အသံအဖွဲ့

April 11, 2019

အစိုးရနှင့် လွှတ်တော်ကို ဝေဖန်ခဲ့သဖြင့် တရားစွဲခံရသူပေါင်း ၃၇ ဦးရှိပြီ

အစိုးရနဲ့ လွှတ်တော်ကို ဝေဖန်ခဲ့လို့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေနဲ့ တရားစွဲဆိုမှု ၁၄ မှုနဲ့ တရားစွဲဆိုခံရသူပေါင်း ၃၇ ဦးအထိ ရှိလာပြီလို့ အသံအဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံရဲ့ ဧပြီ ၁၀ ရက် ထုတ်ပြန်ချက်ထဲမှာ အစိုးရနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဝေဖန်လို့ အဲဒီဥပဒေနဲ့ တရားစွဲဆိုခံရမှု ၃ မှု၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန်လို့ တရားစွဲခံရမှု ၂ မှု၊ နိုင်ငံရေးပါတီကို ဝေဖန်လို့ တရားစွဲခံရမှု ၂ မှုတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်အောင်ဆန်းကို ဝေဖန်လို့ဆိုပြီး သာမန်ပြည်သူတဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တဦးက တရားစွဲဆိုထားမှုလည်းရှိပြီး တိုင်းဒေသကြီး လွှတ်တော်တဦးကို တိုင်တန်းစာရေးခဲ့သူ ၁၇ ဦးကို အဲဒီကိုယ်စားလှယ်နဲ့ ကိုယ်စားလှယ်ရဲ့ ဆွေမျိုးတို့က နှစ်ထပ်ကွမ်း တရားစွဲဆိုထားတာလည်း ပါဝင်ပါတယ်။ လက်ရှိ အန်အယ်လ်ဒီဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် သက်တမ်းဝက်ကာလ အတွင်းမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာပြောဆိုခွင့်ဟာ အရင်ကထက်ပိုပြီး ဆိုးလာတယ်လို့  အသံအဖွဲ့ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဆက်သွယ်ရေးဥပဒေ ပြင်ဆင်ရာမှာ ပုဒ်မ ၆၆ (ဃ) ကို မပယ်ဖျက်ခဲ့တာ၊ ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲခံရမှု မြင့်တက်လာတာ၊ အစိုးရအပေါ် ဝေဖန်ပြောဆိုတာကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေနဲ့ တရားစွဲဆို ထောင်ချလာတာ၊ ရန်ကုန်တိုင်းဒေသကြီး ၁၁ မြို့နယ်မှာ ဆန္ဒပြခွင့် ပိတ်ပင်လာတာ၊ စတဲ့အချက်တွေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် အနုတ်လက္ခဏာ ဆောင်ခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို အခုအစိုးရလက်ထက် ၂၀၁၇ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဥပဒေဟာ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အကာအကွယ်ပေးဖို့ ရည်ရွယ်ပြဋ္ဌာန်းထားတာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖို့အတွက် အသုံးပြုလာတာကို မြင်တွေ့နေရတယ်လို့လည်း အသံအဖွဲ့က ဆိုပါတယ်။
2 years Ago
Up