အာဆီယံ ၅ နိုင်ငံအတွက် ချေးငွေ ၁၁ ဘီလီယံပေးရန် တရုတ် ကတိပြု

March 24, 2016

အာဆီယံ ၅ နိုင်ငံအတွက် ချေးငွေ ၁၁ ဘီလီယံပေးရန် တရုတ် ကတိပြု

တရုတ်ဝန်ကြီးချုပ် လီကီချမ်းက အာဆီယံနိုင်ငံတွေနဲ့ မတ် ၂၃ ရက်နေ့က တွေ့ဆုံပြီး ၅ နိုင်ငံအတွက် ချေးငွေ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံပေးဖို့ ကတိပြုလိုက်ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်းက ဘိုအာ (Boao) မြို့မှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၊ လာအိုဝန်ကြီးချုပ် သွန်ဆင် သမ်မာဗွန်း၊ မြန်မာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ဗီယက်နမ် ဒု-၀န်ကြီးချုပ် ဖန်ဗင်မင်းတို့နဲ့ သီးသန့်စီ တွေ့ဆုံပါတယ်။ ချေးငွေ ၁၁ ဒသမ ၅ ဘီလီယံဟာ အာဆီယံ ၅ နိုင်ငံမှာ အခြေခံ အဆောက်အဦကဏ္ဍနဲ့ တခြား စီမံကိန်းတွေမှာ အသုံးပြုဖို့ ဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြတယ်။ တရုတ်ဝန်ကြီးချုပ်ဟာ ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အရှေ့အာရှထိပ်သီး အစည်းအဝေးကို တက်ရောက်စဉ်ကလည်း အာဆီယံအတွက် ချေးငွေ ဘီလီယံ ၂၀ ပေးအပ်ဖို့ ကတိပြုခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်က ဒီလို ငွေကြေးအကူအညီတွေ ပေးအပ်နေပေမယ့် တရုတ်နဲ့ ဗီယက်နမ်၊ တရုတ်နဲ့ မြန်မာတို့ကြားက ဆက်ဆံရေးကတော့ ယိုယွင်းနေတဲ့ အခြေအနေမှာ ရှိပါတယ်။ ဗီယက်နမ်နဲ့ တရုတ်တို့ကြားမှာ တောင်တရုတ်ပင်လယ်က ပိုင်နက် အငြင်းပွားမှု ရှိသလို မြန်မာပြည်မှာလည်း ၂၀၁၁ ခုနှစ်မှာ တရုတ်က ၃ ဒသမ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထားတဲ့ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ထားတဲ့ကိစ္စ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တဲ့ အစိုးရသစ်လက်ထက်မှာ မြစ်ဆုံစီမံကိန်းကိစ္စကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတဲ့ အပေါ်မှာလည်း တရုတ်က စိုးရိမ်နေတုန်း ရှိပါတယ်။
5 years Ago
Up