အာဇာနည်နေ့

July 19, 2021

သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်

၁၉၈၀ ပြည့်နှစ် ဇူလိုင်လထုတ် စစ်ပြန်မဂ္ဂဇင်းတွင် သခင်အောင်ဆန်းနဲ့ ကဗျာတပုဒ်ဟူသော ဆောင်းပါးကို သုတေသီတဦးဖြစ်သူ မောင်သော်ကက ရေးသားတင်ပြခဲ့ပါသည်။ သခင်အောင်ဆန်း၏ ကဗျာမှ William Ernest Henley ရေးသားသည့် အင်္ဂလိပ်ကဗျာ Invictus ကို မှီငြမ်းပြု၍ ရေးသားကြောင်းကိုလည်း တင်ပြထားပါသည်။ ဤကဗျာကို သခင်အောင်ဆန်းသည် ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း အတွဲ ၆၊ အမှတ် ၁၊ ခေါင်းကြီးပိုင်းတွင် ရေးသားထည့်သွင်းခဲ့ပါသည်။

ကဗျာ၏အမည်မှာ "အနိုင်မခံ" ဖြစ်ပါသည်။ ထိုအခါက သခင်အောင်ဆန်းသည် အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ဖြစ်သဖြင့် ခေါင်းကြီးပိုင်းကို သခင်အောင်ဆန်းပင် ရေးမည် ထင်ကြောင်း၊ သို့သော် ထိုခေတ်အခါက မသိနားမလည်သူများကမူ ယင်းကဗျာကို သခင်အောင်ဆန်း မရေး၊ အစကနဦး ရေးသားသူမှာ ကဗျာဆရာ ပါမောက္ခကြီး တဦးဖြစ်သည်ဟူ၍ လည်းကောင်း၊ နာမည်ကြီး သတင်းစာဆရာကြီး တဦးဖြစ်သည်ဟူ၍ လည်းကောင်း ယုံမှားသံသယ ရှိနေကြကြောင်း၊ မောင်သော်ကက သူ၏ အထင်မှာမူ ယင်းကဗျာကို သခင် ဆောင်ဆန်းပင် ရေးမည်ဟူ၍ တထစ်ချယုံကြည်ပါကြောင်းနဲ့ သူ၏ ဆောင်းပါးတွင် တင်ပြထားပါသည်။

ငါ့အတွက် ကျဉ်းမြောင်းလှသည့် သုဂတိဘုံကို သွားရသည်ပင်ဖြစ်စေ၊ ကျယ်ဝန်းလှသည့် ဒုဂတိဘုံသို့ သွားရသည်ပင်ဖြစ်စေ ငါသည် ဂရုမစိုက်။ ငါ့အပေါ် အပြစ်အနာအဆာ ပုဒ်ထီး ပုဒ်မတွေလည်း ငါမမှု။ ဤကမ္ဘာကြီး၌ နယ်ချဲ့တို့သည် လောဘဒေါသမောဟတို့ဖြင့် မင်းမူနေ၏။ ဤလောဘဒေါသတို့ကင်းရာ ကုန်ရာဖြစ်သော အခြားမဲ့၌ကား ငါ့အား နားနေစရာသေခြင်းတရားသည့် ငံ့လင့်လျက်ရှိနေ၏။

ယင်းကဗျာကို သခင်အောင်ဆန်းကိုယ်တိုင်ပင်လျှင် ရေးသားကြောင်းကို ကျနော် ရဲရဲကြီးထောက်ခံ တင်ပြလိုပါသည်။

ဤသို့တင်ပြရာ၌ သခင်အောင်ဆန်းနှင့် ကျနော်တို့ ထိုအချိန်အခါက ရင်းနှီးစွာ တွေ့ဆုံကြရလျက် စာပေဆွေးနွေးမှုများ ပြုလုပ်ကြသည်ကိုလည်း တင်ပြလိုပါသည်။ ကျနော်သည် ၁၉၃၀/၃၁ ခုနှစ်က ရန်ကုန်တက္ကသိုလ်ကောလိပ်သို့ ရောက်လာခဲ့ပါသည်။ သခင်အောင်ဆန်းမှာမူ ၁၉၃၃ ခုနှစ်တွင် တက္ကသိုလ်သို့ ရောက်လာခဲ့ပါသည်။ သူသည် ဝိဇ္ဇာဘွဲ့ကို ၁၉၃၇ ခုနှစ်တွင် ဆွတ်ခူးပါသည်။ ကျနော်က ၁၉၃၇ တွင် မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးပါသည်။ သခင်အောင်ဆန်းနဲ့ ကျနော်တို့ စာမေးပွဲ အောင်ကြစဉ်အခါက မြန်မာ့အလင်း သတင်းစာတွင် ဝိဇ္ဇာတန်းအောင်စာရင်း ထွက်ပေါ်လာပါသည်။

ယင်းအောင်စာရင်းလည်း ယခုတိုင် ကျနော်ထံတွင် ရှိနေပါသေးသည်။ ကျနော်သည် ကျောင်းသားသမဂ္ဂ အသင်းတွင် တာဝန်ထမ်းဆောင်ဖူးသည့်အားလျော်စွာ ၁၉၃၃-၃၄ ခုနှစ်တွင် ကျောင်းသားများသမဂ္ဂအသင်း၏ အမှုဆောင်တဦးဖြစ်လာခဲ့ပါသည်။ ထိုနှစ်က ကျနော် တာဝန်ထမ်းဆောင်ရသော တာဝန်မှာ ကျောင်းသားများသမဂ္ဂအသင်းမဂ္ဂဇင်းဟူ၍ပင် ရိုးရိုးခေါ်နေပါသေးသည်။ ၁၉၃၅-၃၆ ခုနှစ် သခင်အောင်ဆန်း သမဂ္ဂမဂ္ဂဇင်းရဲ့ တာဝန်ခံအယ်ဒီတာဖြစ်လာသည့်အခါမှသာ ယင်းမဂ္ဂဇင်းကို "အိုးဝေမဂ္ဂဇင်း" ဟူ၍ အမည်ပြောင်းလာပါသည်။ သမဂ္ဂအသင်း မဂ္ဂဇင်း စတင်ထုတ်ဝေသည့်နှစ်မှာ ၁၉၃၀-၃၁ ခုနှစ် ဖြစ်ပြီး သခင်အောင်ဆန်း အယ်ဒီတာအဖြစ် တာဝန်ယူစဉ် မဂ္ဂဇင်းမှာ အတွဲ ၆၊ အမှတ် ၁ သို့ ရောက်လာပါသည်။

သမဂ္ဂအသင်း၏ အမှုဆောင်များကို နှစ်စဉ်ဓာတ်ပုံရိုက်၍ အသင်းအဆောက်အအုံနံရံတွင် ချိတ်ဆွဲထားရာ၌ ကျနော် မဂ္ဂဇင်းအယ်ဒီတာအဖြစ် တာဝန်ယူစဉ်အခါက ဓာတ်ပုံတခုလည်း ထိုအခါက ရှိနေပါသည်။ ထိုအခါက သမဂ္ဂအသင်း၏ ဥက္ကဋ္ဌမှာ ဦးသိန်းမောင် ဖြစ်ပါသည်။ ဥပဒေတန်းတက်နေသူဖြစ်ပြီး သူ့ကို "ကုလားမသိန်းမောင်"ဟူ၍ ခေါ်ကြပါသည်။ ထိုဓာတ်ပုံတခုကို ကျနော်ထံ သိမ်းဆည်းထားခဲ့ဖူးရာ ကျနော်၏ပုံမှာ နောက်ဆုံးတန်းညာဘက်က လက်နောက်ပစ်လျှက် ရှိနေပြီး အောက်ခြေတွင် "ကိုချမ်းမြ (မဂ္ဂဇင်းတာဝန်ခံ)" ဟူ၍ စာတန်းထိုးထားပါသည်။ ထိုအခါက ကိုညိုမြလည်း အမှုဆောင်တဦး ဖြစ်ခဲ့ပါသည်။

