အိုဇေးလ်

January 19, 2021

ဖီနာဘာချီမှာ ကစားချင်တဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီ - အိုဇေးလ်

ဖီနာဘာချီအသင်းမှာ ကစားချင်ခဲ့တဲ့ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီလို့ ကွင်းလယ်ကစားသမား အိုဇေးလ်က ပြောပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့ပြီးနောက် တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ခဲ့တာပါ။  အသင်းနဲ့  တနင်္လာနေ့က တရားဝင်စာချုပ်ချုပ်ဆိုခဲ့ပြီး ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ အသင်းဆီကို ပြောင်းရွှေ့ခွင့်ရခဲ့လို့ စိတ်လှုပ်ရှားမိတယ်လို့ အိုဇေးလ်က အသင်းတီဗီနဲ့ အင်တာဗျူးမှာပြောပါတယ်။ အသင်းဂျာစီကို ဝတ်ဆင်ရလို့ စိတ်လှုပ်ရှားမိပြီး အသင်းဖော်တွေနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ အိုဇေးလ်က ပြောပါတယ်။  ဂျာမနီကွင်းလယ်လူ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ ၈ နှစ်ကြာ ကစားခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုအနေနဲ့ အင်္ဂလန်အက်ဖ်အေဖလား ၃ ကြိမ် ရရှိခဲ့ပါတယ်။
4 months Ago

January 18, 2021

အိုဇေးလ်ကို ခေါ်ယူလိုက်ကြောင်း ဖီနာဘာချီအသင်း တရားဝင်ထုတ်ပြန်

အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်ကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း တူရကီကလပ် ဖီနာဘာချီ အသင်းက တရားဝင် သတင်းထုတ်ပြန်ပါတယ်။  အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်လုပ်ဆောင်ဖို့ အိုဇေးလ်ကို အစ္စတန်ဘူလ်ကို ခေါ်ဆောင်လိုက်ကြောင်း ဖီနာဘာချီက သတင်းထုတ်ပြန်ခဲ့တာပါ။ အိုဇေးလ်ဟာ မနှစ်က မတ်လကတည်းက အာဆင်နယ်မှာ ပွဲကစားခွင့်မရတော့ဘဲ ဒီရာသီအသင်း လူစာရင်းမှာလည်း နည်းပြအာတီတာက ထည့်သွင်းခဲ့ခြင်း မရှိခဲ့ပါဘူး။  ဖီနာဘာချီ ပရိသတ်တစ်ဦး ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေပြီး အသင်းအတွက် အစွမ်းကုန် ကြိုးပမ်းမှာဖြစ်ကြောင်း၊ ပွဲမကစားရတာ ကြာမြင့်နေပေမယ့်လည်း ကြံ့ခိုင်မှုပြည့်ဝနေကြောင်း၊ ဘောလုံးပွဲစဉ်တွေကို လွမ်းဆွတ်နေပြီဖြစ်ကြောင်း အိုဇေးလ်က တူရကီကို မထွက်ခွာခင်မှာ ပြောပါတယ်။  ၂၀၁၃ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကနေ ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျာမနီ ကွင်းလယ်လူ အိုဇေးလ်ဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅၄ ပွဲ ကစားပြီး ၄၄ ဂိုး သွင်းယူခဲ့ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ ၈ နှစ်တာကာလအတွင်းမှာ အက်ဖ်အေဖလား ၃ ကြိမ် ရရှိခဲ့ပါတယ်။
4 months Ago
More News
Up