အားကစားပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

November 20, 2016

ဉာဏ်ရည်မသန်စွမ်း ကလေးငယ်များ အားကစားပြိုင်ပွဲ ပထမဆုံးအကြိမ် ကျင်းပမည်

မြန်မာအော်တစ်ဇင်အသင်းက ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ အရပ်ဘက် မသန်စွမ်းအဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့တွေ ပူးပေါင်းပြီး ပထမအကြိမ် အားကစားပွဲကို ဒီဇင်ဘာ ၇ နဲ့ ၈ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် မသန်စွမ်းအဖွဲ့ချုပ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ “အခြားကလေးများနည်းတူ သူတို့မှာလည်း လွတ်လပ်စွာ ပါဝင်ခွင့်ရှိတယ်။ အားကစားလည်း သူတို့ တတ်နိုင်တဲ့ အစွမ်းအစလေးတွေ ပြည်သူလူထု သိအောင်၊ အများသိအောင် ဒီပွဲလေးမှာ ထုတ်ဖော်နိုင်တဲ့ အစွမ်းအစရှိတယ်ဆိုတာ သိစေချင်လို့ ဒီပွဲလေးကို ကျင်းပရခြင်းဖြစ်ပါတယ်” လို့ မြန်မာအော်တစ်ဇင်အသင်းဥက္ကဋ္ဌ ဒေါက်တာမြင့်လွင်က ပြောပါတယ်။ ဒီပြိုင်ပွဲမှာ အားကစားနည်း ၂ မျိုးဖြစ်တဲ့ ရေကူးနဲ့ အပြေးပြိုင်ပွဲ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင် အော်တစ်ဇင်ကလေးငယ်ပေါင်း အယောက် ၂၀၀ ရှိပါတယ်။ အော်တစ်ဇင်ပြိုင်ပွဲဝင်ကြမယ့် ကလေးငယ်တွေအတွက် နေထိုင်စားသောက် စရိတ်တွေကို အောင်တစ်ဇင်အသင်းက စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ “အရှေ့တောင်အာရှကနေပြီးတော့ အော်တစ်ဇင်အားကစားသမားတွေ ပြိုင်မယ့် အားကစားပွဲလိုဟာမျိုး လုပ်လာတယ်ဆိုတာ လက်ရည်သွေးတဲ့အနေနဲ့၊ အတွေ့အကြုံ ယူတဲ့အနေနဲ့ လုပ်တာဖြစ်ပါတယ်။ ရေရှည်မှာ ဒီ့ထက်ကြီးမားတဲ့ အခမ်းအနားတွေ၊ ပြိုင်ပွဲတွေ လုပ်ဖို့လည်း အစီအစဉ်ရှိပါတယ်” လို့ မြန်မာအော်တစ်ဇင်အသင်း (နိုင်ငံခြားရေးရာ) အမှုဆောင်ကော်မတီမှ ဦးနေမျိုးနိုင်က ပြောပါတယ်။ အော်တစ်ဇင်ဆိုတာ ဉာဏ်ရည်မသန်စွမ်းဖြစ်တဲ့အပြင် အထူးစောင့်ရှောက်မှု လိုအပ်တဲ့ ကလေးငယ်တွေထဲမှာ ပါဝင်ပါတယ်။ အော်တစ်ဇင်အဖွဲ့ငယ်တွေကနေ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုမိုကြီးမားတဲ့ အဝန်းအဝိုင်းဖြစ်အောင် ဆက်စပ်ပေးဖို့၊ အစိုးရဌာန၊ စီးပွားရေးနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကနေ အများပြည်သူကြားမှာ အော်တစ်ဇင်အပေါ် အသိပညာ ပိုမြှင့်တင်ပေးနိုင်ဖို့နဲ့ အော်တစ်ဇင် ကလေးငယ်တွေရဲ့ စွမ်းရည်ဖော်ထုတ်ဖို့ဆိုတဲ့ ရည်ရွယ်ချက် ၃ ခုနဲ့ ဒီအားကစားပြိုင်ပွဲကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
4 years Ago
Up