အမေရိကန်အောက်လွှတ်တော်

June 26, 2019

ရွှေ့ပြောင်းပြဿနာ ဖြေရှင်းရန် ဒေါ်လာ ၄ ဘီလျံခွဲ ကူညီရေး ဥပဒေကြမ်း ကန်အောက်လွှတ်တော် ခွင့်ပြု

အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက် ရွှေ့ပြောင်းလာသူတွေ မြင့်တက်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလျံ အကူအညီပေးရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က ဇွန်လ ၂၅ ရက်မှာ ခွင့်ပြုလိုက်ပါတယ်။ ပြည့်ကျပ်နေတဲ့ စခန်းတွေအတွင်း ကလေးငယ်တွေဟာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အဲဒီခွင့်ပြုငွေထဲမှာ ထိန်းသိမ်းထားတဲ့ ရွှေ့ပြောင်းလာသူတွေအတွက် ကောင်းမွန်တဲ့ ဝန်းကျင်သစ်တွေ ဖန်တီးရေးလည်း ပါဝင်ပါတယ်။ အဲဒီဥပဒေကြမ်းကို ဒီမိုကရက်တွေ ကြီးစိုးတဲ့ အောက်လွှတ်တော်က ထောက်ခံမဲ ၂၃၀ ကန့်ကွက်မဲ ၁၉၅ မဲနဲ့ အတည်ပြုခဲ့တာပါ။ ဒါပေမယ့် ဥပဒေကြမ်း အနာဂတ်က မရေရာလှပါဘူး။ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်က သူတို့ကိုယ်ပိုင် ဥပဒေကြမ်း ပြုစုနေပြီး သမ္မတ ထရမ့်ကလည်း အောက်လွှတ်တော် ဥပဒေကြမ်းကို ပယ်ချမယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။ အိမ်ဖြူတော် တာဝန်ရှိသူတွေက အောက်လွှတ်တော် ဥပဒေကြမ်းဟာ အစိုးရရဲ့ နယ်စပ်လုံခြုံရေး ကြိုးပမ်းမှုတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောခဲ့ပါတယ်။
2 years Ago

January 4, 2019

အမေရိကန်အစိုးရယန္တရား ရပ်တန့်မှု တစိတ်တပိုင်း အဆုံးသတ်စေမည့် ဥပဒေကြမ်း ပြဋ္ဌာန်း

ဒီမိုကရက်တွေ ကြီးစိုးတဲ့ အမေရိကန် အောက်လွှတ်တော်သစ်က အစိုးရယန္တရား ရပ်တန့်တာကို တစိတ်တပိုင်း အဆုံးသတ်စေမယ့် ဥပဒေကြမ်းတွေကို ဇန်နဝါရီ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။ အဲဒီဥပဒေကြမ်းတွေမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်-မက္ကဆီကို တံတိုင်းတည်ဆောက်ရေးအတွက် ရန်ပုံငွေ မပါဝင်တာကြောင့် သမ္မတ ထရမ့်က လက်မှတ်မထိုးဘူးလို့ ပြောထားပါတယ်။ သမ္မတ ထရမ့်ရဲ့ ဗီတိုအာဏာ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရတာကြောင့် အထက်လွှတ်တော် လူများစုခေါင်းဆောင် မစ်ခ်ျမက်ကော်နယ်က အထက်လွှတ်တော်ဟာ အောက်လွှတ်တော်ရဲ့ အဆိုပြုချက်ကို အချိန်ကုန်ခံ သဘောတူမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအတွက် ဥပဒေပြုအမတ်တွေနဲ့ အိမ်ဖြူတော်အကြား တံတိုင်းတည်ဆောက်ရေးနဲ့ ပတ်သက်လို့ ထွက်ပေါက်တွေ့မယ့် အခြေအနေမရှိ ဖြစ်သွားပါတယ်။ အခုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြမ်းတွေအရ နိုင်ငံခြားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ အလုပ်သမား၊ ဘဏ္ဍာရေးနဲ့ တခြားအေဂျင်စီတွေကို လက်ရှိ ဘဏ္ဍာရေးနှစ်ကုန် စက်တင်ဘာ ၃၀ ရက်နေ့အထိ ရန်ပုံငွေ ထောက်ပံ့သွားမှာ ဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up