အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်တို့ မေလ ၂၀ ရက် ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးကို အန်စီအေအပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပထမဆုံးအဖွဲ့အနေနဲ့ တက်ရောက်တာဖြစ်ပါတယ်။
မနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲထိ အချိန် ၂ နာရီကြာ ဆွေးနွေးခဲ့ပြီး သူ့ဘက်ကိုယ့်ဘက်ဖြစ်ချင်တာတွေ ပြောဆိုဖလှယ်ရာမှာ နှစ်ဘက်လုံးက ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်သွားဖို့ တူညီတဲ့ဆန္ဒရှိကြောင်း RCSS /SSA ပြောခွင့်ရ ဒုဗိုလ်မှုးကြီး အုမ်ခေးက ဒီဗွီဘီကို ပြောပါတယ်။
“နှစ်ဘက်လုံးအတူတူကတော့ နံပါတ် ၁ ကတော့ ငြိမ်းချမ်းရေးကိုမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ချင်တယ်ဆိုတဲ့ဟာကတော့ အတူတူဖြစ်တာပေါ့ ၊ နံပါတ် ၂ ကျတော့ ယုံကြည်မှုတွေတည်ဆောက်ကြမယ်၊ ယုံကြည်မှုရလာတဲ့အခါကျမှဘဲ နိုင်ငံရေးကိစ္စတွေ ဆက်လက် ဆွေးနွေးကြမှာပေါ့နော်၊ တချို့ကတော့ ပြောမှာပေါ့ ငြိမ်းချမ်းရေးတည်ဆောက်တယ်၊ ယုံကြည်မှု တည်ဆောက်တယ်ဆိုတာ ဟိုးအရင်ခေတ်ကတည်းက ခုထိပဲ ၊ အပြောပဲ ဆိုတာမျိုးပေါ့ ၊ ဒါပေမဲ့ အခုယုံကြည်မှုတည်ဆောက်တာမှာ အပြောနဲ့ဘဲမဟုတ်ဘူးပေါ့နော်၊ လက်တွေ့ကျကျ ဆောင်ရွက်ကြမယ်ဆိုတဲ့အမြင်တော့ နှစ်ဘက်လုံးမှာရှိပါတယ်”
တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို တည်ဆောက်နိုင်ဖို့ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့ဘက်က လိုက်လျောနိုင်သလောက် အကောင်းဆုံးဆောင်ရွက်ပေးမယ်လို့ ယုံကြည်တယ်လို့ ဆိုပါတယ်။
တွေ့ဆုံဆွေးနွေးမှုမရှိဘဲ တဘက်နဲ့တဘက်ဆက်လက်တိုက်ခိုက်သတ်ဖြတ်နေရင် ပြီးဆုံးမှာ မဟုတ်ကြောင်း ၊ RCSS အနေနဲ့ အဲဒါမျိုးကိုလည်း မလိုလားကြောင်း ဒုဗိုလ်မှုးကြီး အုမ်ခေးက ပြောသွားပါတယ် ။
ဒီကနေ့တွေ့ဆုံမှုမှာ RCSS ဘက်က ဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်ပြီး အဖွဲ့ဝင်အဖြစ် ဒုဗိုလ်မှူးကြီးစိုင်းငင်း နဲ့ ဗိုလ်မှူးကြီး ရှောင်းဟန်တို့ ပါဝင်ပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုညှိနှိုင်းရေးကော်မတီတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဆက်လုပ်သွားဖို့ရှိနေပါတယ်။
RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဆွေးနွေးပွဲတက်ရောက်ဖို့ မနေ့ကတည်းက တာချီလိတ်ကနေ နေပြည်တော်ကို လေကြောင်းနဲ့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်နဲ့တွေ့ဆုံဖို့အတွက် စစ်တပ်နဲ့တိုက်ပွဲတွေဖြစ်ပွားတာမရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားပြီး ၃ ရက်ခြား တစ်ဖွဲ့စီတွေ့ဆုံသွားဖို့ အစီအစဉ်ရှိပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ မေလ ၁၉ ရက် ဒီကနေ့ တာချီလိတ်လေဆိပ်ကနေတဆင့် လေယာဉ်နဲ့ နေပြည်တော်ကို ခရီးထွက်ခွာသွားပါတယ်။
