အိန္ဒိယ

May 16, 2021

ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့် အိန္ဒိယမှ ဩစတြေးလျနိုင်ငံသား ၈၀ ကို ပထမအကြိမ် ပြန်ခေါ်

အိန္ဒိယကနေ လာမယ့်ခရီးသည်တွေကို တားမြစ်ပိတ်ပင်ထားတဲ့ အငြင်းပွားဖွယ် အမိန့် ကြေညာချက်ကို ဖက်ဒရယ်အစိုးရကနေ ပယ်ဖျက်လိုက်ပြီးနောက် မေ ၁၅ ရက်မှာ ခရီးသည် ၈၀ လောက် လိုက်ပါလာတဲ့ ဩစတြေးလျရဲ့ ပထမဆုံးနေရပ်ပြန်လည်ခေါ်ဆောင်ရေးလေယာဉ်ဟာ နယူးဒေလီကနေ ပျံသန်းရောက်ရှိလာပါတယ်။  

စနေနေ့လေယာဉ်နဲ့လိုက်ပါဖို့  လေယာဉ်စီး ခရီးသည်အပြင် အနီးကပ် ထိတွေ့သူတွေ ကိုလည်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှုတွေလုပ်ပြီး negative အဖြေ ၂ ခါ ထွက်မှ လိုက်ပါခွင့်ရခဲ့ ပေမဲ့ လူအယောက် ၇၀ လောက်ကို လေယာဉ်ပေါ်တက်ခွင့် တားမြစ်ခဲ့ပါတယ်။ 

ဩစတြေးလျကို ရောက်ရှိလာသူတွေကို Howard Springs မှာရှိတဲ့ သတ္တုတူးဖော်ရေး စခန်းကို အသွင်ပြောင်းထားတဲ့ဆီ ခေါ်ဆောင်သွားပြီး ၂ ပတ်ကြာ ကွာရန်တင်း ထားရှိမှာ ဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ ဇွန်လကနေစပြီး ၂ ပတ်တစ်ခါ လူ ၂၀၀၀ လောက်ကို တာဝန်ယူ ဆောင်ရွက်နိုင်ဖို့ ဒါဝင်မြို့ရဲ့အရှေ့တောင်ဖက် ၁၆ မိုင်အကွာလောက်မှာရှိတဲ့ အဲ့ဒီအဆောက် အအုံကို ၂ ဆကျော် ပိုဆံ့အောင် ရည်ရွယ်ထားပါတယ်။ 

ဒီလထဲမှာ တော်ဝင်ဩစတြေးလျလေတပ်က နေရပ်ပြန်လည်ခေါ်ဆောင်ရေး လေကြောင်း ခရီးစဉ် ၂ ခုကို စီစဉ်ထားပြီး ဇွန်လအကုန်မှာ လူ ၁၀၀၀ လောက် ပြန်လာနိုင်စေဖို့ ရည်ရွယ်ထားပါတယ်။ 

ကိုဗစ်ဒဏ် အဆိုးဆုံးခံရတဲ့ အိန္ဒိယကနေ အိမ်ပြန်ခွင့်ရဖို့ လုပ်နေတဲ့ ဩစတြေးလျနိုင်ငံသားတွေနဲ့ အမြဲနေထိုင်ခွင့်ရသူ အယောက် ၉၀၀၀လောက် ရှိနေပါတယ်။

18 hours Ago

May 10, 2021

ကိုဗစ်တိုက်ဖျက်ရေးပစ္စည်းများ အမ်းမရိတ်လေကြောင်းလိုင်းဖြင့် အိန္ဒိယကို အခမဲ့ ပို့ဆောင်မည်

အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုးနေတာကို တိုက်ဖျက်ရေး ကူညီဖို့ အာရပ် စော်ဘွားများပြည်ထောင်စု ဒူဘိုင်းမြို့ကနေ အိန္ဒိယနိုင်ငံထဲက မြို့  ၉ မြို့ဆီ ဆေးဘက် အထောက်အပံ့ ပစ္စည်းတွေ လေယာဉ်နဲ့ သယ်ရာမှာ အခမဲ့ ကူညီ ပျံသန်းပေးမယ်လို့ အမ်းမရိတ် လေကြောင်းလိုင်းက မေလ ၉ရက်မှာ ပြောလိုက်ပါတယ်။

 အိန္ဒိယနိုင်ငံမှာ ကူးစက်နှုန်း စံချိန်တင်နေလို့ ဆေးရုံတွေ လူလျှံနေပြီး ဆေးဝါးတွေ အောက်စီဂျင်အိုးတွေနဲ့ တခြား အထောက်အပံ့ပစ္စည်းတွေ ပြတ်လပ်နေတဲ့အတွက် နိုင်ငံတကာက အကူအညီတွေ စုပြုံ ပေးပို့ နေကြတာပါ။ 

ဒူဘိုင်းမြို့ အခြေစိုက်ပရဟိတအဖွဲ့တွေဆီက အထောက်အပံ့တွေကို အီးမရိတ် လေကြောင်းလိုင်းက အခမဲ့ပို့ပေးမယ့်အပြင် တခြားနေရာတွေက အကူအညီတွေကိုလည်း နောက်ပိုင်းမှာ တိုးချဲ့ ပို့ပေးသွားမှာဖြစ်ပြီး အိန္ဒိယကို ကူညီဖို့ လုံးဝကတိပြုတယ်လို့ ဒုဥက္ကဋ္ဌ နဘီလ် စူလ်တန်က သတင်းထောက်တွေကို ပြောပါတယ်။

 တကမ္ဘာလုံးက အကူအညီတွေကို သယ်ပို့ပေးဖို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း အများအပြားက သုံးနေတဲ့ ဒူဘိုင်း နိုင်ငံတကာ လူသားချင်းစာနာမှုအဖွဲ့အစည်းကနေ တဆင့် အကူအညီတွေကို စီစဉ်ပေးမယ် နောက်ထပ် အသိပေး အကြောင်းကြားချက် မထုတ်ပြန် မချင်း အခမဲ့ ပို့ပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။ 

ပထမဆုံး အခမဲ့ လေကြောင်းခရီးစဉ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ လှူတဲ့ ဘက်စုံသုံး ယာယီတဲ ၁၂ ဒသမ ၆ တန်ကို မေ ၁၃ ရက်မှာ သယ်ပို့ပေးဖို့ စီစဉ်ထားပါတယ်။

 ဒီလ အစောပိုင်းကလည်း ကာတာလေကြောင်းလိုင်းက ဒိုဟာမြို့ကနေ အိန္ဒိယဆီ အကူအညီ တန်ချိန် ၃၀၀ ကို လေယာဉ်နဲ့ အခမဲ့ ပို့ပေးခဲ့ပါတယ်။

 အိန္ဒိယမှာ တနင်္ဂနွေ တစ်ရက်တည်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ သေဆုံးသူအသစ် ၄၀၉၂ ယောက် ရှိပြီး စုစုပေါင်း ကူးစက်သေဆုံးသူ ဦးရေ ၂၄၂,၃၆၂ ယောက် ရှိပါပြီ။

 တစ်ရက်တည်း ကူးစက်ခံ ဦးရေ  ၄၀၃,၇၃၈ ယောက်ရှိလို့ စုစုပေါင်း ကူးစက်ခံ ဦးရေ ၂၂ ဒသမ ၃ သန်း ရှိပြီလို့ တရားဝင် အတည်ပြု ကိန်းဂဏန်းတွေက ပြထားပါတယ်။

 ဒါပေမဲ့ အမှန်တကယ် ကူးစက်ခံဦးရေဟာ တရားဝင် အတည်ပြု ဦးရေထက် ဆယ်ဆထိ များနိုင်တယ်လို့ ပညာရှင်တွေက ပြောထားပါတယ်။

6 days Ago
More News
Up