ယခုအခါ ယင်းဓာတ်ပုံတစ်ခုသည် ရန်ကုန်တက္ကသိုလ်များ စာကြည့်တိုက်တွင် ရှိနေလိမ့်ဦးမည် ထင်ပါသည်။ ၁၉၃၅-၃၆ ခုနှစ်တွင် သခင်အောင်ဆန်းသည် မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာဖြစ်လာပြီး ၁၉၃၆-၃၇ ခုနှစ်တွင် ကိုညိုမြက မဂ္ဂဇင်းတာဝန်ခံအဖြစ် ဆက်လက်ထမ်းဆောင်ပါသည်။ သခင်အောင်ဆန်းသည် ၁၉၃၅-၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း တာဝန်ခံဖြစ်လာစဉ် ယင်းမဂ္ဂဇင်း၏ ခေါင်းကြီးပိုင်းတွင် "အနိုင်မခံ" ကဗျာကို ရေးသား ထည့်သွင်းပါသည်။ ဤဘာသာပြန်ကဗျာကို သူကိုယ်တိုင် ဘာသာပြန်ရေးသားကြောင်းကိုလည်း ကျနော် ကိုယ်တိုင်သိပါသည်။ ကျနော်သည် သမဂ္ဂအသင်းသို့ အားလပ်သည့်အချိန်တိုင်း သွားရောက်လည်ပတ်ပါသည်။ ထိုအချိန်အခါက ၁၉၃၆ ခု ဇွန်လတွင် ကျနော် မြန်မာစာဌာနတွင် အချိန်ဝက်နည်းပြ ဆရာအဖြစ် ခန့်ထားခြင်းခံရပြီး မဟာဝိဇ္ဇာတန်းကို တက်ရောက်သင်ကြားနေသည့်အခါ ဖြစ်ပါသည်။ သမဂ္ဂသို့ ရောက်လာသည့်အခါတိုင်း သခင်အောင်ဆန်းနဲ့ တွေ့ကြပါသည်။

တနေ့သော် သခင်အောင်ဆန်းက ကိုချမ်းမြ၊ ကပ္ပတိန်အောက်ဖ်သည် ဆိုးလ် (Captation of the Soul) ကို ခင်ဗျား ဘယ်လိုပြန်မလဲဟု မေးပါသည်။ ကျနော်က ပေါရာဏစကားမှာတော့ ကပ္ပတိန်ဆိုတဲ့ ဝေါဟာရမျိုးကို ထမုန်သူကြီးဟူ၍ ဆိုပါတယ်။ ဒါပေမယ့် မာလိန်မှူးဆိုရင် ပိုကောင်းပါလိမ့်မည် ထင်တယ်ဟူ၍ ပြန်ဖြေလိုက်ပါသည်။ ဤဝေါဟာရကိုလည်း သခင်အောင်ဆန်းက သဘောမကျသူပါ။ မကြိုက်သေးဘူးဗျာ၊ လူတိုင်းနားလည်နိုင်မှ ကောင်းမှာ ဟူ၍ပြောပြီး သူ၏မှတ်စုအကြမ်းစာအုပ်ထဲတွင် ယင်းကဗျာဘာသာပြန်ကို ရေးခြစ်လိုက်၊ ဖျက်လိုက်လုပ်နေသည်ကိုပင် တွေ့ရပါသည်။

ကိုအောင်ဆန်းသည် သွားလေရာ၌ စာအုပ်တအုပ် သူ၏လက်ထဲတွင် ပါလာတတ်ပါသည်။

ထိုအခါက သူ၏လက်ထဲတွင် လက်ရွေးစင် အင်္ဂလိပ်ကဗျာကောက်နုတ်ချက် (Selected Poems) တအုပ် ရှိနေပါသည်။ အနိုင်မခံကဗျာ ကိုအောင်ဆန်းရေးသားရာ၌ အိုးဝေမဂ္ဂဇင်းခေါင်းကြီးပိုင်းတွင် သူ၏ နာမည်မပါ ကြောင်းမှာ အဆန်းမဟုတ်ပါ။ ခေါင်းကြီးပိုင်းကို ရေးသားသူ၏အမည်မှာ မဂ္ဂဇင်းတို့၏ ထုံးတမ်းစဉ်လာအရ ပါလေ့ပါထ မရှိကြပါ။ ခေါင်းကြီးပိုင်းကို တာဝန်ခံအယ်ဒီတာများကသာလျှင် ရေးသားကြရစမြဲ ဖြစ်ပါသည်။ အခြားကဗျာတပုဒ်စ ၂ ပုဒ်စကိုလည်း သခင်အောင်ဆန်း ရေးဖူးသည်ကို သိပါသည်။ သို့သော် သူ၏အမည်ကို မတွေ့ရပါ။

"ကျုပ်တို့က ရေးမည့်ရေးရင်လည်း နာမည်ရင်းသာ ထည့်မယ်၊ ကလောင်အမည်ကိုတော့ ဘယ်တော့မှ မသုံးဘူးဗျ" ဟူ၍ သူပြောတတ်သည်ကိုလည်း ကြားသိရဖူးပါသည်။ တချို့စာပေသုတေသီများက ဆိုကြသည်။ "ကိုအောင်ဆန်း ကဗျာတွေဟာ အလွန်တက်ကြွတဲ့ တိုက်ပွဲဝင်ကဗျာတွေ ဖြစ်လို့ သူ့နာမည်ကို မထည့်ဘူး၊ လွတ်လပ်ရေးတိုက်ပွဲဝင်နေစဉ် ဆုံးခန်းတိုင်မရောက်မီ အဖမ်းအဆီး မခံသင့်သေးဘူးလို့ သူ ယူဆတယ် ထင်တယ်တဲ့။"

ကဗျာဟူသည် တပုဒ်တလေသာ ရေးဖွဲ့စေကာမူ ပြောင်မြောက်သော ကဗျာဖြစ်ပါက တပုဒ်တည်းနဲ့လည်း ကျော်ကြားခဲ့ရဖူးပါသည်။ ရှေးအခါက ရကန်ဆရာဦးတိုး၊ ဧချင်းဆရာ ဦးဖျော်တို့သည် ဤအတိုင်းပင် ဖြစ်ကြသည်။ ဤကဗျာကို သခင်အောင်ဆန်းသည် W.E.Henley ၏ Invictus ကဗျာမှတဆင့် ဘာသာပြန်၍ ရေးဖွဲ့ထားသည်ဖြစ်သောကြောင့် သူ၏ကိုယ်ပိုင်ဉာဏ်မဟုတ်ဟူ၍ တချို့ဆိုချင်ဆို ကြလိမ့်မည်။ ကဗျာဆရာကို ဤသို့ အပြစ် မတင်ထိုက်၊ ရှေးအခါက ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရ တို့သည်လည်း ဘုရားဟော ၅၅၀ ဇာတ်တော်လာ ဝတ္ထု၊ အဌကထာဋီကာများမှ ဘာသာပြန်ဆိုပြီး ပျို့ကဗျာ တီထွင်ရေးသားကြသည်ပင် ဖြစ်ကြပါသည်။

