အီဂျစ် ခရီးသည်တင်လေယာဉ် ရေဒါကနေ ပျောက်

May 19, 2016

အီဂျစ် ခရီးသည်တင်လေယာဉ် ရေဒါကနေ ပျောက်

ပြင်သစ်နိုင်ငံ ပဲရစ်ကနေ ကိုင်ရိုကို ထွက်ခွာလာတဲ့ အီဂျစ်လေယာဉ်ဟာ  ရေဒါကနေ ပျောက်သွားတယ်လို့ အီဂျစ်လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။ လေကြောင်းနံပါတ် MS 804ပေါ်မှာ ခရီးသည် ၅၉ ဦးနဲ့ လေယာဉ်မောင်းသမားနဲ့ အမှုထမ်း ၁၀ ဦးပါသွားတယ်လို့ ဆိုပါတယ်။ ပျောက်သွားတဲ့အချိန်မှာ လေယာဉ်ဟာ အမြင့် ပေ ၃သောင်း ၇ ထောင်မှာ ပျံသန်းနေတာ ဖြစ်ပြီး မြေထဲပင်လယ် အရှေ့ပိုင်းမှာ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ ကိုင်ရို စံတော်ချိန် ၂ နာရီ ၄၅ မိနစ်မှာ ရေဒါနဲ့ အဆက်အသွယ်ပြတ်သွားတာ ဖြစ်ပြီး သတင်းအချက်အလက်တွေ ပိုမိုရရှိလာရင် ထုတ်ပြန်ပေးမယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အီဂျစ်လေပိုင်နက်ထဲကို ၁၀ မိုင်ဝင်ရောက်လာပြီး လေယာဉ်က ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။  ရှာဖွေရေးအဖွဲ့က ဂရိအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး လေယာဉ်ကို ရှာဖွေနေပါတယ်။ ပဲရစ်ကနေ မေ ၁၈ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီကျော်မှာ ထွက်ခွာသွားတာ ဖြစ်ပြီး မေ ၁၉ ရက် အီဂျစ် စံတော်ချိန် ၃ နာရီမှာ ရောက်ရှိရမှာ ဖြစ်ပါတယ်။
5 years Ago
Up