အလှည့်အပြောင်း

February 24, 2020

စပါးကိုအနိုင်ရမှု ချဲလ်ဆီးအတွက် အလှည့်အပြောင်း ဖြစ်လာနိုင်ဟု ဂီရော့ဒ် ပြော

လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရလိုက်တာဟာ ချဲလ်ဆီးအသင်းအတွက် အလှည့်အပြောင်း ဖြစ်လာနိုင်တယ်လို့ တိုက်စစ်မှူး အိုလီဗီယာ ဂီရော့ဒ်က ပြောပါတယ်။ ဒီနိုင်ပွဲကြောင့် ချဲလ်ဆီးအသင်းဟာ ပရီးယားမီးယားလိဂ်မှာ လေးပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။  တိုက်စစ်မှူး ဂီရော့ဒ်က “ကျနော်တို့အတွက် အရေးပါတဲ့ နိုင်ပွဲတခုပါပဲ။ ဒီပွဲစဉ်အတွက် ကျနော်တို့အသင်းရဲ့ စိတ်ဓာတ်ကို အဓိကထား ပြောကြားလိုပြီးတော့ ကောင်းမွန်တဲ့ပုံစံကို ပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့အသင်းဟာ အိမ်ကွင်းမှာ ယုံကြည်မှု ပျောက်ဆုံးနေခဲ့ပြီးတော့ ဒီနိုင်ပွဲဟာ အလှည့်အပြောင်း ဖြစ်လာနိုင်ပါတယ်။” အသက် ၃၃ နှစ်အရွယ် ဂီရော့ဒ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ၇ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ပွဲစဉ်အများစုမှာ တိုက်စစ်မှူး တမ်မီအီဗရာဟင်ကသာ ပွဲထွက်ခွင့်ရရှိထားပါတယ်။  ဒါ့အပြင် ဂီရော့ဒ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကို ရောင်းချခံရလုနီးပါး အခြေအနေအထိ ရောက်ရှိခဲ့ပေမယ့် ကမ္ဘာ့ဖလား ချန်ပီယံဆုရှင်ကတော့ သူ့ရဲ့ လက်ရှိအခြေအနေအပေါ် အကောင်းဘက်ကသာ ရှုမြင်နေပါတယ်။  “ကျနော် အရန်ခုံပေါ် ရှိနေခဲ့တာ သုံးလလောက်ရှိပါပြီ။ ဒါ့ကြောင့် ဒီနေ့ဟာ ကျနော် အပါအဝင် အားလုံးအတွက် ထူးခြားတဲ့နေ့တခုပါပဲ” လို့ ဂီရော့ဒ်က ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်ကနေ ဖေဖော်ဝါရီ ၁၇ ရက်အထိ အသင်းနဲ့ ပွဲထွက်ခွင့် မရရှိခဲ့ခြင်းကို ရည်ညွှန်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။  ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင် ဆီဇာအက်ဇ်ပီလူကွယ်တာကလည်း ဂီရော့ဒ် ဂိုးသွင်းနိုင်မှုအတွက် ဝမ်းသာပျော်ရွှင်နေပြီး ဂီရော့ဒ် ပြန်လာနိုင်မှုက ခက်ခဲတဲ့အချိန်မတိုင်ခင် အသင်းမှာ ရှိတဲ့လူတိုင်းအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ကို ဖြစ်စေတယ်လို့ ပြောပါတယ်။ “ကျနော်တို့ဟာ ပွဲစဉ်တိုင်းအတွက် အဆင်သင့် ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကစားသမားတိုင်းဟာ အသင်းကို ကူညီချင်ကြပါတယ်။ ကစားသမားတိုင်းဟာ လေ့ကျင့်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ကြပြီးတော့ အသင်းမှာ ပါဝင်ခွင့်ရဖို့ကိုလည်း မျှော်လင့်တတ်တာ‌ကြောင့် အရန်ခုံမှာ ထိုင်ရတာက ခက်ခဲလွန်းပါတယ်။” ချဲလ်ဆီးအသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။
1 year Ago
Up