ယခု ကျနော်တို့သည် သခင်အောင်ဆန်း၏ကဗျာကို ဖတ်ရှုပါလျှင် အလွန်လေးနက်ပြောင်မြောက် သော အဖွဲ့အနွဲ့၊ ရဲသွေးရဲမာန်စိတ်ဓာတ်ကို သွေးသွင်းသေးသော စကားလုံးများကို တွေ့ကြရပါသည်။ ထို့အပြင် အင်္ဂလိပ်ဘာသာမှ မြန်မာပြန်ဆိုပုံများသည်လည်း အလွန်လေးနက်ပေါ်လွင်လှသည်။ မြန်မာဆန်သော ဝေါဟာရများကို ရွေးချယ်ပြီး အကွက်ကျကျ သူ့နေရာနဲ့ သူ ထားသိုသုံးစွဲတတ်သည်မှာ များစွာ ချီးမွမ်းဖွယ် ဖြစ်ပါသည်။

ရှေးအခါ လူကြီးများ ပြောဆိုကြရာ၌ ကလေး၊ သူရူး၊ သဘင်သည်၊ ကဗျာဆရာတို့ မည်သည် သူတု့ိပြောဆိုဖွဲ့နွဲ့သော စကားများ၌ အတိတ်တဘောင်များ ပါလာတတ်သည်။ နမိတ်လက္ခဏာများလည်း ပါလာတတ်သည်ဟု ဆိုကြပါသည်။ အလောင်းမင်းတရားကြီး လက်ထက်တော်အခါက စိန္တကျော်သူဟူသော ကဗျာဆရာကြီး တဦးသည် သူရေးလေသမျှ ကဗျာရတုများ၌ အတိတ်နိမိတ်လက္ခဏာများ ပါလာတတ်သည်ကို တွေ့ကြရသည်ဟု ဆိုသည်။ ထို့အတူ ယခု သခင်အောင်ဆန်း၏ကဗျာ၌လည်း သူကိုယ်တိုင် ဖတ်ထားသော နိမိတ်ရှေ့ပြေးများကို မျက်ဝါးထင်ထင် တွေ့ကြရပါသည်။

ထို့ကြောင့် သခင်အောင်ဆန်း၏ကဗျာကို ကျနော်တို့ ဖတ်ကြည့်ကြပါစို့။

INVICTUS

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်၊ ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။

Out of the Night that covers me, black as the pit from pole to pole. I think what ever Gods may be for My unconquerable soul.

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့ ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ၏ဦးခေါင်းသည် သွေးသံတို့ ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။

In the fell clutch of circumatance I have not winced nor cried aloud. Under the bludgeoniñG of chance My head is bloody, but unbowed. Beyond the place of wrath and tears, Loom but the horror of the shade.

ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မယ်ဖွယ်ရာ ငံ့လင့် လျက် ရှိ၏။ သို့သော် ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

And yet the menace of the years finds and shall find me unafraid.

သုဂတိသို့ သွားရာတံခါးဝသည် မည်မျှကျဉ်းမြောင်းသည် ဖြစ်စေ၊ ယမမင်း၏ ခွေးရေပရပိုက်၌ ငါ့အပြစ် တို့ကို မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ၊ ငါကား ဂရုမပြု။

It matters not how strait the gate, how charged with punishments in the scroll.

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏အကြီးအကဲ ဖြစ်သတည်း။

I am the moster of my fate. I am the captain of my soul.

အထက်ပါ ကဗျာ၌ သခင်အောင်ဆန်းသည် မြောက်ဝင်ရိုးစွန်းမှသည် တောင်ဝင်ရိုးစွန်းတိုင်အောင် တူးထားသော တွင်းကျဉ်းတခုကို သူ့အမြင်၌ ခံစားမိသည်။ ကမ္ဘာလုံးကြီးတခုကို ရှေ့၌ထားကြည့်ပါလျှင် အပေါ်မြောက်ဝင်ရိုးစွန်းမှ အောက်တောင်ဝင်ရိုးစွန်းအထိ တူးဖော်ထားသော ကျင်းတစ်ခုကို သူမြင်သည်။ အချိန်ကာလမူ မိုက်မှောင်နေသော လကွယ်သန်းခေါင်အခါဖြစ်သည်။ သို့ငြားသော်လည်း သူသည် မကြောက်၊ ဤမကြောက်စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားများကို သူကျေးဇူးဆိုမိသည်။

ဤနေရာ၌ (Great men think alike) ဟူသော အင်္ဂလိပ်စကားပုံတခုကို ကျနော်သတိရမိသည်။ ပညာရှိကြီးများ၏ တွေးဆပုံသည် တဦးနဲ့ တဦးတူကြသည်။ ဦးပုည၏ "လှေခံ အလှူခံမေတ္တာစာတွင် ဥမင်တွင်း၌ ကျင်းခုနစ်တောင် နက်အောင်တူး၍ လကွယ်နေ့တွင် မိုက်ငွေ့လူလူ၊ ဖွားတော်မူသည်။ ငကြူ”ဟူ၍ ရေးသားထားဖူးပါသည်။

ကဗျာ၏ဒုတိယအပိုဒ် "In this fell clutch" ကို ဘာသာပြန်၍ ဖွဲ့နွဲ့ပုံမှာ ဗုဒ္ဓဘာသာတရားတော်များနဲ့ များစွာ ညီညွတ်တိကျလှသည်။ ကြမ်းကြုတ်သော လက်ဆုပ်တွင်းဟူ၍ ဘာသာပြန်ပုံမှာ များစွာဆီလျော်သည်။ Circumstance ကို သူသည် တွေ့ကြုံနေရသော ဘုံဘဝကို ဆိုလိုပေသည်။ ဤစကားလုံးကိုပင် "လောကဓံတရား၏" ဟူ၍ ပြန်ဆိုလိုက်ပုံမှာ မြန်မာတို့၏ လက်သုံးစကား "ရှင်၊ သေ၊ ဖြစ်၊ ပျက်၊ ရ၊ ကန်၊ ဆံ၊ ကဲ၊ ပူဆင်းရဲ" ၏ သဘောကို လေးနက်စွာ သူတင်ပြထားခြင်းပင် ဖြစ်သည်။

"Bludgeoning of chance"ကို သူပြန်ဆိုလိုက်ပုံက ကံတရား၏ ရိုက်ပုတ်ခြင်းအနက်ကို သူတိုတိုတုတ် တုတ်ဖြင့် တင်ပြခြင်းဖြစ်သည်။ အမှန်စင်စစ် Bludgeoning ဟူသည်မှာ ပုလိပ်တို့ ကိုင်စွဲသော နံပါတ်တုတ်ဖြင့် ရိုက်ခြင်းကို ကဗျာက ဆိုလိုခြင်းဖြစ်ပါသည်။ Chance ဟူသည်မှာ အခွင့်အရေးတိုက်ဆိုင်ခြင်းကို သူ ဆိုလိုပေသည်။ အကြောင်းတခု၏ တိုက်ဆိုင်မှုကြောင့် ငါ့အား နံပါတ်တုတ်ဖြင့် ရိုက်ခြင်းခံရသည် ဖြစ်၍ ငါ၏ခေါင်းသည် သွေးချင်းချင်း နီရဲနေ၏။ ငါ့ကား ဦးခေါင်းကို မညွှတ်၊ မငုံ့ဟူ၍ သူဆိုလိုပေသည်။

ဤစကားကိုထောက်လျှင် သူသည် နောက်များမကြာမီ ဖြစ်ပေါ်လာမည့်အကြောင်း နိမိတ်များကို သူ မြင်ထားလေသလော မသိ။ ၁၉၃၈ ခုနှစ် ဒီဇင်ဘာလတွင် ရေနံမြေ၌ ကျောင်းသားခေါင်းဆောင် ကိုဘဟိန်း၊ ကိုဘဆွေတို့အား အင်္ဂလိပ်အစိုးရက ဖမ်းဆီးထားလေမှုကြောင့် ကျောင်းသားများ အတွင်းဝန်ရုံးကို ဝိုင်း၍ ဆန္ဒပြကြရာတွင် ကျောင်းသား ၃၀ ခန့် သွေးမြေကျရသည်။ ပုလိပ်တို့၏ နံပါတ်တုတ်ဒဏ်ကြောင့် သွေးချင်းချင်းနီကာ ဗိုလ်အောင်ကျော် သေဆုံးခဲ့ရသည်။

