အမေရိကန်နှင့် ခပ်တန်းတန်းဆက်ဆံရန် သြစတြေးလျအား မြောက်ကိုရီးယား တိုက်တွန်း

October 20, 2017

အမေရိကန်နှင့် ခပ်တန်းတန်းဆက်ဆံရန် သြစတြေးလျအား မြောက်ကိုရီးယား တိုက်တွန်း

သြစတြေးလျနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးမှာ ခပ်တန်းတန်း အခြေအနေနဲ့သာ ဆက်ဆံဖို့ မြောက်ကိုရီးယားက တိုက်တွန်းပြောကြားလိုက်တယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဒီကနေ့ ဖော်ပြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆက်ဆံရေးမှာ ခပ်ကင်းကင်း အခြေအနေသာ ရှိစေလိုတဲ့အကြောင်း စာတစောင်ကို မြောက်ကိုရီးယားနိုင်ငံဘက်က ပေးပို့ခဲ့တာလို့ သြစတြေးလျအစိုးရက ပြောပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားကို ချေမှုန်းပစ်မယ်လို့ သမ္မတ ထရမ့်ရဲ့ သတိပေးကြေညာချက်ကို လူသိရှင်ကြား ရှုတ်ချလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာကို တခြားနိုင်ငံတွေကိုလည်း ပို့ခဲ့ပြီးဖြစ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘဲလ်က ပြောပါတယ်။ စာမျက်နှာတဖက်သာပါတဲ့ ဒီစာကို အင်ဒိုနီးရှားနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးမှတဆင့် ပေးပို့ခဲ့တာလို့ ဆိုပါတယ်။ မြောက်ကိုရီးယားအနေနဲ့ ဂျပန်၊ တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတွေဆီ နျူကလီးယား ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး တင်းမာလာတဲ့ အခြေအနေအပေါ် တာဝန်ရှိတယ်လို့ တန်းဘဲလ်က ဆိုပါတယ်။ “သူတို့(မြောက်ကိုရီးယား) ဟာ ဒီစာကို တခြားနိုင်ငံတွေ အများအပြားဆီ နှိုးဆော်စာသဘောမျိုး လှည့်ပတ်ပို့ခဲ့ပြီးဖြစ်မယ်။” ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း သြစတြေးလျအနေနဲ့ အမေရိကန်ရဲ့ မူဝါဒနောက် လိုက်ပါနေမယ်ဆိုရင်တော့ ကြုံလာရမယ့် အန္တရာယ်ကို ရှောင်နိုင်လိမ့်မယ် မဟုတ်ဘူးလို့ မြောက်ကိုရီးယားက သတိပေးပြောကြားခဲ့တာပါ။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက သူတို့ရဲ့ ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုနဲ့ ဂျပန်နိုင်ငံအပေါ်ဖြတ်ပြီး ဒုံးလက်နက်ပစ်လွှတ်မှုတွေ ပြုလုပ်ခဲ့တာပါ။ အမေရိကန်နိုင်ငံကတော့ စစ်ရေးအရ ခြိမ်းခြောက်မှုတွေအပေါ် တုံ့ပြန်ခဲ့ပြီး ထရမ့်အနေနဲ့ သံတမန်ဆက်ဆံရေးအရ တင်းမာမှုတွေအပေါ် ဖြေရှင်းသွားနိုင်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ပြောပါတယ်။
4 years Ago
Up