အသတ်ခံရမှုနှုန်း

February 17, 2020

မူးယစ်ဆေး စစ်ဆင်ရေးတွင် အသတ်ခံရမှုနှုန်း လျော့ကျရေး ဖိလစ်ပိုင်မိခင်များ ကင်းလှည့်

ဖိလစ်ပိုင်မြို့တော် မနီလာမှာ မူးယစ်ဆေးဝါး တားဆီးနိုင်ရေး စစ်ဆင်ရေးမှာ အသတ်ခံရမှုနှုန်း လျော့ကျရေးအတွက် မိခင်တွေဟာ ညဘက်ကြီး လမ်းတွေပေါ် ကင်းလှည့်နေကြပါတယ်။ သေမင်းတမန် တပ်ဖွဲ့တဖွဲ့က မူးယစ်ဆေး သုံးစွဲနေတာ ဒါမှမဟုတ် အရောင်းအဝယ် လုပ်နေတာလို့ ယုံကြည်ရတဲ့ လူတွေ ဒါဇင်ချီကို သတ်ခဲ့တဲ့ မြို့ထဲမှာ ခုလို ကင်းလှည့်နေတာပါ။  သမ္မတ ရိုဒရီဂိုဒူတာတေရဲ့ မူးယစ်စစ်ပွဲအတွင်း မူးယစ်ဆေးသုံးသူတွေလို့ ကောလာဟလထွက်နေတဲ့ လူတွေကို လိုက်သတ်တဲ့နေရာမှာ မိခင်တွေဟာ လက်နှိပ်ဓာတ်မီးတွေ ကိုင်ဆောင်ရင်း လမ်းကြိုလမ်းကြားမကျန် ကင်းလှည့်နေပါတယ်။  သူတို့ ကင်းလှည့်တဲ့ ၂၀၁၆ နောက်ပိုင်းမှာ သေဆုံးသူ မရှိတော့တဲ့အတွက် ရပ်ကွက်က အဲဒီအမျိုးသမီးတွေကို ဂုဏ်ပြုခဲ့ကြပါတယ်။  မနီလာမြို့တော် ဆင်ခြေဖုံးမှာ ၂၀၁၆ နှောင်းပိုင်းက စပြီး ကင်းလှည့်ခဲ့တာပါ။ ဒီနေရာမှာ  ဒူတာတေရဲ့ နှိမ်နင်းမှုအတွင်း ရဲစစ်ဆင်ရေးတွေနဲ့ မော်တော်ဆိုင်ကယ်စီး ရုပ်ဖျက် သေနတ်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် ထောင်ချီတဲ့လူတွေ သေဆုံးခဲ့ပါတယ်။  မူးယစ်စစ်ပွဲအတွင်း သေဆုံးသူ အရေအတွက် အတိအကျအတွက် လွတ်လပ်ပြီး အချိန်နဲ့ တပြေးညီဖြစ်တဲ့ ယုံကြည်စိတ်ချရတဲ့ ကိန်းဂဏန်း အချက်အလက်တော့ မရှိနေပါဘူး။ မူးယစ်ဆေးရောင်းသူ အယောက် ၅၄၀၀ ကို ဖမ်းဆီးချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ သတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။  ဒါပေမဲ့ မူးယစ်ဆေးနဲ့ ဆက်နွှယ်တဲ့ ထောင်ချီတဲ့ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ရဲတွေက စွဲချက်တွေကို ငြင်းပါတယ်။ အစိုးရကလည်း သေဆုံးမှုတွေဟာ ပြိုင်ဘက်ဂိုဏ်းသားတွေ အချင်းချင်းကြားက စစ်ပွဲအတွင်း သေဆုံးတာလို့ အပြစ်တင် ပြောဆိုခဲ့ပါတယ်။
1 year Ago
Up