အုပ်ချုပ်ရေးမှူးဟောင်း

June 1, 2021

PPP ပါတီဝင် လှိုင်သာယာအုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီဝင် ဦးစိုင်းလင်းဇော်(ခ)လင်းလင်းဟာ   ဇွန် ၁ ရက် ဒီနေ့မနက်က သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားပါတယ်။

ဒီနေ့မနက် ၈ နာရီလောက်က ခိုင်ရွှေဝါလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ  သေနတ်ပစ်ခံရတာဖြစ်ပြီး သေနတ်ဒဏ်ရာရရှိခဲ့ကာ လှိုင်သာယာဆေးရုံပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကလည်း ဦးစိုင်းလင်းဇော်ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့ကာ လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ဦးစိုင်းလင်းဇော်ဟာ အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ဝင် ဒေါ်သက်သက်ခိုင် ခေါင်းဆောင်တဲ့ PPP ပါတီရဲ့ ပါတီဝင်လည်းဖြစ်ပြီး   ၂၀၂၀ ရွေးကောက်ပွဲတုန်းက လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်ကနေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့ပါတယ်။ သူဟာ စစ်ကောင်စီ သတင်းပေး ဒလန်အကြီးစားလို့လည်း ဒေသခံတွေက ပြောကြပါတယ်။

အဆိုပါပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လှိုင်သာယာမြို့ဝင်မြို့ထွက်၊ လမ်းဆုံတွေမှာ တားဆီး စစ်ဆေးမှုတွေ တင်းကျပ်ပြုလုပ်နေကြပါတယ်။

4 months Ago

April 30, 2021

မိုးကုတ်မြို့တွင် အုပ်ချုပ်ရေးမှူးဟောင်းများကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးနေ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၂၉ ရက်ညက  မင်းတံတားရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သဖန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးခဲ့ရာမှာ သဖန်းပင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းကို မတွေ့တာကြောင့် သားဖြစ်သူကို ဖမ်းဆီးသွားပါတယ်။

အလားတူ ကျပ်ပြင်အုပ်စုအုပ်ချုပ်ရေးမှူးကိုလည်း စစ်အုပ်စုက ဖမ်းဆီးထားတာ တစ်လနီးပါးကြာမြင့်ပြီဖြစ်ပြီး တခြားအုပ်ချုပ်ရေးမှူးဟောင်းတွေကိုလည်း  လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ လက်နက်ကိုင် ရဲနဲ့ စစ်တပ်တွေက ရပ်ကွက်ထဲဝင်ပြီး  တအိမ်ဝင်တအိမ်ထွက် လိုက်လံ စစ်ဆေးနေတဲ့အတွက် ဒေသခံတွေက စိုးရိမ်ပူပန်နေရတယ်လို့ဆိုပါတယ်။

မိုးကုတ်မြို့က CDM ဝန်ထမ်းတွေ၊ အန်အယ်လ်ဒီပါတီဝင်တွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ သပိတ်ခေါင်းဆောင်တွေကို နေအိမ်တွေမှာ ရဲနဲ့စစ်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးနေပြီး မတွေ့ပါကမိသားစုဝင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးနေတာလို့ သိရပါတယ်။

5 months Ago
More News
Up