အာဖရိက

October 24, 2020

ဂီနီရွေးကောက်ပွဲအပြီး တိုင်းပြည်မငြိမ်သက်ဖြစ်၊ ပစ်ခတ်မှုများ ရှိလာ

အာဖရိကအနောက်ပိုင်း ဂီနီနိုင်ငံမှာ ရွေးကောက်ပွဲ ရလဒ်ကြေညာပြီးနောက် မငြိမ်သက်မှု တွေဖြစ်လာကာ အောက်တိုဘာ ၂၃ ရက်က မြို့တော် ကွန်နက်ကီမှာ သေနတ်ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါတယ်။  အသက် ၈၂ နှစ် အရွယ် သမ္မတ အဲဖာခွန်ဟာ တတိယမြောက် သက်တမ်းအတွက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်ကြောင့် ပြီးခဲ့တဲ့နှစ်မှာ ဆန္ဒပြပွဲတွေ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက် ရွေးကောက်ပွဲနောက်ပိုင်း ပဋိပက္ခတွေကြောင့် လူ ၁၇ ယောက်ထက်မနည်း သေဆုံးခဲ့ ပါတယ်။   ရွေးကောက်ပွဲကနဦး ရလဒ်တွေအရ  သမ္မတ အဲဖာခွန်ဟာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်း  ဆယ်လူဒယ်လန်ဒီဂျက်လိုထက် မဲ နှစ်ဆနီးပါး အနိုင်ရထားပါတယ်။  အတိုက်အခံတွေကတော့ ရွေးကောက်ပွဲဟာ ဖွဲ့စည်းပုံဥပဒေနဲ့ မညီဘူးလို့ ပြောပါတယ်။ သမ္မတ အယ်ဖာခွန်က သမ္မတသက်တမ်း နှစ်ကြိမ်အား ပြင်ဆင်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို   ပြီးခဲ့တဲ့မတ်လက လုပ်ခဲ့တယ်လို့ ပြောပေမဲ့ အတိုက်အခံတွေကတော့ သူဟာ ဥပဒေကို ချိုးဖောက်ပြီး အာဏာကို ဆုပ်ကိုင်ထားတယ်လို့ ပြောပါတယ်။ 
7 months Ago

September 23, 2020

ကမ္ဘာ့ရေးရာတွင် အာဖရိက ပါဝင်ဆုံးဖြတ်နိုင်ရေး နိုင်ဂျီးရီးယား တိုက်တွန်း

ကမ္ဘာ့ရေးရာတွေမှာ အာဖရိကနိုင်ငံတွေ ပါဝင်ဆုံးဖြတ်နိုင်ရေး ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ အာဖရိကအတွက် နေရာပေးဖို့ နိုင်ဂျီးရီးယား သမ္မတ မူဟမ်မာဒူဘူဟာရီက စက်တင်ဘာ ၂၂ ရက်မှာ ဆော်သြလိုက်ပါတယ်။ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့နဲ့ ဆင်းရဲမွဲတေမှုကို အမြစ်ဖြုတ် သုတ်သင်ဖို့ နိုင်ငံတကာလူ့အဖွဲ့အစည်းက ပိုအားထုတ်ဖို့လည်း တိုက်တွန်းပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံအတွက် ကြိုတင်အသံသွင်းထားတဲ့ မိန့်ခွန်းမှာ “နိုင်ဂျီးရီးယားဟာ ဘိုကိုဟာရမ် သူပုန်တွေ၊ ဓားပြတွေရဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ ချဒ်ရေကန်လွင်ပြင်နဲ့ ဆာဟဲဒေသထဲမှာ အကြမ်းဖက်ဝါဒီတွေကို နှိမ်နင်းဖို့ အိမ်နီးချင်းနိုင်ငံတွေ ကုလသမဂ္ဂ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ကျနော်တို့ဟာ အားကောင်းကောင်း ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတယ်”  ခုလို ပြောလိုက်တာပါ။ ချဒ်ရေကန် ဝန်းကျင်ဒေသမှာ ဘိုကိုဟာရမ် သူပုန်တွေရဲ့ ဆယ်စုနှစ်ချီ သူပုန်ထမှုအတွင်း လူ အယောက် ၃ သောင်းကျော် သေဆုံးပြီး ၃ သန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ၂၁ ရာစု ကွဲပြားခြားနားမှုနဲ့ လုပ်ငန်းစဉ်တွေကို ထင်ဟပ်စေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုးချဲ့ရေး နိုင်ဂျီးရီးယားက ထောက်ခံ အားပေးပါတယ်။ အာဖရိကဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီထဲမှာ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ နေရာတွေနဲ့ ထိုက်တန်တယ်လို့လည်း နိုင်ဂျီးရီးယား သမ္မတက ပြောပါတယ်။
8 months Ago
More News
Up