သို့သော် သူတို့သည် ဦးခေါင်းမှ သွေးချင်းချင်းနီအောင် ကျခဲ့ရသော်လည်း ဦးခေါင်းကို မညွှတ် ဟူသော အဖြစ်ကို သူသည် ၂ နှစ်ကျော်ကာလကပင် ကြိုတင်၍ နိမိတ်ရှေ့ပြေး မြင်ထားလေသလောဟူ၍ ထင်မြင်ရသည်။ ဤအနိုင်မခံကဗျာကို ၁၉၃၆ ခုနှစ်၊ ဇန်နဝါရီလတွင် သူရေး၍ထည့်ခဲ့သည်။ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗိုလ်အောင်ကျော် သေဆုံးရသည်။ ကဗျာဟူသည် အတိတ်နိမိတ်ကိုဆောင်လျက် ထွက်ပေါ်လာစမြဲတည်း။

ထိုကဗျာ၏တတိယအပိုဒ်တွင်ကား (Beyond the place of wrath and tears, Loom But the Horror of the Shade) ဟူသော စကားကို သခင်အောင်ဆန်းသည် ဘာသာပြန်ဆိုလိုက်ပုံကား စိတ်ထိခိုက်ခြင်း ဖြစ်ရလေသည်။ ဤအပိုဒ်ကား အတိတ်နိမိတ်ဆန်လှသည်။

သူပြန်ဆိုလိုက်ပုံ၌ လောဘ၊ ဒေါသတို့၏ ကြီးစိုးရာဟု ဆိုခဲ့သော်လည်း ဤကမ္ဘာကြီး၌ နယ်ချဲ့သည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် မင်းမူနေ၏။ မင်းမူခြင်းကြောင့် ခံစားတွေ့ကြုံနေရသော ဒုက္ခ၊ ကျဆင်းခဲ့ရသော မျက်ရည်တို့သည် အိုင်ထွန်းလျက်ရှိ၏။ ဤလောဘ၊ ဒေါသတို့ကင်းရာ ကုန်ရာဖြစ်သော အခြားမဲ့၌ကား ငါ့အား နားနေစရာ၊ ကြောက်မက်ဖွယ်ရာ သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ဟူ၍ သူ ဆိုလိုက်ပေသည်။

ဤကား သူ့အတိတ်၊ ဤကား သူ့နမိတ်ပင်တည်း။ နယ်ချဲ့၏ အာဃာတ၊ ရန်ငြိုး၊ လောဘ၊ ဒေါသ၊ မော ဟတို့၏ မင်းမူခြင်းအောက်မှ မလွတ်ကင်းသေးသမျှ သူ့နိုင်ငံအတွက် သူ ငိုခဲ့ရ၏။ သူ ပူဆွေးခဲ့ရ၏။ ဤ ပူဆွေး ငိုကြွေးခြင်း၏ ကင်းရာ ကုနရာ အခြားမဲ့၌ သူ့အား နားနေရာ (Rest in peace) အရိပ်အာဝါသကြီးသည် သူ့အား ငံ့လင့်လျက်ရှိသည်ဟူ၍ သူရေးသားခဲ့၏။ ၁၉၃၆ ခုနှစ်တွင် ဤကဗျာတွင် သူရေးသားခဲ့ပြီးနောက် ၁၁ နှစ်မြောက်ကြာသော ၁၉၄၇ ခုနှစ်တွင် သူသည် ငံ့လင့်လျက်ရှိသော အရိပ်အာဝါသကြီးအောက်သို့ သူ ရောက်ရလေတော့သည်။

ဤကား သူသည် ၁၁ နှစ်မတိုင်မီကာလပင် မြင်ထားသောနိမိတ်ဟူ၍ ဆိုရပေမည်လောမသိ။

ကဗျာစပ်ဆိုပြီး၍ ၁၁ နှစ်ကျော်ကာလသို့ ရောက်လေသော ၁၉၄၇ ခုနှစ်တွင် တိုင်းပြည်အတွက် သူ့အသက်ကို စတေးခြင်းခံရတော့မည်ကို သူမသိ၍ကား မဟုတ်၊ သူ သိပါသည်။

"ဗိုလ်ချုပ် သတိထားပါ၊ ယခုတလော လက်နက်တွေ ပျောက်ရှနေတယ်တဲ့၊ ဦးစောကလည်း သူ့မျက်စိက ဒဏ်ရာဟာ ဗိုလ်ချုပ်ဘက်တော်သားတွေရဲ့ လက်ချက်လို့ စွပ်စွဲနေတယ်တဲ့"ဟူသော သတိပေးစကားကိုပင် သူ ဂရုမစိုက်။

"ဟေ့ လွတ်လပ်ရေးကြိုးပမ်းနေတဲ့ နိုင်ငံချစ်ပုဂ္ဂိုလ်ဆိုတာ တနေ့နေ့ ဒီလမ်းကိုပဲ သွားကြရတာပဲ၊ ဒါ ဟာ အဆန်းလား"ဟူ၍ ဗိုလ်ချုပ်က ဆိုခဲ့သေး၏။

သခင်အောင်ဆန်း၏ ဘာသာပြန်ဆိုပုံတွင် လက်ဖျားခါရလောက်အောင် ချီးမွမ်းဖွယ် သူသုံးစွဲထားသည့် အပိုဒ်မှာ စတုတ္ထအပိုဒ် ဖြစ်ပါသည်။

၎င်းကား (It matters not how strait the gate, How charged with punishments in the scroll) ဟူသော အပိုဒ်ဖြစ်ပါသည်။ ဤအပိုဒ်၌ သူဆိုလိုသည်မှာကား။

သုဂတိသို့သွားရာလမ်းသည် အလွန်ပင် ခက်ခဲကျဉ်းမြောင်းလှသည်။ လူတိုင်းမရောက်နိုင်၊ ခက်ခက်ခဲခဲ ကျော်လွန်ပြီးမှ ရောက်ရသည်။ ဒုဂတိဘုံ၏တံခါးမှာကား ကျယ်လွန်းလှသည်။ ငရဲဘုံသို့ အသွားများသဖြင့် တံခါးဝကဖြင့် ကျယ်လွန်းလှသည်။ ဤသည်ကိုလည်း သူသည် တရားသဘောဖြင့် မြင်ခြင်းဖြစ် သည်။ ထို့ကြောင့် သူ ဆိုလိုက်သည်။

"ငါ့အတွက် ကျဉ်းမြောင်းလှသည့် သုဂတိဘုံသို့ သွားရသည်ပင်ဖြစ်စေ၊ ကျယ်ဝန်းလှသည့် ဒုဂတိဘုံသို့ သွားရသည်ပင်ဖြစ်စေ၊ ငါသည် ဂရုမစိုက် ငါ့အပေါ် အပြစ်အနာအဆာတွေကို ဘယ်လိုပင် ကုတ်ကပ်ရှာ ဖွေပြီး ဥပဒေ ပုဒ်ထီးပုဒ်မတွေနှင့် ဘယ်လိုပင် စွဲချက်တင်သည်ပင်ဖြစ်စေ၊ ငါ၏မကောင်းမှုဟူသမျှတွေကို ယမမင်း၏ ခွေးရေပုရပိုက်၌ မည်မျှပင် ရေးမှတ်ထားပြီး ပေးမည့်အပြစ်ဒဏ်ကိုလည်း ရေးမှတ်စာရင်း ပြထားသည့် တိုင်အောင် ငါသည် ဂရုမစိုက်" ဟူ၍ သူဆိုလိုက်ခြင်းဖြစ်ပေသည်။

