစတြေးလျနိုင်ငံ မြောက်ပိုင်းက ဒါဝင်မြို့မှာပါ ခံစားခဲ့ရတာပါ။ ငလျင်ကြောင့်ဖြစ်တဲ့ အပျက်အစီးစာရင်းကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။ ဒါဝင်မြို့ခံ မျက်မြင်သက်သေတွေကတော့ မြေပြင်တုန်လှုပ်မှုကို ခံစားမိတယ်လို့ ပြောပါတယ်။ မြို့လယ်က လူတွေကတော့ အဆောက်အဦတွေ အပြင်ဘက်က ဘေးကင်းရာဆီကို ရှောင်တိမ်းခဲ့ကြရပါတယ်။ အစောပိုင်းက ငလျင်ဟာ ရစ်ခ်ျတာစကေး ၇ ဒသမ ၂ ရှိပြီး ပင်လယ်အောက် ၁၃၆ မိုင်အနက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာကို မှတ်တမ်းတင်ထားတယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာန USGS က ပြောပါတယ်။ ငလျင်က ကမ္ဘာ့အနက်ပိုင်းကို ဗဟိုပြုတာဖြစ်လို့ ဆူနာမီဘေးတော့ မရှိဘူးလို့ ဟာဝိုင်ယီအခြေစိုက် ပစိဖိတ် ဆူနာမီ သတိပေးရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
2 years Ago

March 23, 2019

မြန်မာအသင်းက အရှေ့တီမောကို ၇ ဂိုးပြတ် အနိုင်ရရှိ

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှ ယူ၂၃ ခြေစစ်ပွဲ အုပ်စု (အိုင်) ပွဲစဉ်မှာ မြန်မာလက်ရွေးစင်-ယူ ၂၃ အသင်းက အရှေ့တီမောကို ၇ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းမှာ ဂိုးသမား ဆန်းဆက်နိုင်၊ နေက်တန်းကစားသမားတွေအဖြစ် ၀င်းမိုးကျော်၊ ရဲရင့်အောင်၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ အလယ်တန်း ကစားသမားတွေအဖြစ် လွင်မိုးအောင်၊ မြတ်ကောင်းခန့်၊ ဇေယျာနိုင်၊ ဟိန်းထက်အောင်နဲ့  ရှေ့တန်းမှာတော့ ထက်ဖြိုးဝေနဲ့ ၀င်းနိုင်ထွန်းတို့ ပါဝင်ကစားခဲ့ကြပါတယ်။ မြန်မာအသင်းဟာ ပထမပိုင်း ပွဲချိန် ၄ မိနစ်နဲ့ ၅ မိနစ်တို့မှာ ဟိန်းထက်အောင်က နှစ်ဂိုးဆက် သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၄ မိနစ်မှာ မြတ်ကောင်းခန့်နဲ့ ပွဲချိန် ၄၅+၁ မိနစ်မှာ ၀င်းနိုင်ထွန်းတို့က ဂိုးတွေ ထပ်မံသွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ၄ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း မြန်မာအသင်းက ဆက်လက်ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၅၂ မိနစ်၊ ၆၂ နဲ့ ၆၄ မိနစ်တွေမှာ ဇေယျာနိုင်၊ ရဲမင်းသူ၊ ၀င်းနိုင်ထွန်းတို့က ၁ ဂိုးစီ ထပ်မံသွင်းယူခဲ့တာကြောင့် ပွဲအပြီး မြန်မာ့အသင်းဟာ ၇ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။ ခုလို တီမောအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့အပေါ် မြန်မာအသင်းနည်းပြ Velizar Popov က “ဒီနေ့ပွဲမှာ နောက်ထပ် ဂိုးထပ်ရနိုင်မယ့် အခွင့်အရေးတွေလည်း ရှိခဲ့ပါသေးတယ်။ ကစားသမားတွေအနေနဲ့ ဒီနေ့ပွဲကို အကောင်းဆုံးပုံစံနဲ့ ကစားသွားနိုင်ပါတယ်။ ဒီနေ့ ဂိုးရလဒ်နဲ့ပတ်သက်ပြီး ကျေနပ်ပါတယ်။ ဒါပေမယ့် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့ အပြည့်အ၀ မကြိုက်သေးပါဘူး။ နောက်ပွဲတွေမှာ ဒီထပ် ပိုကောင်းအောင် ကစားနိုင်ဖို့ လိုပါသေးတယ်” လို့   ပြောကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်သတင်းမှာ ဖော်ပြထားပါတယ်။ တီမော ယူ ၂၃ နည်းပြချုပ် Norio Tsukitate က “ဒီနေ့ပွဲနဲ့ ပတ်သက်ပြီး သုံးသပ်စကားပြောဖို့တောင် အားမရှိတော့ပါဘူး။ ကစားသမားအချို့ အမှားတွေ လုပ်ခဲ့တယ်။ ဂိုးတွေ ပေးလိုက်ရတယ်။ ဂိုးရတဲ့အသင်းက ပျော်ရွှင်ပြီး စိတ်အားတွေ တက်သွားတယ်။ ဂိုးပေးလိုက်ရတဲ့ အသင်းကတော့ စိတ်ဓာတ်ကျပြီး အားတွေ လျော့သွားတယ်။ အထူးသဖြင့် ပထမပိုင်း ၁၀ မိနစ်အတွင်းမှာ အမှားတွေ လုပ်ခဲ့တယ်။ ဒါက ဘောလုံးမှာ မြင်နေကြ၊ ဖြစ်နေကြတွေပါပဲ”  လို့ ပြောပါတယ်။ မြန်မာအသင်းနဲ့ တအုပ်စုတည်း မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှ ယူ၂၃ ခြေစစ်ပွဲ အုပ်စု (အိုင်) အစောပိုင်းပွဲစဉ်မှာတော့  ဂျပန်အသင်းက မကာအို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာရှ ယူ၂၃ ခြေစစ်ပွဲ အုပ်စု (အိုင်) ဒုတိယပွဲစဉ်တွေကို မတ်လ ၂၄ ရက်နေ့ ညနေ ၃ နာရီ အရှေ့တီမော နဲ့ ဂျပန်၊ ညနေ ၆ နာရီမှာ မြန်မာနဲ့မကာအို အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာပါ။
2 years Ago
Up