အာဖရိကဘောလုံးအဖွဲ့ချုပ်

November 17, 2020

လေဆိပ်တွင် အိပ်ခဲ့ရသဖြင့် အာဖရိကဘောလုံးအဖွဲ့ချုပ်ကို အူဘာမီယန်း ဝေဖန်

အာဖရိကဘောလုံးအဖွဲ့ချုပ် CAF ကြောင့် ဂါဘွန်အသင်းသားတွေဟာ ဓားစာခံတွေလို ခံစားခဲ့ကြရတယ်လို့ အာဆင်နယ်အသင်း ခေါင်းဆောင် အူဘာမီယန်းက ပြောပါတယ်။  အူဘာမီယန်း ဦးဆောင်တဲ့ ဂါဘွန်အသင်းသားတွေဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ခြေစစ်ပွဲ ကစားဖို့အတွက် ဂမ်ဘီယာနိုင်ငံကို ရောက်ရှိစဉ် နိုင်ငံတွင်း ဝင်ခွင့်ရဖို့ ကြန့်ကြာခဲ့တာကြောင့် လေဆိပ်ကြမ်းပြင်မှာ အိပ်ခဲ့ရပါတယ်‌။ ဂါဘွန်အသင်းဟာ ဂမ်ဘီယာနဲ့ တနင်္လာနေ့မှာ ကစားရမှာဖြစ်ပြီး ဘန်ဂျူလေဆိပ်ကို တနင်္ဂနွေနေ့ညမှာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ လေဆိပ်ကို ရောက်ရောက်ချင်းမှာတင် ဂါဘွန်အသင်းသားတွေဟာ ဂမ်ဘီယာနိုင်ငံတွင်းကို ဝင်ခွင့်ရဖို့အတွက် ကြန့်ကြာခဲ့တာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ စစ်ဆေးမှု ရလဒ်တွေကို ပြသနိုင်ခဲ့ပေမဲ့ သူတို့ရဲ့ ပတ်စ်ပို့စ်တွေ အသိမ်းခံခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အာဆင်နယ်တိုက်စစ်မှူးက သူ့ရဲ့ပေါက်ကွဲမှုကို တနင်္လာနေ့မနက် အစောပိုင်းက အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ အူဘာတင်ခဲ့တဲ့ပို့စ်တွေမှာ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေတဲ့ သူ့အသင်းဖော်တွေနဲ့ ဗွီဒီယိုတွေ၊ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ ထွက်ပေါ်လာတဲ့ပုံတွေမှာ ဂါဘွန်အသင်းသား အများစုဟာ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းရင်း လေဆိပ်ကြမ်းပြင်မှာ သူတို့ရဲ့အိတ်တွေကို ခေါင်းအုံးလုပ်ပြီး အိပ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။  အူဘာတို့အသင်းဟာ လေဆိပ်ကို ဒေသစံတော်ချိန် ၁၁ နာရီခွဲမှာ ရောက်ရှိခဲ့တာဖြစ်ပြီး ၃ နာရီလောက်ကြာအောင် စောင့်ရတာတောင် ဝင်ခွင့်မရသေးဘူးလို့ အူဘာက ပို့စ်တစ်ခုမှာ ရေးသားထားပါတယ်။  “ကျနော်တို့ ညနေ ၄ နာရီမှာ ပွဲကန်ရမယ်။ ဒါပေမဲ့ အခုထိ စောင့်နေရတုန်းပဲ” လို့ အူဘာက မနက် ၂ နာရီ ၃၁ မိနစ်မှာ ပို့စ်တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဂါဘွန်အသင်းသားတချို့ဟာ သီချင်းနားထောင်နေတာနဲ့ စနောက်နေကြတာကိုလည်း “ကျနော်တို့ကို အားလျော့သွားအောင် မလုပ်နိုင်ပါဘူး” ဆိုတဲ့ စာသားနဲ့ ရေးတင်ခဲ့ပါတယ်။ မနက် ၆ နာရီထိုးခါနီးမှ ဂါဘွန်အသင်းသားတွေဟာ ဂမ်ဘီယာမြေကို ခြေချခွင့်ရခဲ့တာ ဖြစ်ပြီး ဒါဟာ ပွဲမတိုင်ခင် ၁၀ နာရီအလိုလည်း ဖြစ်ပါတယ်။  “နောက်ဆုံးတော့ ဘတ်စ်ကားပေါ် တက်ရပါပြီ။ နောက်ထပ်စိတ်ဓာတ် ခွန်အားပေးလို့ ကျေးဇူးတင်ပါတယ် ဂမ်ဘီယာရေ” လို့လဲ အူဘာက ခပ်ရွဲ့ရွဲ့ ရေးသားခဲ့ပါတယ်။  အင်စတာဂရမ်ပေါ် တင်ခဲ့တဲ့ ပို့စ်တွေမှာ အူဘာက ခပ်ရွှတ်ရွှတ်သာ ရေးသားခဲ့တာ ဖြစ်ပေမယ့် ကွန်းမန့်မှာတော့ အာဖရိကဘောလုံးအဖွဲ့ချုပ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒီလိုပုံစံမျိုးနဲ့ အာဖရိကဘောလုံးအဆင့်အတန်းကို မြှင့်တင်ချင်လို့မရဘူးလို့ ပြောပါတယ်။
10 months Ago

