အီကွေဒေါ

October 3, 2021

အီကွေဒေါနိုင်ငံက ထောင်သား ၂၀၀၀ ခန့်ကို လွတ်ငြိမ်းခွင့်ပေးမည်

အီကွေဒေါနိုင်ငံရဲ့ ထောင်တွေထဲမှာ လူတွေ ကြပ်ညပ်နေတာ သက်သာအောင် ထောင်သား အယောက် ၂၀၀၀ လောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စီစဉ်နေတယ်လို့ အရာရှိတွေက အောက်တိုဘာ ၁ ရက်မှာ ပြောပါတယ်။

ဒီသီတင်းပတ် အစောပိုင်းမှာဖြစ်ခဲ့တဲ့ နိုင်ငံ့သမိုင်းမှာ အဆိုးဆုံး ထောင်တွင်း အဓိကရုဏ်းကြောင့် ထောင်သား ၁၁၈ ယောက် သေဆုံးပြီး နောက်ထပ် ၇၉ ယောက် ဒဏ်ရာရအပြီးမှာ ခုလို ပြောလိုက်တာပါ။

ထောင်သား ၆ ယောက်ထက်မနည်းဟာ တစစီ ခုတ်ဖြတ်ခံခဲ့ရပါတယ်။

သက်ကြီးထောင်သားတွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းနဲ့ နာတာရှည် ထောင်သားတွေကို ဦးစားပေး ပြန်လွှတ်ဖို့ အစိုးရက ရည်မှန်းထားတယ်လို့ အီကွေဒေါ အကျဉ်းဦးစီးဌာန ညွှန်မှူး ဘိုလီဗာ ဂါဇွန်က ပြောခဲ့ပါတယ်။

အီကွေဒေါ ထောင်တွေထဲမှာ လောလောဆယ် ထောင်သား ၃၉၀၀၀ ရှိနေတယ်လို့ ဂါဇွန်က ထပ်ပြောပါတယ်။

ထောင်အဓိကရုဏ်းတွေဟာ အုပ်စုဖွဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ အုပ်စုတွေက ထိန်းချုပ်ရေး အတွက် တိုက်ခိုက်တာကြောင့် ဖြစ်လာတာလို့ သူက ပြောပါတယ်။

အီကွေဒေါ ထောင်တွေထဲမှာ ဇူလိုင် အဓိကရုဏ်းကြောင့် ထောင်သား ၂၂ ယောက်နဲ့ ဖေဖော်ဝါရီ အဓိကရုဏ်းကြောင့် ထောင်သား ၇၉ ယောက် သေဆုံးခဲ့ပါတယ်။

ရာဇဝတ်အုပ်စုတွေကြား ဂိုဏ်းသား အကူးအပြောင်းနဲ့ မဟာမိတ်ပြုတာတွေ ရှိနေပြီး မူးယစ်ကုန်ကူးမှု လမ်းကြောင်းတွေ လုရင်း တိုက်ခိုက်ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဥပဒေစိုးမိုးရေးအတွက် နိုင်ငံတလွှားက ထောင်တွေဆီ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ဝင် အယောက် ၃၆၀၀ လောက် လွှတ်ထားပြီးပြီလို့ ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

3 weeks Ago

July 23, 2021

အီကွေဒေါ အကျဉ်းထောင် ၂ ခု၌ အဓိကရုဏ်းဖြစ်ပြီး အကျဉ်းသား ၂၁ ဦး သေဆုံး

အီကွေဒေါနိုင်ငံမှာ ပြစ်မှုကြီးကျူးလွန်သူတွေကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်တွေထဲက ၂ ခုမှာ ဇူလိုင် ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအတွင်း အနည်းဆုံးအကျဉ်းသား ၂၁ ဦး သေဆုံးပြီး ရဲအတော်များများလည်း ထိခိုက်ဒဏ်ရာရရှိတယ်လို့ SNAI အကျဉ်းထောင်အာဏာပိုင်က ပြောပါတယ်။

အခု သူ့အခန်းနဲ့သူ ရှိနေတဲ့ အကျဉ်းသားတွေကို ပြန်တွက်ကြည့်နေပြီး ထောင်ပြင်ရောက်သွားတဲ့ အကျဉ်းသား ၆၇ ဦးကို ပြန်ဖမ်းနိုင်ခဲ့တယ်လို့ အမျိုးသားရေးရဲဌာနရဲ့ အကျဉ်းထောင် အရေးပေါ်ထိန်းသိမ်းရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ပါဘလိုလီယွန်က ပြောပြပါတယ်။ 

ဒေသစံတော်ချိန် မနက် ၄ နာရီအထိကို အထပ်တိုင်း အခန်းတိုင်းက အကျဉ်းသားတွေဆီ မရောက်နိုင်ခဲ့ပေမဲ့ ထောင်အရေးပေါ်ဝန်ထမ်းတွေကတော့ ထောင်ခြံစည်းရိုးအပြင်ဖက်မှာရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့ အခြေအနေကိုထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါဟာ အခုနှစ်အတွင်း ဒုတိယမြောက်  ကြုံရတဲ့  သေစေနိုင်တဲ့ ထောင်တွင်း အကြမ်းဖက်မှုလည်း ဖြစ်ပါတယ်။  အဓိကရုဏ်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ အကျဉ်းသားတွေနဲ့ရဲတွေ ၅၇ ယောက် ရှိတယ်လို့လည်း  ပြောပါတယ်။

ထောင်အဓိကရုဏ်းသတင်းကြောင့် အကျဉ်းထောင်တွေ အပြင်ဘက်မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်၊ ဆွေမျိုးမိတ်ဆွေတွေ ရောက်ရှိစောင့်ဆိုင်းနေကြပါတယ်။ 

ဒဏ်ရာရသူ၊ သေဆုံးသူတွေ ရှိတယ်လို့ သတင်းတွေကြားပြီး ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို ဘယ်သူကမှ မပြောပြတော့ သူတို့ ဘာမှမသိရဘူးလို့ သတင်းထောက်ကို ပြောပါတယ်။

 ဖေဖော်ဝါရီလတုန်းက Guayas နဲ့ Cotopaxi က ထိန်းသိမ်းရေးစင်တာတွေ အပါအဝင် အကျဉ်းထောင် ၃ ခုမှာ ပြိုင်ဘက်ဂိုဏ်းအဖွဲ့ဝင်တွေ အချင်းချင်းကြား ရန်ပွဲတွေကြောင့် အကျဉ်းသား အနည်းဆုံး ၇၉ ဦး သေဆုံးခဲ့ပါတယ်။ 

အီကွေဒေါအာဏာပိုင်တွေဟာ အကျဉ်းသား ၃၈၀၀၀  လောက် ပြည့်ကျပ်နေတဲ့ အကျဉ်းထောင်တွေက အကြမ်းဖက်မှုတွေကို လျှော့ချဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေဆဲ ဖြစ်ပါတယ်။  

3 months Ago
More News
Up