အလှူရှင်များ

May 11, 2020

အင်္ဂပူတွင် တိုင်းအစိုးရနှင့် အလှူရှင်များစုပေါင်း၍ COVID-19 ကာကွယ်ပစ္စည်းများ ထောက်ပံ့

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ တိုင်းအစိုးနဲ့မြို့နယ်တွင်း အလှူရှင်တွေ စုပေါင်းပြီး facility quarantine center တွေမှာ COVID-19 ကာကွယ်ရေးပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းတာတွေ ပြုလုပ်နေပါတယ်။ အင်္ဂပူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က "မနေ့ (မေ ၉ ရက်) က စလှူနေတာပါ။ PPE ဝတ်စုံ၊ Mask၊ လက်အိပ်၊ လက်သန့်ဆေးရည်တွေကို အဓိကထားပြီး ထောက်ပံ့နေတာပါ။ နောက်ပိုင်းမှာ စားသောက်ကုန်အချို့လည်း ထောက်ပံ့ဖို့ စီစဉ်နေပါတယ်”လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်မှာ facility quarantine center ပေါင်း ၅ ခုရှိပြီး လူဦးရေ ၄၀၀ ကျော်ကို ကန့်သတ်စောင့်ကြည့်နေတာပါ။ facility quarantine center က လူတွေရဲ့ စားသောက်ရေးတွေအတွက်ကတော့ ဒေသတွင်း အလှူရှင်တွေရဲ့ ပံ့ပိုးလှူဒါန်းမှုနဲ့ ရပ်တည်နေကြရတာပါ။ လှူဒါန်းတဲ့ပစ္စည်းတွေကတော့ PPE ဝတ်စုံ ၁၀၀၊ Mask ၇၀၀ ကျော်၊ Hand gel ၆၀ ဘူး၊ လက်အိတ် ၅၀၀ ကျော်၊ လက်သန့်ဆေးရေ ၁၄၀ ဘူး ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်၊ ဌာနဆိုင်ရာတွေနဲ့ အလှူရှင်တွေ စုပေါင်းလှူဒါန်းကြတာ ဖြစ်ပါတယ်။
1 year Ago

April 10, 2020

COVID-19 အရေးအတွက် အလှူရှင်များ အစိုးရထံ တိုက်ရိုက်လှူဒါန်းကြရန် အတိုင်ပင်ခံပြော

COVID-19 အရေးမှာ ပါဝင်လှူဒါန်းနေတဲ့ အလှူရှင်တွေအနေနဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် အစိုးရထံ တိုက်ရိုက်လှူဒါန်းကြဖို့ နိုင်ငံတော်ရဲ့ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  အဲဒီရောဂါနဲ့ပတ်သက်လို့ ဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်က ပြည်သူတွေကို ဒီနေ့မနက်က Video Conferencing စနစ်နဲ့ ချိတ်ဆက်ဆွေးနွေးရာမှာ ခုလို ပြောဆိုခဲ့တာပါ။ အလှူရှင်တွေရဲ့ စေတနာဟာ အကျိုးရှိသင့်သလောက်မရှိဘဲ ဖြစ်သွားမှာကို မဖြစ်စေချင်တာကြောင့် ပြောရတာဖြစ်ကြောင်း၊ အလှူရှင်တွေရဲ့ စေတနာကို ပိတ်ပင်လိုလို့ မဟုတ်ကြောင်း အတိုင်ပင်ခံက ပြောပါတယ်။ လှူဒါန်းတာတွေကို အစိုးရအဖွဲ့အနေနနဲ့ သေချာစီမံခွဲပြီး လိုအပ်တဲ့နေရာတွေကို ရောက်အောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာမယ့် ရက်သတ္တနှစ်ပတ်၊ သုံးပတ်အတွင်းတွင် ရောဂါပိုးရှိသူများ ထပ်မံတွေ့ရှိ လာနိုင်ပြီး  ရောဂါပိုးရှိသူတွေ တွေ့ရှိမှု များလာပါက အလွန်အကျွန် မစိုးရိမ်ကြဖို့နဲ့ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့ အတိုင်ပင်ခံက ပြောပါတယ်။ အတိုင်ပင်ခံဟာ ကျိုင်းတုံမြို့ ဟိုနားအောက်ရပ် အမှတ် ၁ ရပ်ကွက် ရာအိမ်မှူး ဦးအောင်မြင့်သန်း၊ တောင်ကြီး မြို့ သစ်တောရပ်ကွက် ဇောတိကလမ်းနေ Our Lovely World အဖွဲ့နှင့် Program Teamတို့မှာ ပါဝင် ဆောင်ရွက်နေတဲ့ မနှင်းနွေအေး၊ပင်လုံမြို့ ရပ်ကွက် ၄ က ဦးစိုင်းစီဟန်ခေးတို့ နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ ဒီရောဂါနဲ့ပတ်သက်လို့ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နေသူတွေနဲ့ Video Conferencing စနစ်နဲ့တွေဆုံမှုကို ဧပြီလ ၁ ရက်စတင်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီနေ့အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ ၂၇ ဦးထဲက ၃ ဦး သေဆုံးသွားပြီဖြစ်ပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁သန်းခွဲကျော်နဲ့ သေဆုံးသူ ၉ သောင်းခွဲကျော် ရှိနေပါပြီ။
1 year Ago
Up