အိန္ဒိယတွင် အဆောက်အဦတခု ပြိုကျ၊ အနည်းဆုံး လူ ၆ ဦး သေဆုံး

October 16, 2017

အိန္ဒိယတွင် အဆောက်အဦတခု ပြိုကျ၊ အနည်းဆုံး လူ ၆ ဦး သေဆုံး

အိန္ဒိယနိုင်ငံ ကာနာတာကာပြည်နယ် ဘန်ဂါလူရူမြို့မှာ အဆောက်အဦတခု ပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။ လူနေထူထပ်ရာ မြို့ရဲ့ အရှေ့တောင်ပိုင်းမှာ အဆောက်အဦပြိုကျမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သံသယဖြစ်ဖွယ် ဂက်စ်အိုး ပေါက်ကွဲခဲ့ပြီးနောက် ပြိုကျခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ကာနာတာကာပြည်နယ် ပြည်တွင်းရေးရာဝန်ကြီးက “အိမ်ရှင်တွေ အပြောအရဆို အဆောက်အဦက သိပ်မဟောင်းသေးဘူး။ ၁၅ နှစ်၊ အနှစ် ၂၀ လောက်ပဲ ရှိသေးတယ်။ မြေညီထပ်နဲ့ ပထမထပ် အိမ်ငှားတွေကတော့ ဂက်စ်အိုးကြောင့်မဟုတ်ဘူး၊ အဆောက်အဦကြောင့် ပြိုကျတာလို့ ပြောကြတယ်” လို့ ပြောပါတယ်။ အဆောက်အဦ ပြိုကျရာနေရာမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up