ဤကဗျာကို ထိုခေတ်က လူငယ်ကလေးများအား နိမ့်ကျသောစိတ်ဓာတ်၊ သူရဲဘောကြောင်နေသော စိတ်ပျော့စိတ်ညံ့တို့ကို ချေမှုန်းလျက်၊ သတ္တိပြောင်မြောက်ရလေအောင် သူရသတ္တိနဲ့ ရဲရဲတောက် လူငယ်များ ပေါ်ပေါက်လာရလေအောင် ရဲဆေးတင်ပေးလိုက်သော ကဗျာဖြစ်ပေသည်။

ထို့ကြောင့် ထိုခေတ် ထိုအခါက လူငယ်ဟူသမျှ စိတ်ဓာတ်ကြံ့ခိုင်လှပြီး နယ်ချဲ့ကို ခံတိုက်လိုစိတ်များ တဖွားဖွား ပေါ်ပေါက်လာလျက် မြင်းခွာတချက်ပေါက်က မီးတချက်တောက်ခဲ့သည်ဟု ဆိုချင်ပါ သည်။

ကမ္ဘာစစ်ကြီးဖြစ်လုနီး၍ သခင်အောင်ဆန်းသည် ဂျပန်ပြည်သို့ ရဲဘော်သုံးကျိပ်ဝင်အဖြစ် သွားရောက်ရမည့်အချိန်ပိုင်းတွင် ခေတ္တပုန်းအောင်းနေရရာ ထိုအချိန်မှာ ပုလိပ်မင်းကြီးက သခင်အောင်ဆန်းအား ဆုငွေ ၅ ကျပ်ထုတ်၍ပင် ကြေညာထားသောအခါ ဖြစ်ပါသည်။ ထိုအချိန်က ကျနော်သည် သထုံကျောင်းဆောင်၌ အဆောင်မှူးအဖြစ်ဖြင့် အမှုထမ်းနေချိန်ဖြစ်ပါသည်။ ကျောင်းများလည်း ပိတ်ထားချိန် ဖြစ်၍ မည်သူမျှမရှိကြပါ။ ထိုသထုံကျောင်းဆောင်အလယ်ထပ် အမှောင်ခန်းတခုအတွင်း၌ သခင်အောင်ဆန်းသည် လာရောက် ပုန်းအောင်းနေသည်ကို ကျနော် အမှတ်မထင် တွေ့ရပါသည်။ သူသည် အလွန်အဖျားတက်နေဟန်တူပါသည်။ အစောင့်ဒရဝမ်က လူသံကြားသည်ဟူ၍ လာပြောသည့်အခါ ကျနော်က တံခါးဖွင့်ကြည့်သည်တွင် ပက်ပင်းပါ သူ့ကို တွေ့ရသည်။

သူ့အား တတ်နိုင်သလောက် အကူအညီပေးပြီးနောက် တနေ့တွင် သူ ထိုနေရာမှ ပျောက်သွားပြန်ပါသည်။ ဤအကြောင်းကို လွတ်လပ်ရေးရပြီးခါစအချိန်က မြဝတီမဂ္ဂဇင်းတွင် "အိမ့်နိမ့်စံ" ကိုအောင်ဆန်း ဟူသော ခေါင်းစဉ်ဖြင့် ကျွန်တော် ဆောင်းပါးတစောင် ရေးခဲ့ပါသည်။

မြန်မာပြည်ကို ဂျပန်များ သိမ်းပိုက်စဉ်အခါက တောင်ငူမြို့၌ ကျနော်သည် ၁၉၄၂ မှ ၁၉၄၅ ခုနှစ် တိုင်အောင် အရှေ့အာရှလူငယ်များအသင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုအခါကလည်း တပ်မတော်အတွက် ရန်ကုန်မှ ဗိုလ်ထွန်းလှတို့ တောင်ငူခရိုင်အတွင်း စစ်သားစုဆောင်းရန်လာကြရာ၊ ကျနော်တို့ အာရှလူငယ်အဖွဲ့ကပင်လျှင် စစ်သားလောင်း ၁၀၀ ခန့်ကို တောရွာများသို့ ဆင်း၍ စုဆောင်းပေးကြရပါသည်။

ကမ္ဘာစစ်ကြီး ပြီးမြောက်သည့်အခါ ဗိုလ်ချုင်အောင်ဆန်းသည် ရွှေတိဂုံခြေရင်း၌ ပထမဆုံးအကြိမ် ဖဆပလ ပြည်လုံးကျွတ်ညီလာခံကြီးကို ခေါ်ယူစဉ်အခါကလည်း တောင်ငူမြို့မှ ကိုယ်စားလှယ်အဖြစ် ကျနော် တက်ရောက်လာခဲ့ပါသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့ရပြီး သူနဲ့တကွ ရန်ကုန်သို့ လာ၍ နိုင်ငံရေးလုပ်ပါ ဟူ၍ တိုက်တွန်းပါသော်လည်း ကျနော်က ဝါသနာမပါကြောင်းကို တင်ပြ တောင်းပန်ခဲ့ပါသည်။

ထိုအခါက မှတ်မှတ်ရရပင် သူက တောင်ငူမြို့သို့ လွတ်လပ်ရေးတရားဟောရန် လာခဲ့မည့်အကြောင်း လာလျှင် ကျနော်ထံသို့ ဝင်လာမည့်အကြောင်း မှာကြားပါသည်။ တချိန်တွင် သူသည် တောင်ငူမြို့သို့ ရောက်လာစဉ် သူ မှတ်မိလေသလောမသိ ကျနော်အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရှေးဦးစွာ ဝင်လာလျက် မျက်နှာသစ်၊ လက်ဖက်ရည်သောက်ပြီးမှ တရားပွဲကို သွားပါသည်။

တရားပွဲမှာ ကျနော်၏ ရုပ်ရှင်ရုံ "ရင်စီနီမာ"၌ ကျနော် ပြင်ဆင်ထားရာ ထိုနေရာသို့ ကျနော်နဲ့အတူ ရောက်လာကြပါသည်။

ထိုအခါသည် သူနဲ့ ကျနော် နောက်ဆုံးတွေ့ကြရသည့် အချိန်ဖြစ်ပါသည်။ ထို့နောက် ဗိုလ်ချုပ်သည် ကြာကြာ မနေလိုက်ရတော့ပါ။ လောဘ၊ ဒေါသတို့၏ ကြီးစိုးရာ ဤကမ္ဘာ၏အခြားမဲ့၌ သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ဟူသော အတိတ်နမိတ်အတိုင်း မြန်မာ့လွတ်လပ်ရေးကြီးကို လက်လှမ်းယူနေဆဲအခါ၌ပင် တိုင်းပြည်အတွက် သူ့အသက်ကို စတေးခံ၍ သွားရပါလေတော့သတည်း။

မြကေတု

(စစ်ပြန်မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၈၁)

1 week Ago

ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့တွင် ဖခင်အတွက် လွမ်းသူပန်းခွေချ ကန်တော့ခွင့်မရ

