အာဖဂန်အမျိုးသမီးများ

September 19, 2021

အာဖဂန်အမျိုးသမီးများ ပညာသင်ပိုင်ခွင့်နှင့် အလုပ်လုပ်ပိုင်ခွင့် တောင်းဆို

အာဖဂန်နစ္စတန်ရှိ တာလီဘန်အစိုးရသစ်အနေနဲ့  အမျိုးသမီးတွေကို ပညာသင်ပိုင်ခွင့်၊ အလုပ်လုပ်ပိုင်ခွင့် စတဲ့ အခွင့်အရေးတွေကိုပေးဖို့ ကဘူးလ်မြို့ခံတွေက မျှော်လင့်နေကြပါတယ်။

တာလီဘန်တွေဟာ သြဂုတ် ၁၅ ရက်မှာ အာဏာသိမ်းပြီးကတည်းက အမျိုးသမီးတွေ ဦးဆောင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ပြီး လူတွေကိုလည်း ဖမ်းဆီး ရိုက်နှက်ခဲ့ပါတယ်။ 

တာလီဘန်တွေကတော့ ဒီအဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးမယ်လို့ ကတိပေးထားပေမဲ့ အခုချိန်ထိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှအရေးမယူသေးပါဘူး။

အမျိုးသမီးအားလုံးဟာ ပညာတတ်ပိုင်ခွင့်၊ စာသင်ကြားခွင့် ရှိတဲ့အပြင် အစ္စလာမ်နဲ့ ခေါင်းမြီးခြုံဖို့ ကန့်သတ်ချက်အတွင်းမှာတောင် အစိုးရအလုပ်ကိုလည်း ဝင်လုပ်ခွင့်ရှိတယ်လို့ ဒေသခံ အဂျ်မဲလ် ဂျဘာခဲလ်က ပြောပါတယ်။

အမျိုးသမီးတွေကို ပညာသင်ခွင့်၊ အလုပ်လုပ်ခွင့်တွေ တားမြစ်ထားတာ အစ္စလာမ်ဘာသာမှာ မရှိတာကြောင့် တာလီဘန်တွေဟာ အစ္စလာမ်ဘာသာအရကို အမျိုးသမီးတွေကို သူတို့အခွင့်အရေးတွေ ပေးအပ်သင့်တယ်လို့လည်း ဆိုပါတယ်။ 

၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ တာလီဘန်တွေ အာဏာရခဲ့စဉ်တုန်းက တင်းကျပ်တဲ့ အစ္စလာမ့်ဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး လူရှေ့သူရှေ့ ရိုက်နှက်အပြစ်ပေးခြင်း၊ ခြေလက်ဖြတ်ခြင်းနဲ့ သေဒဏ်စီရင်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

အလုပ်လုပ်ခြင်း၊ ပညာသင်ခြင်းလို အမျိုးသမီးလှုပ်ရှားမှုတွေကိုလည်း ပြင်းပြင်းထန်ထန် တားမြစ်ခဲ့ပါတယ်။

အခု အာဏာပြန်သိမ်းယူလိုက်ချိန်ကစပြီး တာလီဘန်တွေဟာ ကျေအေးလွှာ ကြေညာချက်တွေ ထုတ်ပြန်ဖို့ ကြိုးစားနေပေမယ့်လည်း လူပေါင်းများစွာအတွက် အနာဂတ်တွေက မရေမရာ ဖြစ်နေဆဲပါ။

2 months Ago

September 5, 2021

ကဘူးလ်မြို့ ၌ ဆန္ဒပြ အာဖဂန်အမျိုးသမီးအုပ်စုကို တာလီဘန်များက အကြမ်းဖက်နှိမ်နင်း

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ  အာဖဂန်အမျိုးသမီး အုပ်စုတစု သူတို့ရဲ့ အခွင့်အရေးတွေ အတွက်ဆန္ဒပြနေတုန်း စက်တင်ဘာ ၄ ရက်က တာလီဘန် အဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရပါတယ်။

လက်နက်ကိုင် တာလီဘန်တွေနဲ့ ထိပ်တိုက်တွေ့အပြီး ဆန္ဒပြသူတွေ အတော်များများ ချောင်းဆိုးနေကြတာနဲ့ သူတို့ရဲ့ ပါးစပ်တွေကို ကာထားတာကို ရုပ်သံတွေထဲမှာ တွေ့ရပါတယ်။

လျှပ်စစ်ကျင်စက်တွေနဲ့ မျက်ရည်ယို ဓာတ်ငွေ့တွေနဲ့ ပစ်ခတ်တာတွေသုံးပြီး တိုက်ခိုက်တာ ခံခဲ့ရတယ်လို့ ဆိုရာယာလို့ ပြောတဲ့ ဆန္ဒပြသူ တယောက်က ပြောပါတယ်။

“သူတို့က အမျိုးသမီးတွေရဲ့ ခေါင်းကို ကျည်ကပ်နဲ့ ရိုက်ခဲ့လို့ သွေးထွက်သံယို ဖြစ်ကုန်တယ်။ ဘာလို့လဲလို့ မေးစရာလူ မရှိဘူး”လို့ အစိုးရဝန်ထမ်းဟောင်း တယောက်က ပြောပါတယ်။

တာလီဘန်တွေက သြဂုတ် ၁၅ ရက်က အာဖဂန်နစ္စတန်နိုင်ငံကို သိမ်းပိုက်ခဲ့အပြီး အာဖဂန် အမျိုးသမီးအများအပြားက သူတို့ ဘေးကင်းရေးနဲ့ ရင်ဆိုင်ရနိုင်တဲ့ ကန့်သတ်ချက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်နေကြပါတယ်။

တာလီဘန်တွေကတော့ အမျိုးသမီးတွေ လူမှုရေးနဲ့ စီးပွားရေး လှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်တာကို တားဆီးဟန့်တားမှာ မဟုတ်ဘူးလို့ အကြိမ်အတော်များများ ကတိပေးပြောဆိုခဲ့ပါတယ်။

3 months Ago
Up