ဗိုလ်ချုပ်ကြီးယွက်စစ်ကို ရွှေတြိဂံတိုင်းစစ်ဌာနချုပ်တာဝန်ရှိသူတွေက လေဆိပ်မှာ ကြိုဆိုခဲ့သလို ရှမ်း၊ ပအိုဝ်း၊ လီစူး၊ အခါ၊ လားဟူစတဲ့ တိုင်းရင်းသားဝတ်စုံဝတ်ထားသူတွေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုထောက်ခံတဲ့ စာတန်းတွေရေးထိုးထားတဲ့ ပိုစတာတွေကိုင်ပြီး ကြိုဆို နေတာကို တွေ့ရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs) ၁၀ ဖွဲ့နဲ့ မေလ ၂၀ ရက်နေ့ စတင်ပြီး နေပြည်တော်မှာ စတင်တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ ဒီနေ့နေပြည်တော်မှာ ပြုလုပ် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
Photo- PBS
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)တချို့နဲ့ မေလ ၂၀ ရက်နေ့ စတင်ပြီး နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်တယ်လို့ မေလ ၁၉ ရက် ဒီနေ့ ပြုလုပ် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
လက်ရှိအချိန်ထိ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့အတွက် အဖွဲ့ ၁၀ ဖွဲ့က စာရင်းပေးထားပြီး အဲ့အထဲမှာ လားဟူဒီမိုကရက်တစ်အစည်းအရုံးရဲ့ တာဝန်ရှိသူ တယောက်က တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ရက်ပိုင်းမှာပြဿနာတက်ခဲ့တဲ့ လားဟူအဖွဲ့စည်းလည်း တက်ဖို့ရှိပါတယ်။ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက သူတို့ နှစ်ယောက်သဘောနဲ့ မတက်ဘူးလို့ ဆုံးဖြတ်တာ အတွင်းရေးမှူးကတော့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ဆုံးဖြတ်ထားတာ သူကိုယ်တိုင် လာတက်မှာပါ။ အားလုံး တွေ့ဆုံဖို့အတွက် ၁၀ ဖွဲ့ရှိမယ်။ မနက်ဖြန်မှာ စတွေ့ပါမယ်''လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
စစ်ခေါင်းဆောင်နဲ့ တွေဆုံဖို့ စာရင်းပေးထားတဲ့ အထဲက အဖွဲ့ ၃ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဥက္ကဋ္ဌတွေ ကိုယ်တိုင်လာတက်မှာဖြစ်ပြီး ကျန်တဲ့အဖွဲ့တွေကတော့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အတွင်းရေးမှူးအဆင့် ကိုယ်စားလှယ်လွှဲထားတဲ့သူတွေလာတက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ဆွေးနွေးပွဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားအဖွဲ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ပအိုဝ်းအ မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၁၀ ဖွဲ့ တက်ရောက်ဖို့ စာရင်းပေးထားတယ်လို့ စစ်ကောင်စီဘက်က ပြောထားပါတယ်။
အဆိုပါအဖွဲ့တွေထဲက အများစုဟာ ၁၀ စုနှစ်တွေနဲ့ ချီပြီး စစ်တပ်နဲ့ တိုက်ပွဲတွေ တကြိမ်တခါမှ ဖြစ်ပွားခဲ့တာ မရှိတဲ့ အဖွဲ့တွေဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ KNU၊ KIO၊ KNPP၊ CNF အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲ မတက်ဘူးလို့ အသီးသီးကြေညာထားကြပါတယ်။