၇၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နိုင်ငံတော်အဆင့်အခမ်းအနားကို ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ခြေရင်းက အာဇာနည်ဗိမာန်မှာ ဇူလိုင် ၁၉ ရက် ဒီနေ့မနက်က ကျင်းပရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ  အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခံထားရ တာကြောင့် တက်ရောက်ခွင့်မရခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ်က ၇၃ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားမှာတော့ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေ စုံစုံညီညီ တက်ရောက်ခဲ့ကြပြီး လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတော်မှာ အဆင့်အမြင့်ဆုံးတာဝန်ယူထားကြတဲ့  သမ္မတ ဦးဝင်းမြင့်၊ ဒုသမ္မတ ဦးမြင့်ဆွေ၊ လွှတ်တော်အကြီးအကဲတွေနဲ့ တရားသူကြီးချုပ်တို့ အပြင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပါ ပြီးခဲ့တဲ့နှစ်က အာဇာနည်ဗိမာန်ကို လာရောက် လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြတာဖြစ်ပါတယ်။

အခုနှစ်မှာတော့ နိုင်ငံတော် အာဏာကိုစစ်တပ်ကသိမ်းထားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားခဲ့တာမို့  ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ခွင့် မပြုခဲ့ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားကြီး ဦးအောင်ဆန်းဦးနှင့်ဇနီးမိသားစု ကိုယ်စား ရန်ကုန်စည်ပင်ဌာနမှူး ဒေါက်တာ တိုးအောင်ဆိုသူက လွမ်းသူ့ပန်းခွေချကာ ဂါရဝပြုခဲ့တာကို စစ်ကောင်စီ  မီဒီယာတွေမှာ ပြသခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ၊ ဦးဘဝင်းနဲ့ သက်တော်စောင့် ရဲဘော်ကိုထွေတို့ရဲ့ မိသားစုတွေလည်း ကိုယ်တိုင် အခမ်းအနားလာတက်တာမတွေ့ရဘဲ   လွမ်းသူ့ပန်းခွေတွေ ကိုယ်စားလာချတာသာ မြင်တွေ့ရပါတယ်။ 

ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်သပိတ်တွေကို မြို့တချို့မှာ ပြုလုပ်ခဲ့ပြီး ရန်ကုန် ပြည်သူတွေကလည်း ဗိုလ်ချုပ်တို့ ကျဆုံးခဲ့တဲ့ ၁၀ နာရီ ၃၇ မိနစ်မှာ  ကားဟွန်းတီးသပိတ်၊ အလေးပြုသပိတ်တွေပြုလုပ်ခဲ့ကြပါတယ်။ 

လွန်ခဲ့သော ၇၄ နှစ်က အခုလိုနေ့မျိုးမှာ  နိုင်ငံအတွက် အသက်ပေးခဲ့ကြရတဲ့ အာဇာနည်ပုဂ္ဂိုလ် ကိုးဦးကို ဂုဏ်ပြုကြောင်း ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ထားသလို   ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်နေကြတဲ့ မြန်မာပြည်သူတွေအနေနဲ့လည်း ဒီအမွေအနှစ်တွေကနေ ခွန်အားတွေ ရရှိနိုင်ကြစေဖို့ ဆုတောင်းပေးထားခဲ့တာကို တွေ့ရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးနဲ့ ဆွစ်ဇာလန်သံရုံးတွေကလည်း အာဇာနည်ခေါင်းဆောင်တွေကို ဂါရဝပြုကြောင်းနဲ့ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကာ လွတ် လပ်မှုနဲ့ ဒီမိုကရေစီကိုကာကွယ်ဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခုခံရင်း မြန်မာ့နွေဦး တော် လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းအားလုံးကိုလည်း အမှတ်ရ ဂုဏ်ပြုကြောင်း ဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင်ကြီး ၈ ယောက်နဲ့ ကိုယ်ရံတော် ၁ ယောက် လုပ်ကြံခံခဲ့ရပြီး ကျဆုံးတဲ့နေ့ကို နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့တာဟာ အခုနှစ်မှာ ၇၄ နှစ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနေ့မှာတော့ အစိုးရရုံးတွေ၊ ဈေးဆိုင်တွေကို  ပိတ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အလံကို တိုင်တဝက်လွှင့်ထူထားကြလေ့ရှိပြီး ပြည်သူလူထုတွေကလည်း သက်ဆိုင်ရာ မြို့တွေနယ်တွေ အသီးသီးမှာရှိတဲ့ အာဇာနည်အထိမ်းအမှတ်နေရာတွေမှာ  လွမ်းသူ့ပန်းခွေချ အလေးပြုတာတွေ ပြုလုပ်လေ့ရှိတာပါ။

အခုနှစ်မှာတော့  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအခြေအနေကြောင့်လည်း ပြည်သူတွေ လူစုလူဝေးနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို  ဂါဝရမပြုနိုင်သလို ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ပြတိုက်နဲ့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့  အတွင်းဝန်ရုံးဟောင်းနေရာတွေကိုလည်း ပြည်သူတွေ သွားရောက်လေ့လာခွင့် မရတော့ပါဘူး။

1 week Ago

နိုင်ငံတော်လုပ်ကြံမှု၌ အစဖျောက်ခံလိုက်သော တရားခံတယောက်

“မကောင်းမှုဟူသည်ဆိတ်ကွယ်ရာမရှိ”ဆိုသော မြန်မာ့ဆိုရိုးစကား ရှိသည်။ ထိုစကား မှန်နိုင်ဖွယ်ရာရှိသည်ဟု ထင်သည်။ အဘယ်ကြောင့်ဆိုမူ နိုင်ငံတော်လုပ်ကြံမှုတွင် ကျဆုံးခဲ့ရသော ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံခေါင်းဆောင်ကြီးတို့ ကျဆုံးခဲ့ရသည်မှာ နှစ်ပေါင်း ၇၄ နှစ်ပင် ပြည့်ခဲ့သော်လည်း လုပ်ကြံသူတို့နှင့် ပတ်သက်သော သံသယတို့ကား တိုးပွားနေဆဲဖြစ်သည်။

တချိန်က လျှို့ဝှက်ထားခဲ့ကြသော ကိစ္စရပ်များကို ယခုအချိန်တွင် ပြန်လည်ဖော်ထုတ်လာသည်ကို တွေ့နေရသည်။ မကြာမီကပင် သမိုင်းပညာရှင် ဒေါက်တာအောင်ခင်၏ Who Killed Aung San ဆိုသော စာအုပ် ထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ပြည်တွင်းပြည်ပ ပညာရှင်တို့ ရှာဖွေဖော်ထုတ်ခဲ့ကြသော အချက်လက်အသစ်များလည်း ပေါ်ထွက်လာခဲ့ပါသည်။

အဆိုပါစာအုပ်များ မထွက်မီကတည်းက ရှေ့မီနောက်မီ နိုင်ငံရေးသမားတို့၏ ပြောပြချက်များတွင်လည်း ဂဠုန်ဦးစောအပြင် ကြံရာပါတွေ ရှိသေးသည်ဆိုသော အချက်ဖြင့် မေးမြန်းရှာဖွေခဲ့သည့် မှတ်ချက်များကိုလည်း ပြန်လည်သုံးသပ်ကြည့်မိသည်။

အထူးသဖြင့် နိုင်ငံတော်လုပ်ကြံမှု တရားခွင်စစ်ဆေးချက်အချို့ကို ပြန်လေ့လာမိသည်။ ထိုမှတ်တမ်းများထဲမှ လက်လှမ်းမီရာ ရှာကြည့်သောအခါတွင် စိတ်ဝင်စားစရာ အချက်အချို့ကို ဂဠုန်စောနှင့် သူ့ရှေ့နေတို့ စစ်ဆေးချက်မှတ်တမ်း၌…. “စောရန်နောင်က နိုင်ငံရေးနယ်ထဲမှာ နေချင်ရင် ၁၉၄၇ နိုင်ငံရေးကို လုပ်ရမယ်လို့ ကျနော့်အားပြောပါတယ်။ ဘညွန့်က ထောက်ခံပါတယ်။ သူတို့နှစ်ယောက်ကပဲ ဝန်ကြီးအဖွဲ့ဝင်များနှင့် ဖဆပလ ခေါင်းဆောင်များကို သုတ်သင်ပစ်ရင် ကောင်းမယ်လို့ ပြောပါတယ်” ဟု ဂဠုန်ဦးစောက ခုံရုံးတွင် ထွက်ဆိုခဲ့သည်။

