အာရှဖွံ့ဖြိုးရေးဘဏ်

December 8, 2020

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာကို ချေးငွေ ဒေါ်လာသန်း ၁၇၀ ကျော်ပေးအပ်မည်

အာရှဖွံ့ဖြိုးရေးဘဏ်(အေဒီဘီ)က မြန်မာနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၇၀ ကျော်ပေးအပ်သွားမယ်လို့ ဒီဇင်ဘာ ၅ ရက် ရက်စွဲနဲ့ သတင်းထုတ် ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အလတ်စားဓာတ်အားခွဲရုံ ၄၄ ရုံတည်ဆောက်ဖို့နဲ့ ကရင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးအရှေ့ပိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းပြီး ကီလိုမီတာ ၁၀၀၀ ကျော်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလိုင်းတွေ တည်ဆောက်ရာမှာ အသုံးပြုနိုင်ဖို့ ချေး ငွေ ဒေါ်လာ ၁၇၁ ဒသမ ၂၇ သန်းကို အတည်ပြုလိုက်တာ ဖြစ်ပါတယ်။   “စီမံကိန်းက ကျေးလက်ဒေသတွေမှာ တည်ငြိမ်၊ ယုံကြည်စိတ်ချရတဲ့ လျှပ်စစ် ဓာတ်အား ဖြည့်ဆည်းပေးတာတွေ၊ အားလုံးပါ၀င်တဲ့ စီးပွားရေးတိုးတက်မှု၊ အလုပ်အ ကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးပြီး ၂၀၃၀ ပြည့်နှစ်မှာ လူတိုင်းလျှပ်စစ်ဓာတ်အား ရရှိ ရေးအတွက် မြန်မာနိုင်ငံရဲ့ မျှော်မှန်းချက်ကို အထောက်အကူပြုပါလိမ့်မယ်”လို့ အေဒီ ဘီရဲ့ စွမ်းအင်စီးပွားရေးကျွမ်းကျင်သူ Duy-Thanh Bui က ပြောပါတယ်။ ဒီချေးငွေက ကျေးလက်ဒေသ လျှပ်စစ်ဓာတ်အားရရှိမှုမြှင့်တင်ရေးစီမံကိန်းအတွက် ပံ့ပိုးပေးမှာဖြစ်ပြီး ကျေးရွာပေါင်း ၂,၈၁၅ ရွာက အိမ်ထောင်စုပေါင်း ၄၀၀,၃၀၀ ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးဖို့ ဓာတ်အားကွန်ယက်ကို ချဲ့ထွင်ပေးနိုင်မယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထမဆုံး ကွန်ပျူတာစနစ်သုံး အလိုအလောက် ဖြန့်ဝေ ရေးစနစ်ကို တည်ထောင်မှာဖြစ်ပြီး ဒီစနစ်က စွမ်းအင်ဖြန့်ဖြူးမှုကို အချိန်နဲ့ တပြေး ညီစောင့်ကြည့်ပြီး ကွန်ယက်အမှားတွေကို စီမံခန့်ခွဲနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နှိုင်းယှဉ်ရင် စီမံကိန်းဧရိယာတွေမှာ ဆင်းရဲနွမ်းပါးမှု မြင့်မားပြီး လျှပ်စစ်ဓာတ်အားရရှိမှုနှုန်း နိမ့်ကျနေပြီး ခုစီမံကိန်းက ထောင်ပေါင်းများ စွာသော ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေနဲ့ စာကြည့်တိုက်တွေကို လျှပ်စစ်ကွန်ရက် ချဲ့ ထွင်သွားနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ အေဒီဘီအနေနဲ့ အစိုးရရဲ့ စွမ်းအင်မူဝါဒပြုပြင်ပြောင်းလဲမှုနဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်မှုအပါအ၀င် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဏကို ပံ့ပိုးပေးနိုင်ဖို့ ၂၀၁၂ ခုနှစ်ကစတင်ကာ ချေးငွေနဲ့နည်းပညာအကူအညီ ဒေါ်လာသန်း ၅၀၀ ကျော် ထောက်ပံ့ ထားခဲ့တယ်လို့ ဆိုပါတယ်။
5 months Ago

September 15, 2020

မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှု ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း

၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ခန့်မှန်းထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံအများစုရဲ့ ဂျီဒီပီက တိုးတက်မှုမရှိဘဲ လျော့ကျနိုင်ပေမဲ့ ၂၀၂၀ ခုပြည့်နှစ်  မြန်မာနိုင်ငံရဲ့ဂျီဒီပီ တိုးတက်မှုနှုန်းက ၁ ဒသမ၈ ရာခိုင်နှုန်းရှိမယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အစီရင်ခံစာက ခန့်မှန်းထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်  မြန်မာနိုင်ငံရဲ့ ဂျီဒီပီ  တိုးတက်မှုက ၆ ဒသမ ၈ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းကလည်း  ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်ခန့်မှန်းထားပြီး ဘရူနိုင်းနိုင်ငံရဲ့  ဂျီဒီပီက ၁ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားတာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံစတဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေရဲ့ ဂျီဒီပီကတော့  လျော့ကျမယ်လို့ခန့်မှန်းထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာ့စီးပွားရေးဆောင်ရွက်မှုတွေကို ဆက်လက် ဟန့်တားနေတာကြောင့် ဖွံ့ဖြိုးဆဲ အာရှရဲ့ ဂျီဒီပီက ၂၀၂၀ ပြည့်နှစ်မှာ  ၀ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းတွေ လျော့ကျခြင်းက နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုရဲ့ အကျိုးဆက်အဖြစ် စီးပွားရေး ထိခိုက်ပျက်စီးရာကနေ  စတင်ရုန်းထွက်မှုတွေကြောင့် လာမယ့်နှစ်မှာ စီးပွားရေး ပြန်နာလန်ထူလာလိမ့်မယ်လို့လည်း ADB ရဲ့ အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ သတင်း-စိုးချစ်ပိုင်
8 months Ago
Up