January 9, 2020

အာဖရိက တနှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး မာနေး ဆွတ်ခူး

အာဖရိကဘောလုံးအဖွဲ့ချုပ် (Caf) ရဲ့ တနှစ်တာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးတိုက်စစ်မှူး ဆာဒီယိုမာနေးက ဆွတ်ခူးရရှိခဲ့ပါတယ်။  မာနေးဟာ ဒီဆုကို လီဗာပူးအသင်းဖော် မိုဟာမက်ဆာလက်၊ မန်စီတီးအသင်းရဲ့ အယ်လ်ဂျီးရီးယားတိုက်စစ်မှူး ရီယဒ်မာရက်ဇ်တို့ကို ဖြတ်ကျော်ရရှိသွားခဲ့တာပါ။  အသက် ၂၇ နှစ်အရွယ်မာနေးဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးအသင်း ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ဖို့ အဓိကနေရာကနေ ကူညီပေးခဲ့တဲ့ ကစားသမားတဦးဖြစ်ပြီး တရာသီအတွင်း အသင်းအတွက် ဂိုး ၃၀ သွင်းယူပေးခဲ့ကာ အခုရာသီမှာပြီး ၁၅ ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ပါတယ်။  “ကျနော် ဒီဆုရတဲ့အတွက် အရမ်းကိုဝမ်းသာဂုဏ်ယူမိပါတယ်။ ဘောလုံးအားကစားဟာ ကျနော့်ရဲ့အလုပ်ဖြစ်ပြီး ကျနော်ဒါကို မြတ်နိုးပါတယ်။ ပြီးတော့ ကျနော့်ရဲ့မိသားစု၊ နိုင်ငံအသင်းနဲ့ အသင်းဝန်ထမ်းတွေ၊ ဘောလုံးအဖွဲ့ချုပ်အပြင် လီဗာပူးအသင်းတို့ကိုလည်း ကျေးဇူး တင်တယ်လို့ပြောချင်ပါတယ်။ ဒီနေ့ဟာ ကျနော့်အတွက် တကယ့်နေ့ထူးနေ့မြတ်ပါပဲ” လို့ ဆု လက်ခံယူပြီးတဲ့နောက်မှာ မာနေးကပြောဆိုခဲ့ပါတယ်။  မာနေးဟာ အီဂျစ်နိုင်ငံမှာ လုပ်ခဲ့တဲ့ အခမ်းအနားကို တက်ရောက်ဆုယူခဲ့တာဖြစ်ပြီး ဆာလက်နဲ့ မာရက်ဇ်တို့ကတော့ ဒီအခမ်းအနားကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။  မာနေးဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဒီဆုအတွက် ထိပ်ဆုံးဇကာတင်သုံးဦးစာရင်းမှာ ပါဝင်နိုင်ခဲ့ပေမယ့် ဆုနဲ့လွဲချော်ခဲ့ရသူဖြစ်ပါတယ်။  မာနေးရဲ့စံပြကစားသမားတွေထဲက တဦးဖြစ်တဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း ဒီအော့ဖ်ဟာ ဒီဆုကို ၂၀၀၂ ခုနှစ်မှာဆွတ်ခူးနိုင်ခဲ့ပြီး သူ့စံပြကစားသမားခြေရာကို နင်းနိုင်ဖို့အတွက် မာနေးဟာ ဒီဆုကို ကာလရှည်ပစ်မှတ်ထားခဲ့သူလည်းဖြစ်ပါတယ်။  ပြီးခဲ့တဲ့နှစ်အတွက် အကောင်းဆုံးသွင်းဂိုးဆုကို အာဖရိက ဖလားပြိုင်ပွဲမှာ နိုင်ဂျီးရီးယားအသင်းကို သွင်းယူခဲ့တဲ့ မာရက်ဇ်ရဲ့ ဖရီးကစ်ဂိုးက ရရှိသွားခဲ့ပါတယ်။  အာဖရိက အကောင်းဆုံးအသင်းမှာလည်း မာနေး၊ မာရက်ဇ်နဲ့ ဆာလက်အပြင် ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ လီဗာပူးခံစစ်မှူး ဂျိုဝယ်မာတစ်၊ တော့တင်ဟမ်ညာနောက်ခံလူ ဆာ့ဂျ် အော်ရီယာနဲ့ အာဆင်နယ်အသင်း တိုက်စစ်မှူး ပီယာရီအမ်းမရစ်၊ အူဘာမီယန်းတို့ပါဝင်ခဲ့ပါတယ်။  ဒီဆုပေးပွဲမှာ ဒေါ့မွန်အသင်းကို အငှားလာရောက်ကစားနေတဲ့ ရီးရဲလ်အသင်းရဲ့ အသက် ၂၁ နှစ်အရွယ်ညာနောက်ခံလူ အာရက်ဖ်ဟာကီမီက အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးခဲ့ပြီး ဘာစီလိုနာအသင်းရဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူး အာဆီ ဆတ် အိုရှာလကတော့ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို ရရှိခဲ့ပါတယ်။  အာဖရိကတိုက်ရဲ့ အကောင်းဆုံးအမျိုးသားဘောလုံးအသင်းဆုကို အာဖရိကဖလားချန်ပီယံ အယ်လ်ဂျီးရီးယားအသင်းက ရရှိခဲ့ပြီး အမျိုးသမီးအသင်းဆုကိုတော့ ကင်မရွမ်းအသင်းကရရှိခဲ့ပါတယ်။  အယ်လ်ဂျီးရီးယားနည်းပြ ဒီဂျမဲလ်ဘယ်မာဒီက အကောင်းဆုံးအမျိုးသားနည်းပြဆုကို ရရှိခဲ့ပြီး တောင်အာဖရိကအမျိုးသမီး လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဒီဆီရီ အဲလစ်ကတော့ အကောင်းဆုံးအမျိုးသမီးနည်းပြဆုကို ရရှိခဲ့ပါတယ်။
2 years Ago
Up