ထိုစကားကို ပြောသောအချိန်ကို မေးရာ၌ ဖေဖော်ဝါရီလနှင့် မတ်လခန့်ကဟု ဆိုပါသည်။ ထို့နောက်ရှေ့နေချုပ်ကြီးနှင့် တရားသူကြီးအဖွဲ့ဝင် ဦးစီဗူးတို့၏ အမေးကိုဖြေဆိုရာတွင်…။ စောရန်နောင် သူ့ထံလာခဲ့တာ ဖေဖော်ဝါရီလဆန်းမှာပါ။ စောရန်နောင် အိမ်ကိုလာတိုင်း ရဲဘော် တယောက်နှစ်ယောက် ပါလာလေ့ရှိကြောင်း၊ ဘညွန့်နှင့် စောရန်နောင်က ပြည်သိမ်းစီမံကိန်းကို ဖတ်ပြကြောင်း၊ ဒီစီမံကိန်းက ခေါင်းဆောင်တွေကို လုပ်ကြံပြီး အာဏာကို လုယူဖို့ တိုင်းပြည်ကို သိမ်းဖို့ဖြစ်ကြောင်း၊ စာမျက်နှာ ၅ မျက်နှာရှိကြောင်း၊ ထိုစာအောက်မှာ ဘညွန့်၊ စောရန်နောင်နှင့် သူ လက်မှတ်ထိုးထားကြောင်း၊ ရဲချုပ်ဦးထွန်းလှအောင် လာစဉ်က စောရန်နောင်နှင့် ဘညွန့် လက်မှတ်ရေးထိုးထားသော စာတမ်းကို တွေ့ပါကြောင်း ဦးထွန်းလှအောင်က ပြောသွားပါကြောင်း၊ ဧပြီ ၁၃ ရက်နေ့တွင် စောရန်နောင်က ဦးစောအိမ်တွင် စာစီပြီး ဗိုလ်မှူးအောင်ထံသို့ မြန်မာပြည်လုံးဆိုင်ရာ ပြည်သူ့ရဲဘော် အသေခံတပ်ဗိုလ်အဖြစ်မှ နုတ်ထွက်စာပို့ကြောင်းတို့ကို ထွက်ဆိုသွားခဲ့သည်။

အဆိုပါထွက်ချက်များကို လေ့လာရာတွင် ဦးစောသည် သူ့အပြစ်မှ လွတ်မြောက်ရန် ထွက်ဆိုခဲ့သည်ဟု ဆိုနိုင်သော်လည်း စောရန်နောင်ဆိုသောသူနှင့် ပတ်သက်သော အချက်အချို့မှာ မှန်နိုင်ဖွယ်ရာဖြစ်သည်ဟုလည်း မှန်းဆနိုင်ပါသည်။ တရားရုံးတင်သော သက်သေခံစာရွက် အချို့အရ စောရန်နောင်သည် ပြည်သူ့ရဲဘော်မှ နုတ်ထွက်စာကလည်း ရှိနေပါသည်။ သို့သော် ၎င်းတို့သုံးဦး လက်မှတ်ထိုးထားသော “ပြည်သိမ်းစီမံကိန်း” စာတမ်းကိုကား သက်သေခံ မတင်နိုင်ခဲ့သည်ကို တွေ့ရသည်။ အနည်းဆုံး အမှန်တဝက် ပါရှိသည်ဆိုလျှင်ပင် စောရန်နောင်အကြောင်းမှာ စိတ်ဝင်စားစရာ ပဟေဠိတခု ဖြစ်လာတော့သည်။

အမှန်မှာ စောရန်နောင်သည် ပြည်သူ့ရဲဘော် အစစ်မဟုတ်ဟု ဆိုပါသည်။ ယင်းအကြောင်းကို ဗိုလ်စက်ရောင်၏ ပြောပြချက်ကို ကိုးကား၍ ဆရာနေမင်းက “စောရန်နောင်မှာ ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက် စစ်ရေးခေါင်းဆောင်တယောက် ဖြစ်သည်” ဟု ဆိုပါသည်။ ဗိုလ်စက်ရောင်၏ ပြောပြချက်မှာ “စောရန်နောင်ကို အရှင်ဖမ်းမိရင် ဆိုရှယ်လစ်ပါတီနဲ့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှု ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ပေါ်မှာပဲဆိုပြီး တို့ ပြည်သူ့ရဲဘော်တွေကလည်း ဒီကောင်ကို လိုက်ရှာတာပဲ။ မတွေ့ဘူး။ ဆိုရှယ်လစ်ပါတီဂိုဏ်းသား ဗိုလ်ကြာညွန့်နဲ့ ဗိုလ်တင်အောင် (မြေပဒေသာ စီမံကိန်း အထူးအရာရှိ၊ ဂျစ်ကားမှောက်၍ သေဆုံးသူ) တို့က ပဲခူးဘက်မှာ စောရန်နောင်ကို အရင်ဖမ်းမိခဲ့၍ ချုပ်နှောင်ခေါ်လာစဉ် ထွက်ပြေးလို့ ပစ်သတ်ခဲ့တယ်ဆိုပြီး နိဂုံးချုပ်သွားတယ်ကွာ။ ငါ ဒီဇာတ်လမ်းကိုမယုံဘူး” ဟု ဆိုခဲ့ပါသည်။ ဆက်၍ သခင်ကြည်ရှိန်၏ ဖွင့်ဟဝန်ခံချက်တွင် “စောရန်နောင်အား ပဲခူး ၁၀ မိုင်ကုန်းတွင် ထွက်ပြေးသဖြင့် ပစ်သတ်လိုက်ရသည်မှာ မမှန်ကြောင်း။ တမင်ပစ်သတ်ခြင်းဖြစ်ကြောင်း။ စောရန်နောင်၏လုပ်ရပ်သည် ဆိုရှယ်လစ်ပါတီအတွက် သိက္ခာကျစရာဖြစ်နေ၍ ဇာတ်လမ်းမရှုပ်အောင် ဗိုလ်ကြာညွန့်တို့ သတ်ပစ်ခဲ့သည်” ဟု စာပြန်ခဲ့ကြောင်းကို ဆရာနေမင်းက ဖော်ပြ မှတ်တမ်းတင်ထားသည်ကိုလည်း တွေ့ရသည်။

တဆက်တည်း နိုင်ငံတော်လုပ်ကြံမှု တရားခွင်ထွက်ချက်များကိုကြည့်လျှင် တရာခံရှေ့နေ ကာတစ်ဘင်းနက်အမေးကို ထိုစဉ်က ပဲခူးရာဇဝတ်ဝန် ဦးဘို၏ ထွက်ချက်၌…  “ထိုအခါက ပဲခူးရာဇဝတ်ဝန် မဟုတ်သေးပါ။ စောရန်နောင် သေဆုံးမှု အမှုတွဲရှိပါသည်။ စောရန်နောင်သေဆုံးမှုကို ပဲခူးမြို့ တတိယ ရာဘက်တရားသူကြီး စစ်ဆေးရပါသည်။ စောရန်နောင်ကို ဗိုလ်ချုပ်လုပ်ကြံမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့က လက်နက်ကိုင် ပြည်သူ့ရဲဘော်များက ဒိုက်ဦးမှာဖမ်းဆီးပြီး ပဲခူးမှ ရန်ကုန်သို့ ခေါ်လာသည်။ အမှုတွဲတွင် ပါရှိသည်။ စောရန်နောင်ကို ဂျစ်ကားဖြင့်ခေါ်လာပြီး ၁၀ မိုင်ရောက်တော့ ကားပေါ်မှ ထွက်ပြေးမည်လုပ်သည့်အတွက် ပစ်သတ်ကြောင်း ပါရှိပါသည်” ဟု ထွက်ဆိုသည်။

