အီရန်သမ္မတ

June 26, 2020

တောင်းပန်ပြီး လျော်ကြေးပေးပါက အမေရိကန်နှင့် ဆွေးနွေးမည်ဟု အီရန်သမ္မတပြော

၂၀၁၅ နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်တဲ့အတွက် အမေရိကန်က တောင်းပန်ပြီး အီရန်ကိုလျော်ကြေးပေးမယ်ဆိုရင် အမေရိကန်နဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ပေးမယ်လို့ အီရန်သမ္မတ ဟတ်ဆန် ရောင်ဟာနီက ဇွန် ၂၄ ရက်မှာ ပြောပါတယ်။ အီရန်နဲ့ ဆွေးနွေးရေး အမေရိကန်ရဲ့ ဆော်သြချက်ဟာ ရိုးသားမှု မရှိဘူးလို့လည်း သူက သတိပေး တိုက်တွန်းပါတယ်။ အီရန်နဲ့ အမေရိကန်ကြား ထိပ်တိုက်တွေ့မှုဟာ ၂၀၁၈ ကတည်းက စပြီး ပိုဆိုးလာခဲ့တာပါ။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကနေ အမေရိကန်က နုတ်ထွက်ပြီး အီရန် စီးပွားရေး ကြပ်တည်းစေတဲ့ ဒဏ်ခတ်မှုကို ချမှတ်ခဲ့ပါတယ်။ အမေရိကန်က အီရန်ကို သဘောတူညီချက်အသစ်အတွက် ဆွေးနွေးဖို့ ဖိအားပေးနိုင်ရေး ကြိုးစားနေပြီး အီရန်စီးပွားရေးကို ထိခိုက်စေခဲ့တဲ့ ဒဏ်ခတ်မှု တကျော့ပြန် ချမှတ်ခဲ့ပါတယ်။  အီရန်ကတော့ အမေရိကန်နဲ့ ဘယ်လိုဆွေးနွေးမှုကိုမဆို ငြင်းဆန်ခဲ့ပါတယ်။ ဇွန်လ အစောပိုင်းမှာတော့ အမေရိကန်သမ္မတ ထရမ့်ဟာ အီရန်ရဲ့ ဒေသတွင်းနိုင်ငံတွေ အပေါ် ကြားခံအဖွဲ့ထား စစ်ဆင်နွဲမှု အဆုံးသတ်ရေး၊ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နဲ့ နျူကလီးယား အစီအစဉ်ကို ပိုတင်းတင်းကြပ်ကြပ် ကန့်သတ်ရေး ရည်မှန်းထားတဲ့ သဘောတူညီချက် အသစ်အတွက် ထပ်ပြီး ဆော်သြချက်ကို တွစ်တာ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။ အီရန် သမ္မတကတော့ အမေရိကန်နဲ့ အစ္စရေးတို့ကို ပြင်းပြင်းထန်ထန် ဝေဖန်ပြီး နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA ကို အမေရိကန်နဲ့ အစ္စရေးတို့က လိမ်လည်လှည့်ဖြားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ အီရန်ဟာ IAEA နဲ့တော့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိဆဲလို့ ရောင်ဟာနီက ပြောခဲ့ပါတယ်။
11 months Ago

January 13, 2020

အီရန်သမ္မတနှင့် ကာတာစော်ဘွား တွေ့ဆုံ

အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုတွေ ဆူပွက်နေချိန်မှာပဲ အီရန်သမ္မတ ရောင်ဟာနီက ကာတာစော်ဘွား ရှိတ်ခ်တာမင် ဘင်ဟာမဒ်အယ်လ်ထာနီနဲ့ အီရန်မြို့တော် တီဟီရန်မှာ ဇန်နဝါရီ ၁၂ ရက်က တွေ့ဆုံပါတယ်။ သူတို့ဟာ ဒေသတွင်း နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ဇန်နဝါရီ ၉ ရက်ကလည်း ဆွေးနွေးခဲ့ပါသေးတယ်။  အမေရိကန်၊ အီရန် တင်းမာမှု တိုးနေချိန်မှာ ဒေသတွင်းမှာရော နိုင်ငံတကာမှာပါ လုံခြုံရေးနဲ့ တည်ငြိမ်ရေး သေချာစေဖို့ နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ အီရန်အစိုးရသတင်းဌာနက ပြောပါတယ်။ ကာတာနိုင်ငံဟာ အမေရိကန်နဲ့ရော အီရန်နဲ့ပါ မဟာမိတ်ပါဖြစ်ပြီး ကာတာအစိုးရကတော့ အမေရိကန်နဲ့ အီရန်ကြား ဖျန်ဖြေပေးဖို့ အသင့်အနေအထားမှာ ဆက်ရှိနေခဲ့ပါတယ်။ တခြားပင်လယ်ကွေ့ အာရပ်နိုင်ငံတွေကတော့ အီရန်အပေါ် အမေရိကန်က ပိုတင်းတင်းကျပ်ကျပ် ဒဏ်ခတ်တာကို ထောက်ခံခဲ့ပါတယ်။
1 year Ago
More News
Up