အီဂျစ်တိုက်ခိုက်ရေးသမားကို မြန်မာ့စပါးကြီးမြွေ အနိုင်ယူ (ရုပ်သံ)

March 19, 2016

အီဂျစ်တိုက်ခိုက်ရေးသမားကို မြန်မာ့စပါးကြီးမြွေ အနိုင်ယူ (ရုပ်သံ)

မြန်မာ့စပါးကြီးမြွေလို့ နာမည်ကြီးနေတဲ့ ကချင်လူမျိုး နာမည်ကျော် လက်ဝှေ့သမား အောင်လအင်ဆန်းဟာ အီဂျစ်က ၀ူရှုး ချန်ပီယံ တိုက်ခိုက်ရေးသမား မိုဟာမက် အလီကို မတ် ၁၈ ရက်က အနိုင်ထိုးလိုက်ပါတယ်။ ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ မစ်ဒယ်ဝိတ်တန်း ပြိုင်ပွဲအဖြစ် အောင်လနဲ့ အလီတို့ ထိုးသတ်ခဲ့ရာမှာ  အောင်လက အလီကို ပထမအချီမှာ အနိုင်ယူသွားတာ ဖြစ်ပါတယ်။ အလီရဲ့ တရပ်စပ်ထိုးချက်တွေကို အောင်လက ခုခံထိန်းချုပ်သွားနိုင်ပြီး အလီရဲ့ လည်ပင်းကို ချုပ်ထားခဲ့ရာက အလီက အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။ ကြံ့ခိုင်မှုနဲ့ ပါရမီကို ပြသနိုင်သလို အလီရဲ့ ထိုးချက်တွေကို ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနဲ့ ကျော်ဖြတ်သွားနိုင်တယ်လို့ One Champion ၀က်ဆိုဒ်မှာ ရေးပါတယ်။ အိမ်ရှင်မြန်မာပရိသတ်တွေကလည်း အောင်လကို တခဲနက်အားပေးခဲ့သလို အောင်လ အနိုင်ရရှိခဲ့ပြီးတဲ့နောက် အားပါးတရ အောင်ပွဲခံခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရတဲ့ အောင်လက မစ်ဒယ်ဝိတ်တန်း ကမ္ဘာချန်ပီယံ ၀စ်တလေဘစ်ဒက်ခ်ျကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေး ရရှိသွားပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ ဘစ်ဒက်ခ်ျဆီမှာ ရှိနေတဲ့ ခါးပတ်ကို ပြန်လိုချင်တယ်လို့ အောင်လက ပြောပါတယ်။
5 years Ago
Up