အီးယူ

May 9, 2021

ကိုဗစ်-၁၉ ထုတ်လုပ်မှု မူပိုင်ခွင့်ကိစ္စစွန့်လွှတ်ရန် အမေရိကန်နှင့်အခြားနိုင်ငံများကို ဥရောပ ကော်မရှင် သတိပေး

အမေရိကန်နဲ့ အခြား ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ်တဲ့ အဓိကနိုင်ငံတွေအနေနဲ့ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်စွန့်လွှတ်ဖို့ကိစ္စ ဆွေးနွေးနေကြတာထက် ဥရောပသမဂ္ဂက လုပ်သလို ကာကွယ်ဆေးတွေ တင်ပို့တာကိုပဲ လုပ်ဆောင်ဖို့ မေ ၇ ရက်မှာ ဥရောပကော်မရှင်က ပြောကြားလိုက်ပါတယ်။ 

မူပိုင်ခွင့်စွန့်လွှတ်ဖို့ကိစ္စ ဆွေးနွေးနေကြတာဟာ ကာလတို-ကာလလတ်မှာ ကိုဗစ်-၁၉ ဆေးတစ်လုံး ထိုးစာကိုတောင် ထုတ်လုပ်ပေးမှာ မဟုတ်ဘူးလို့ ကော်မရှင်အကြီးအကဲ အာဆူလာ ဖွန် ဒယ်လေယန်က အီးယူခေါင်းဆောင်များ ထိပ်သီးညီလာခံရဲ့ ပြင်ပ သတင်းအစည်းအဝေးမှာ ပြောသွားတာပါ။ 

ဥရောပသမဂ္ဂဟာ ကမ္ဘာပေါ်မှာ အကြီးအကျယ်တင်ပို့နေတဲ့ တစ်ခုတည်းသော တိုက်ကြီး သို့မဟုတ် ဒီမိုကရေစီဒေသဖြစ်တယ်လို့ ဖွန်ဒါလေယန်က ပြောကြားပါတယ်။ 

ဥရောပက ထုတ်လုပ်တဲ့ coronavirus ကာကွယ်ဆေးရဲ့ ၅၀ ရာခိုင်နှုန်းလောက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျောထောက်နောက်ခံပြုထားသော COVAX အစီအစဉ်ထဲက နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၉၀ နီးပါးကို တင်ပို့တယ်လို့လည်း ပြောပါတယ်။

 ထုတ်လုပ်မှုမြင့်မားခြင်း၊ ပို့ကုန်အတားအဆီးများကို ဖယ်ရှားခြင်းနဲ့ ကြိုတင်မှာယူထားတဲ့ ကာကွယ်ဆေးတွေကို မျှဝေခြင်းတွေကသာ ကူးစက်ရောဂါကို မြန်မြန်ဆန်ဆန် တိုက်ဖျက်နိုင်ဖို့ ချက်ချင်း ကူညီပေးနိုင်မယ်လို့လည်း ဆိုပါတယ်။ 

ကာလတိုနဲ့ အလယ်အလတ်ကာလမှာ လိုအပ်ချက် ပထမဆုံးက ကာကွယ်ဆေး ဝေမျှခြင်းဖြစ်ပြီး ဒုတိယ ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးတွေ တင်ပို့ခြင်းနဲ့ တတိယအချက်ကတော့ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်း တိုးမြှင့်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလို့ ပြောပါတယ်။

ဥရောပသမဂ္ဂဟာ ကာကွယ်ဆေး ခွဲဝေရေးစနစ်ကို စတင်ခဲ့တာကို အနောက်ဘော်လ်ကန်ဒေသဆီ ဆေးပမာဏ ၆၁၅,၀၀၀ ပေးပို့ခဲ့တာကို ဥပမာပေး ပြောသွားပါတယ်။

4 days Ago

April 20, 2021

မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ အပါအဝင် ၁၀ ဦးကို အီးယူက ပိတ်ဆို့ဒဏ်ခတ်

