အဝတ်မဲ့နာမည်ကျော်ပန်းချီကား ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်ခွင့် တားမြစ်ခံရ

March 1, 2017

အဝတ်မဲ့နာမည်ကျော်ပန်းချီကား ဖေ့စ်ဘွတ်စာမျက်နှာပေါ် တင်ခွင့် တားမြစ်ခံရ

နာမည်ကျော်ပန်းချီဆရာတစ်ဦးရဲ့ အဝတ်အစားမဲ့ ရေးဆွဲဖော်ပြထားတဲ့ ပန်းချီကားတစ်ချပ်ကို သြစတြေးလျ လေလံဆွဲတဲ့ ကုမ္ပဏီတခုက ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ကြော်ငြာမှုကို ဖေ့စ်ဘွတ်ခ်က တားမြစ်လိုက်တယ်လို့ မတ်လ ၁ ရက်နေ့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ ပန်းချီကားဟာ အသက် ၈၈ နှစ်အရွယ်ဖြစ်တဲ့ သြစတြေးလျနိုင်ငံက ပန်းချီအကျော်အမော်ဆရာကြီး ချားလ်စ်ဘလက်ခ်မန်းရဲ့ “အမျိုးသမီးချစ်သူများ” ဆိုတဲ့ အမျိုးသမီးစုံတွဲ ၂ ဦး အဝတ်အစားမပါပဲ ကြောင်တစ်ကောင်ရဲ့ဘေး အိပ်ရာပေါ်မှာ အနားယူလှဲလျောင်းနေတဲ့ပုံကို ဖော်ပြရေးဆွဲထားတဲ့ ဆီဆေးပန်းချီကားလို့ သိရပါတယ်။ ဒီ “အမျိုးသမီးချစ်သူများ” (Women Lovers) ပန်းချီကားကို နောက်အပတ် လေလံပွဲမှာ သြစတြေးလျဒေါ်လာ လေးသောင်းငါးထောင်ကျော် (ပေါင် ၂၈,၀၀၀-၃၄,၀၀၀) လောက်နဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်တယ်လို့လည်း သိရပါတယ်။ ပန်းချီကား ရောင်းချသူပွဲစားတစ်ဦးဖြစ်တဲ့ မော့စ်ဂရင်းက ဒီပန်းချီကားကို ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တင်ပြီး အရောင်းမြှင့်တင်ဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ဒါကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်က ပယ်ချတားမြစ်ခဲ့တာပါ။ မော့စ်ဂရင်းက ဒီဆုံးဖြတ်ချက်မှုက “သိပ်မိုက်မဲလွန်းရာကျတယ်ဗျာ” လို့ ပြောလိုက်ပါတယ်။ “ဒီပန်းချီကားက သိပ်လှတဲ့ ရုပ်ပုံပါ။ ဘယ်ပုံစံမျိုးနဲ့မှ လိင်သဘောဆောင်တာမျိုး မရှိပါဘူး” လို့ ဘီဘီစီကို ပြောပါတယ်။ “ဒါက တကယ့်ကို ၁၉၅၀ ပြည့်နှစ်တွေကို ပြန်သွားသလိုမျိုးပဲ ဒီလိုအရာမျိုးကို တည်းဖြတ်ပြီး တားမြစ်လိုက်တာက တကယ့်ကို မိုက်မဲရာကျတယ်” လို့ ဆက်ပြောပါတယ်။ မော့စ်ဂရင်းဘက်က ဒီပုံကို ပြန်လည်တင်ခဲ့ပေမယ့် ဖေ့စ်ဘွတ်ဘက်ကလည်း ဒါက နောက်ဆုံး ဆုံးဖြတ်ချက်ပါလို့ ပြောပါတယ်။ “ဒီလိုကြော်ငြာမျိုးက ဖေ့စ်ဘွတ်ဖ်သုံးစွဲသူတွေကို မကောင်းတဲ့ အနုတ်လက္ခဏာ ခံယူချက်တွေ စိတ်ကူးယဉ်မှုတွေကို ဖြစ်စေတယ်။ ဒါကြောင့် ဒီလိုကြော်ငြာမျိုးကို ကျနော်တို့ဘက်က သည်းခံနိုင်မှုအဆင့်က သုညပါပဲ” လို့ ဖေ့စ်ဘွတ်ခ်က သတင်းစကား ပါးလိုက်ပါတယ်။ ၁၉ ရာစုနှစ်က ပန်းချီဆရာ Gustave Courbet ရဲ့ အမျိုးသမီးတစ်ဦး အဝတ်အစားမပါတဲ့ပုံကို ဖော်ပြထားတဲ့ ပန်းချီကားတစ်ချပ်ကို ပြင်သစ်ကျောင်းဆရာတစ်ဦးမှ ပြီးခဲ့တဲ့လက သူရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ရာကနေ တားမြစ်ခံရပြီး တရားရုံးပါ ရောက်သွားတယ်လို့ သိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ဘီဘီစီ
4 years Ago
Up