အီဂျစ်လေယာဉ်

June 17, 2016

ပျက်ကျ အီဂျစ်လေယာဉ်မှ ခရီးစဉ်ကို မှတ်တမ်းတင်သည့် သေတ္တာပြန်တွေ့

အရင်လက ပျက်ကျသွားတဲ့ အီဂျစ်လေယာဉ်ပေါ်က ပျံသန်းမှုတွေကို အသေးစိတ် အလိုအလျောက် မှတ်တမ်းတင်ထားတဲ့ စက်ကိရိယာ (ဘလက်ခ်ဘော့စ်) ကို မြေထဲပင်လယ်ထဲမှာ ပြန်တွေ့ပါတယ်။ ဘလက်ဘောစ့်က ပျက်စီးနေပေမယ့်လည်း မှတ်တမ်းတင်ထားတဲ့ မန်မိုရီကတော့ မပျက်မစီး ရှိနေတယ်လို့ စုံစမ်းရေးအဖွဲ့က ဇွန် ၁၆ ရက်မှာ ပြောပါတယ်။ ရေအောက်က ရှာဖွေရေးယာဉ်နဲ့ စက်ရုပ်က ပျက်စီးတဲ့နေရာကို ပိုက်စိတ်တိုက်ရှာဖွေပြီး ပုံတွေကို ပြန်လည်ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဘလက်ခ်ဘော့စ်ကို စစ်ဆေးဖို့အတွက် အီဂျစ်က အလက်ဇန္ဒားမြို့ကို ယူဆောင်သွားပါတယ်။ လေယာဉ်ထုတ်လုပ်တဲ့ အဲဘတ်စ်ကတော့ ရေဒါကနေ လေယာဉ်ပျောက်သွားတာကို နားလည်သိရှိဖို့အတွက် ဘလက်ခ်ဘော့စ်ကို တွေ့ရှိဖို့က အရေးပါတယ်လို့ ဆိုပါတယ်။ မေ ၁၉ ရက်က ပဲရစ္စကနေ ကိုင်ရိုကို ပျံသန်းတဲ့ လူ ၆၆ ဦး တင်ဆောင်လာတဲ့ လေယာဉ် ပျက်ကျသွားပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ မသိရှိရသေးပါဘူး။ ဂရိ စုံစမ်းသူတွေကတော့ လေယာဉ်က ၉၀ ဒီဂရီ ဘယ်ဘက်ကို လှည့်သလို ညာဘက်ကို ၃၆၀ ဒီဂရီ လှည့်သွားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေယာဉ်ဟာ အမြင့်ပေ ၃၇၀၀၀ ကနေ ၁၅၀၀၀ ထိ ကျခဲ့သလို မပျက်ကျခင် ပေ ၁၀၀၀၀ ထိ ပြုတ်ကျသွားတယ်လို့ ပြောပါတယ်။ ဆန်းစစ်သူတွေကတော့ နည်းပညာ အမှားအယွင်းကလည်း ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။
5 years Ago

June 16, 2016

မြေထဲပင်လယ်ထဲ ပျက်ကျခဲ့သည့် အီဂျစ်လေယာဉ် အစိတ်အပိုင်းများ ရှာဖွေတွေ့ရှိ

ပြီးခဲ့တဲ့လက မြေထဲပင်လယ်ထဲမှာ ပျက်ကျသွားတဲ့ အီဂျစ်လေကြောင်းလိုင်း လေယာဉ် အစိတ်အပိုင်းတွေကို ရှာဖွေတွေ့ရှိပြီလို့ အီဂျစ်စုံစမ်းရှာဖွေရေး အာဏာပိုင်တွေက ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ လေယာဉ်ပျက် အစိတ်အပိုင်း တွေ့ရှိခဲ့တဲ့နေရာတွေ တခုထက်မက တွေ့ရှိထားပြီး ရေနက်ရှာဖွေရေး ကိရိယာက ပေးပို့တဲ့ ပထမဆုံး လေယာဉ်အစိတ်အပိုင်း ဓာတ်ပုံတွေကိုလည်း ရရှိထားပြီလို့ အီဂျစ်အစိုးရ ကြေညာချက်က ဆိုပါတယ်။ ပျက်ကျသွားတဲ့ အီဂျစ်လေကြောင်းလိုင်း လေယာဉ်ဟာ ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့က ပါရီမြို့တော်ကနေ ကိုင်ရိုမြို့တော်ကို ပျံသန်းရှင်း လိုက်ပါသူ ၆၆ ဦးနဲ့ ပျက်ကျခဲ့တာပါ။ ရေဒါပေါ်ကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး လေယာဉ်မှူးတွေရဲ့ အရေးပေါ် အကူအညီတောင်းခံမှုလည်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုလအစောပိုင်းက လေယာဉ်မှတ်တမ်းသေတ္တာ ၂ ခုထဲက ၁ ခုကနေ ထုတ်လွှတ်တဲ့ Signal တွေ ရရှိခဲ့တယ်လို့ လေယာဉ်ပျက်ရှာဖွေရေး အဖွဲ့တွေက ပြောဆိုခဲ့ကြပါတယ်။ အဲ့ဒီ လေယာဉ်မှတ်တမ်း သေတ္တာတွေဟာ ပျက်ကျပြီး တလအကြာ အခုလ ဇွန်လ ၂၄ ရက်နေ့အထိပဲ Signal တွေကို ထုတ်လွှတ်နိုင်မှာပါ။ လေယာဉ်ပျက်ကျသွားရခြင်း အကြောင်းရင်း အတိအကျကို မသိရသေးသလို အကြမ်းဖက် အဖွဲ့အစည်းတွေက သူတို့တွေရဲ့ လက်ချက်ပါလို့ လက်ရှိအချိန်အထိ တာဝန်ခံ ကြေညာတာလည်း မရှိသေးပါဘူး။
5 years Ago
More News
Up