အားပြင်းငလျင်

October 31, 2020

တူရကီနှင့်ဂရိတွင် အားပြင်းငလျင်ကြောင့် ၂၂ ဦး သေဆုံး

တူရကီ အေဂျီယန်ကမ်းရိုးတန်းနဲ့ ဂရိမြောက်ပိုင်း ဆေမော့စ်ကျွန်းအလွန်မှာ လှုပ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် သေဆုံးသူက ၂၂ ယောက်ထက်မနည်း ရှိလာပြီး နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။  အောက်တိုဘာလ ၃၀ ရက်က တူရကီကမ်းရိုးတန်းမြို့ အစ္စမေးလ်မှာ ပြိုကျအဆောက်အအုံတွေအောက် အသက်ရှင် ကျန်ရစ်သူတွေကို  ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေပါတယ်။  အစ္စမေးလ်မြို့က ပြိုကျအဆောက်အအုံ ၁၇ ခုမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဆိုပါတယ်။  အပျက်အစီးအများဆုံးဖြစ်ခဲ့တဲ့ အနီးဝန်းကျင်တွေမှာ အာဏာပိုင်တွေက လူ နှစ်ထောင်ဆံ့တဲ့ ရွက်ဖျင်တဲတွေကို  ဆောက်နေတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။  မြေငလျင် ပြင်းအား  ၆ ဒသမ ၆  မဂ္ဂနီကျူ့ရှိပြီး  ဗဟိုချက်ဟာ  အစ္စမေးလ်ပြည်နယ် ကမ်းရိုးတန်းက ၁၁ မိုင် အကွာမှာ ဖြစ်တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ကဆိုပါတယ်။  အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကတော့ မြေငလျင်ပြင်းအားဟာ  ၇ မဂ္ဂနီကျူ့ ရှိတယ်လို့ ပြောပါတယ်။  ပြတ်ရွေ့ကြောင်းကြီး ယှက်ဖျာနေတဲ့ တူရကီဟာ ကမ္ဘာမှာ မြေငလျင် အလှုပ်ခတ်ဆုံးနိုင်ငံတွေထဲက တခုဖြစ်ပါတယ်။  ၁၉၉၉ ခုနှစ်က ပြင်းအား ၇ ဒသမ ၆ မဂ္ဂနီကျူ့ မြေငလျင်ကြောင့် အစ်ဇ်မစ်မြို့မှာ လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ၂၀၁၁ တုန်းကလည်း နိုင်ငံအရှေ့ပိုင်း ဗန်းမြို့ မြေငလျင်ကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။ 
6 months Ago

June 25, 2020

မက္ကဆီကိုတွင် အားပြင်း ငလျင်ကြောင့် သေဆုံးသူ ၁၀ ဦးရှိလာ

မက္ကဆီကိုနိုင်ငံတောင်ပိုင်းမှာ ဇွန် ၂၃ ရက်က အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူဦးရေဟာ ၁၀ ဦးထိ ရှိလာတယ်လို့ အာဏာပိုင်တွေက ဇွန် ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဒေသခံတွေက ငလျင်ကြောင့် ဖြစ်ရတဲ့ အပျက်အစီးတွေကို ဖယ်ရှားနေပါတယ်။ တောင်ပိုင်းပြည်နယ် အော့ဆာကာက ဟွာတာကို ကမ်းခြေမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်က ပြင်းအား ၇ ဒဿမ ၄ ရစ်ချ်တာစကေး ရှိခဲ့ပါတယ်။  ဒီငလျင်ကြောင့် အထပ်မြင့်တိုက်တွေနဲ့ လူဦးရေ ထူထပ်လွန်းတဲ့ မက္ကဆီကိုစီးတီးမြို့တော်မှာ အဆောက်အဦတွေ လှုပ်ခတ်တာကြောင့် လူတွေထောင်ချီ လမ်းပေါ် ထွက်ပြေးခဲ့ကြရပါတယ်။ အကြမ်းဖျင်းအားဖြင့် မြို့တော်မှာ အိမ်အလုံး ၃၀ ပျက်စီးပြီး၊ ၂၀၁၇ က မြေငလျင် ဒဏ်ခံရဖူးတဲ့ မြောက်ဘက် ပိုင်းရပ်ကွက်မှာဆို လူတွေဟာ ကိုယ့်အိမ်တွေကို ကိုယ်တိုင်ပြင်ဖို့ ကြိုးစားနေရတယ်လို့ ရိုက်တ်သတင်းမှာ ဖော်ပြထားပါတယ်။
11 months Ago
More News
Up