အာဖဂန်

July 25, 2019

အာဖဂန်တွင် ဗုံးပေါက်ကွဲမှု ၃ ခုကြောင့် ၁၅ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မှာ ဇူလိုင် ၂၅ ရက်နေ့က ဗုံးပေါက်ကွဲမှုသုံးခု ဖြစ်ခဲ့ပြီး သေဆုံးသူ ၁၅ ယောက်ထက်မနည်း ရှိတယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ ကဘူးလ်မြို့မှာ အမေရိကန် စစ်ဘက်အကြီးအကဲတွေနဲ့ နေတိုးတာဝန်ရှိသူတွေ တွေ့ဆုံနေချိန်မှာ အခုလို တနေ့တည်း ပေါက်ကွဲမှုသုံးခု ဖြစ်ခဲ့တာပါ။ အစိုးရဝန်ထမ်းတွေ လိုက်ပါစီးနင်းလာတဲ့ ဘတ်စ်ကားတစီး ဗုံးခွဲတိုက်ခိုက်ခံရမှုအတွင်း သတ္တုတွင်းနဲ့ ရေနံဝန်ကြီးဌာနက ဝန်ထမ်း ၈ ယောက်သေဆုံးပြီး ၂၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။ မိနစ်ပိုင်းအကြာမှာပဲ ကားဗုံးပေါက်တဲ့နေရာနဲ့ မီတာအနည်းငယ်အတွင်းမှာ  အသေခံဗုံးခွဲသမားတယောက်က သူ့ကိုယ်သူ ဖောက်ခွဲခဲ့တာကြောင့် နောက်ထပ် လူ ၇ ယောက်သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ နာစ်ရတ် ရာဟီမီက ပြောပါတယ်။ တာလီဘန်စစ်သွေးကြွအဖွဲ့က ကားဗုံးပေါက်ကွဲမှုဟာ သူတို့လက်ချက်လို့ ကြေညာခဲ့ပေမယ့် ကျန်တဲ့ပေါက်ကွဲမှုနှစ်ခုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမျှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။ တာလီဘန်အဖွဲ့ ပြောခွင့်ရ ဇာဘီဟိုဘာ မူဂျာဟ်က ကားနှစ်စီး မီးလောင်ပျက်စီးခဲ့ပြီး နိုင်ငံခြားတပ်ဖွဲ့ဝင် ၉ ယောက် သေဆုံးခဲ့တယ်လို့ ပြောပေမယ့် အာဖဂန်စ္စတန် အစိုးရကတော့ တာလီဘန်ရဲ့ ကြေညာချက်ကို အတည်မပြုခဲ့ပါဘူး။
2 years Ago

July 20, 2019

အာဖဂန်တွင်  ပေါက်ကွဲမှုကြောင့် ၈ ဦးသေ၊ ၃၃ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်တက္ကသိုလ်ဝင်ပေါက်အနီးမှာ ဇူလိုင်လ ၁၉ ရက်က ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် လူ ၈ ယောက် သေဆုံးပြီး  ၃၃ ယောက် ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတိုက်ခိုက်မှု ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာတော့ ချက်ချင်း မသိရသေးပါဘူး။ ဒီပေါက်ကွဲမှုမတိုင်ခင် နာရီပိုင်းအလိုကလည်း တာလီဘန် စစ်သွေးကြွတွေက ကန်ဒါဟာ ရဲဌာနချုပ် ၀င်ပေါက်မှာ ကားနှစ်စီးကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ အခုပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့သူက တက္ကသိုလ်ဝင်ပေါက်ဆီ လာနေချိန် ပေါက်ကွဲသံကြီး ကြားတယ်လို့ ပြောပါတယ်။ အဲဒီနောက်တော့ ကားတွေ မီးလောင်နေတာကိုတွေ့ပြီး မြေပေါ်မှာ လူသေတွေနဲ့ ဒဏ်ရာရသူတွေကို တွေ့တယ်လို့ပြောခဲ့ပါတယ်။ ပေါက်ကွဲမှု ဖြစ်ရာနေရာအနီးက ဒုတိယဗုံးကို ရဲတပ်ဖွဲ့က ဖြုတ်သိမ်းခဲ့တယ်လို့ ကဘူးလ်ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။
2 years Ago
More News
Up