မြန်မာအာဏာသိမ်း စစ်ကောင်စီအဖွဲ့ဝင် ၁၀ ယောက်နဲ့  စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီး ၂ ခုကို ထပ်မံ ပိတ်ဆို့ ဒဏ်ခတ် အရေးယူလိုက်တယ်လို့   ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံတွေက ဧပြီ ၁၉ ရက်နေ့မှာထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့  ငြိမ်းချမ်းစွာဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို ဆောင်ရွက်တာလို့ ထုတ်ပြန်ချက်မှာ‌ဖော်ပြပါတယ်။

ပိတ်ဆို့ဒဏ်ခတ် အရေးယူခံရသူ နောက်ထပ် ၁၀ ဦးကတော့ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့  မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒေါက်တာဗညားအောင်မိုးနဲ့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးချစ်နိုင် တို့ပါဝင်ပါတယ်။

ဒါ့အပြင် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့ကိုလည်း အီးယူက ပိတ်ဆို့ဒဏ်ခတ်အရေးယူ လိုက်ပါတယ်။

ခုလို ပိတ်ဆို့ဒဏ်ခတ်ခံရတဲ့ လူတယောက်ချင်းဟာ မြန်မာ့ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးကို လှိုက်စားမှု၊ ဖိနှိပ်ရေး ဆုံးဖြတ်ချက်တွေနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေမှာ တာဝန်ရှိသူတွေချည်းပဲလို့ ဥရောပသမဂ္ဂ ကောင်စီက ထုတ်ပြန်တဲ့ ကြေညာချက်က ဖော်ပြထားပါတယ်။

ပစ်မှတ်ထား အရေးယူခံရတဲ့ စစ်တပ်ပိုင် ကုမ္ပဏီကြီး ၂ ခုဟာလည်း  မြန်မာ့စီးပွားရေးရဲ့ ကဏ္ဍအများအပြားမှာ လုပ်ငန်းလည်ပတ်နေတဲ့ လုပ်ငန်းစုံ လုပ်ငန်းစုကြီးတွေ ဖြစ်ပြီး စစ်တပ်ကပိုင်ဆိုင် ဝင်ငွေရနေတဲ့ လုပ်ငန်းတွေဖြစ်တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ခုလို ဒဏ်ခတ်ရတဲ့ ရည်မှန်းချက်က  စစ်ကောင်စီကို ဆွေးနွေးရေး စကားဝိုင်းဆီ ခေါ်လာနိုင်ရေး ဖိအားပေးဖို့ဖြစ်တယ်လို့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဟိုက်ခိုမားစ်က ပြောပါတယ်။

မြန်မာစစ်ကောင်စီကို  ပိတ်ဆို့ဒဏ်ခတ်မှု အမျိုးမျိုးနဲ့ ဖိအားပေးနေပေမယ့် နိုင်ငံတကာ လူ့အဖွဲ့အစည်းဟာ  ဆန္ဒပြသူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို  မဟန့်တား နိုင်သေးဘူးလို့လည်း ကြေညာချက်က ဆိုပါတယ်။

ဥရောပသမဂ္ဂဟာ အရင်ကလည်း  မြန်မာထိပ်တန်းစစ်ခေါင်းဆောင်တွေနဲ့ အဆင့်မြင့်အရာရှိ တွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်မှုတွေပြုလုပ်ထားပြီး အခု နောက်ထပ် ၁၀ ယောက်နဲ့ ဆိုရင် ဒဏ်ခတ် အရေးယူခံထားရသူ စုစုပေါင်း ၃၅ယောက်နဲ့ ကုမ္ပဏီ ၂ ခု ရှိသွားပြီဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့  အာဏာသိမ်းမှုအပြီး အကြမ်းဖက် နှိမ်နင်းမှုတွေအတွင်း နိုင်ငံတဝန်း  လက်နက်မဲ့ အရပ်သား ၇၀၀ ကျော်ကျဆုံးပြီး ၃၀၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

Photo-CINCDS

3 weeks Ago
More News
Up