အိမ်ကွင်းအန်ဖီးလ်

November 26, 2020

ကလော့ပ်လက်ထက် အိမ်ကွင်းအကြီးမားဆုံးရှုံးပွဲဖြင့် လီဗာပူးကြုံတွေ့

ဒီနေ့မနက်အစောပိုင်း ကစားခဲ့တဲ့ အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးအသင်းက ၂ ဂိုး ဂိုးမရှိ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။  ဒီရှုံးနိမ့်မှုဟာ ကလော့လက်ထက် အိမ်ကွင်းအန်ဖီးလ်မှာ ပထမဆုံးအကြိမ် ဂိုးပြတ်ရှုံးနိမ့်မှုလည်း ဖြစ်ပါတယ်။  ကလော့ဟာ လီဗာပူးနည်းပြအဖြစ် အန်ဖီးလ်ကွင်းမှာ ပွဲစဉ် ၁၃၇ ပွဲတာဝန်ယူခဲ့ပြီး အတ္တလန္တာနဲ့ ပွဲမတိုင်ခင်ကအထိ ၁ ဂိုးအထက်နဲ့ ရှုံးနိမ့်ခဲ့ခြင်းမရှိပါဘူး။  လီဗာပူးအသင်း အန်ဖီးလ်ကွင်းမှာ နောက်ဆုံးအကြိမ်ဂိုးပြတ်ရှုံးနိမ့်မှုဟာ ၂၀၁၅ သြဂုတ် နည်းပြဟောင်းရော်ဂျာ လက်ထက်မှာဖြစ်ပြီး ဝက်စ်ဟမ်းကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်အတွင်းမှာ လီဗာပူးအသင်းဟာ စီးရီးအေပြိုင်ဘက်ကို အသာရရှိဖို့ ရုန်းကန်ခဲ့ရပြီး ဂိုးပေါက်ခြိမ်း  ခြောက်မှုလည်း မရှိခဲ့ပါဘူး။ ဒါဟာအသင်းအတွက် ၂၀၀၃ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။  အတ္တလန္တာအသင်းဘက်ကတော့ သူတို့ပုံစံကောင်းကို ဆက်ထိန်းနိုင်ခဲ့ပြီး ၅ မိနစ်အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။  ကလော့ဟာ ဒီပွဲမှာ ဆယ်ကျော်သက်လူငယ်ကစားသမားတွေဖြစ်တဲ့ ကာတစ်ဂျုံး၊ ရွိုင်းစ် ဝီလီယမ်နဲ့ နီကိုးလ်ဝီလီယမ်တို့ကို ထည့်သွင်းအသုံးပြုသွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးစားသမားတွေဟာ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့ဘူးလို့ လီဗာပူးကစားသမား ဂျိမ်းစ်မီလ်နာက ပွဲအပြီးမှာပြောခဲ့ပါတယ်။  “ကျနော်တို့ ပုံစံကောင်းမှာ ရှိမနေခဲ့ပါဘူး။ ကစားသမားအများစုက တွဲပြီးကစားခဲ့ခြင်းမရှိဘဲ ပွဲစဉ်ဇယားကလည်း တော်တော်လေး ကြပ်နေပါတယ်။ တခါတလေမှာ အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ မပါဘဲနဲ့ နိုင်ပွဲကို ရှာနိုင်ရမှာဖြစ်ပေမယ့် ဒီပွဲမှာတော့ဒီလိုမလုပ်နိုင်ခဲ့ပါဘူး။ ကျနော်တို့ဟာ အုပ်စုရဲ့ထိပ်ဆုံးမှာရှိနေဆဲဖြစ်ပြီး သီတင်းပတ်ကုန်ပိုင်းမှာလည်း ပွဲကစားရဦးမှာဖြစ်ပါတယ်။ ကြိုးစားမှုကိုတော့ ဆက်လက်လုပ်ဆောင်နေဦးမှာဖြစ်ပါတယ်။ ဒီညမှာ ကျနော်တို့ အကောင်းဆုံးစွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့ပေမဲ့ နောက်လာမယ့်ပွဲတွေအတွက် ဒီအရှုံးရလဒ်ကနေ ရုန်းထွက်ဖို့ လိုအပ်ပါတယ်” လို့ မီလ်နာက ပြောပါတယ်။ အတ္တလန္တာအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် လီဗာပူးအသင်းဟာ အုပ်စုဒီရဲ့ ထိပ်ဆုံးနေရာမှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ အတ္တလန္တာ၊ အေဂျက်ဇ်အသင်းတို့နဲ့ အမှတ်ကွာဟချက်ကတော့ ၂ မှတ်သာရှိပါတော့တယ်။
6 months Ago
Up