တဆက်တည်း ရှေ့နေက “သူ့ကို ဘာအမှုနဲ့ဖမ်းသလဲ” ဟု မေးရာတွင် ဦးဘိုက “အမှုတွဲမှာ ဒီအကြောင်း ဘာမှမပါရှိပါ” ဟု ပြန်လည်ဖြေကြားခဲ့သည့် မှတ်တမ်းလည်း ရှိပါသည်။ သို့ဆိုလျှင် “အမှုတွဲမရှိဘဲ အဘယ့်ကြောင့် ဖမ်းရသနည်း” ဆိုသည်မှာ စဉ်းစားဖွယ်ရာ ပဟေဠိတခု ဖြစ်လာသည်။ ဖမ်းသူများမှာလည်း ဆိုရှယ်လစ်ပါတီနှင့် ဆက်စပ်နေသော လက်နက်ကိုင် ပြည်သူ့ရဲဘော်ဟု ယူဆရသော ဗိုလ်ကြာညွန့်တို့လူစု ဖြစ်နေပြန်ပါသည်။ ဖမ်းသည့်ရက်နှင့် အစဖျောက်လိုက်သည့်ရက်မှာ ဇူလိုင် ၂၃ ရက်ဖြစ်သည်။ အဓိကတရားခံ ဦးစောကိုပင် စွဲချက်မတင်ရသေး။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ၄ ရက်မြောက်နေ့ပင်ဖြစ်သည်။ သံသယတို့ ပွားမည်ဆိုက ပွားချင်စရာပင်။ ထိုသံသယတို့ ပိုခိုင်စေသည့်အချက်မှာ ရှေ့နေ ကာတစ်ဘင်းနက်အမေးကို ထိုစဉ်က ရဲချုပ် ဦးထွန်းလှအောင်က ဖြေဆိုရာတွင်…“စောရန်နောင်ကို ပလိပ်က ဖမ်းသည်မဟုတ်ပါ။ ပစ်ခတ်သည့်အမှုကိုလည်း ပလိပ်က စုံစမ်းသေးလားမသိပါ။ စောရန်နောင်ကို အရန်ပြည်သူ့ရဲဘော် အထူးပလိပ်အဖွဲ့က ဖမ်းပါတယ်” ဟု ဖြေကြားခဲ့သည်။ အမှုတွဲမှတ်တမ်းမရှိဘဲ ဖမ်းဆီးခဲ့ခြင်းမှာ ထိုစဉ်က နိုင်ငံရေးသမားတို့ကြား ပဟေဠိတခု ဖြစ်ခဲ့ကြသည်ဟု ဆိုကြပါသည်။

ဤသည်တို့ကို ထောက်ရှု၍ စောရန်နောင်သည် အစဖျောက်ခံရသော တရားခံတဦးအဖြစ် ယူဆနိုင်ပါသည်။ ယင်းကဲ့သို့ လက်စအဖျောက်ခံလိုက်ရသဖြင့် စောရန်နောင်အား ဂဠုန်ဦးစောထံသို့ မည်သူက မည်သည့်ကိစ္စကြောင့် စေလွှတ်လိုက်သနည်း။ ဗိုလ်ချုပ်နှင့် ဝန်ကြီးအဖွဲ့ကို လုပ်ကြံရန် ဖေဖော်ဝါရီလကတည်းက ဘညွန့်နှင့် စောရန်နောင်တို့က ဂဠုန်စောကို သွေးထိုးလှုံ့ဆော်ရန် မည်သူလွှတ်ခဲ့သနည်း။ စောရန်နောင်သည် ဆိုရှယ်လစ်ပါတီ၏ လျှို့ဝှက်စစ်ရေးခေါင်းဆောင်တယောက် ဆိုသည်မှာ မှန်ခဲ့လျှင် ထိုစဉ်က ဆိုရှယ်လစ်ပါတီ၏ တာဝန်မကင်းပေ။ ထို့အပြင် ဆိုရှယ်လစ်ပါတီ၏ လက်နက်ကိုင် ပြည်သူ့ရဲဘော် ဗိုလ်ကြာညွန့်တို့က ပစ်သတ်ခဲ့သည်မှာ မှန်ခဲ့လျှင်… အမှန်တကယ်ပင် နိုင်ငံတော်လုပ်ကြံမှု၏ အဓိကကွင်းဆက်ကို အစဖျောက်ခဲ့ကြသည်ဟု ဆိုရန်သာ ရှိပါတော့သည်။ 

ထွန်းဇော်ဌေး

1 week Ago

"အာဇာနည်မျိုးသေရိုးမရှိ" အလေးပြုသပိတ်၊ ဟွန်းတီးသပိတ် ပြည်သူအားလုံး ပါဝင်နိုင်

ဒီကနေ့ ဇူလိုင် ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့မှာ နိုင်ငံတဝန်း ပြုလုပ်ကြမယ့် အလေးပြုသပိတ်၊ ဟွန်းတီးသပိတ်မှာ ပြည်သူအားလုံး ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒီသပိတ်မှာတော့ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးအတွက်တိုက်ပွဲ၀င်ရင်း ကျဆုံးခဲ့ရတဲ့ ဘာမထီသူရဲကောင်းတွေကို အလေးပြုတဲ့အနေနဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်အတိမှာ ပြည်သူတိုင်း ကားတွေဟွန်းတီးကြ၊ ရောက်ရာနေရာမှာရပ်ပြီး အလေးပြုကြပြီး ပါဝင်နိုင် သလို  အိမ်မှာနေတဲ့ ပြည်သူတွေကလည်း အိမ်ရှေ့ထွက်ပြီး အလေးပြုကာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ခေါင်းဆောင်ကြီး ၈ ယောက်နဲ့ ကိုယ်ရံတော် ၁ ယောက် လုပ်ကြံခံခဲ့ရပြီး ကျဆုံးတဲ့နေ့ကို နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ် အာဇာနည်နေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့တာဟာ အခုနှစ်မှာ ၇၄ နှစ်မြောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီနေ့မှာတော့ အစိုးရရုံးတွေ၊ ဈေးဆိုင်တွေကို  ပိတ်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံတော် အလံကို တိုင်တဝက်လွှင့်ထူထားကြလေ့ရှိပြီး အာဇာနည်နေ့အခမ်းအနားကိုတော့ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ခြေရင်းက အာဇာနည်ဗိမာန်မှာ နှစ်စဉ်ကျင်းပလေ့ရှိတာပါ။

ပြီးခဲ့တဲ့နှစ်က ၇၃ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကိုတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစု ဝင်တွေ တက်ရောက်ခဲ့ကြပြီး လွမ်းသူပန်းခွေချ ဂါရဝပြုခဲ့ကြပါတယ်။ 

အခုနှစ်မှာတော့ စစ်တပ်ကအာဏာသိမ်းထားပြီး  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေကို အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားခဲ့တာမို့  ဒေါ်အောင်ဆန်းကြည်ကို တက်ရောက်ခွင့် ပြုမယ်မပြုမယ် မသေချာသေးပါဘူး။

1 week Ago
More News
Up