အလုပ်သမားများဆန္ဒပြ

January 25, 2019

အုတ်ကျင်း ဂုန်နီ လျှော်ရွေးလျှော်ထုပ် စက်ရုံအလုပ်သမားများဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အုတ်ကျင်းဂုန်နီစက်ရုံနဲ့ အုတ်ကျင်း လျှော်ရွေးလျှော်ထုပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံပိတ်သိမ်းမှုကြောင့် ထိခိုက်နစ်နာတာတွေအတွက် ဒီမနက်က ရန်ကုန်မှာ စီတန်းလှည့်လည် ဆန္ဒပြနေကြပါတယ်။ အလုပ်သမားတွေက “အလုပ်ရှင်တည်ငြိမ်မှု ရရှိရေး၊ နိုင်ငံပိုင်စက်ရုံများ ငှားရမ်းရာတွင် ခိုင်မာသော မူဝါဒများ ချမှတ်ရေး၊ ငှားရမ်းစာချုပ်မလိုက်နာပါက နိုင်ငံပိုင်စက်ရုံများကို ပြန်သိမ်းယူရေး” စတဲ့ကြွေးကြော်သံတွေ ဟစ်ကြွေးဆန္ဒပြခဲ့ကြပါတယ်။ အုတ်ကျင်းဂုန်နီစက်ရုံဟာ လုပ်ငန်းအရှုံးပေါ်နေတဲ့အတွက် စက်ရုံပိတ်သိမ်းပြီး  စက်ရုံမြေနေရာမှာ ဘက်စုံစီးပွားရေးလုပ်ငန်း ပြောင်းလဲလုပ်ကိုင်သွားမယ်လို့ ဒီစက်ရုံကို တာဝန်ယူ လုပ်ကိုင်နေတဲ့ ကျော်ထက်ကျော် ကုမ္ပဏီက ဇန်န၀ါရီ ၁၀ ရက်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပ ပြောကြားထားပါတယ်။ အဆိုပါစက်ရုံနှစ်ရုံကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ထံကနေ ကျော်ထက်ကျော်ကုမ္ပဏီက ၂ဝ၁၂ ခုနှစ် ဧပြီလကတည်းက စတင်ကာ နှစ်ရှည်စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။
2 years Ago

March 19, 2017

သင်္ကြန် ၁၀ ရက် ပိတ်ပေးရေး လှိုင်သာယာအလုပ်သမားများဆန္ဒပြ- သတင်းဓာတ်ပုံ

လာမယ့် သင်္ကြန်ကာလမှာ  အလုပ်ပိတ်ရက် ၁၀ ရက် အပြည့်အဝရရှိဖို့အတွက် လှိုင်သာယာမြို့နယ်ထဲက အလုပ်သမား ၆၀၀ လောက်က မတ် ၁၉ ရက် မနက်ပိုင်းက ဆန္ဒပြတောင်းဆိုကြပါတယ်။ မဟာသင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက်ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ ၅ ရက်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကြိုတင်ပြင်ဆင်ထားတဲ့ ခွင့်ပြန်လို့တဲ့ အလုပ်သမားတွေ အဆင်ပြေစေဖို့ ၁၀ ရက်ခွင့်ပြုသွားဖို့ အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်တွေကို ညွန်ကြားချက်ထုတ်ပြထားပြီး ဖြစ်ပါတယ်။ အလားတူ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ကလည်း စက်ရုံအလုပ်ရုံတွေကို သင်္ကြန်ပိတ်ရက် ၁၀ ရက်ပိတ်ပေးဖို့အတွက် စက်ရုံပိုင်ရှင်တွေကို ညွန်ကြားထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် သင်္ကြန်ပိတ်ရက် ၁၀ ရက်ဟာ အလုပ်သမားတွေရဲ့ အချိန်ပို အလုပ်ဆင်းချိန်တွေ ထဲကနေ အလုပ်ရှင်တွေက ပြန်လည်ဖြတ်တောက်သွားမှာဖြစ်လို့ လုပ်သမားတွေဘက်က နစ်နာတာကြောင့်  လက်မခံနိုင်ဘူးလို့ ဆန္ဒပြတဲ့ အလုပ်သမားတွေကပြောပါတယ်။ အလုပ်သမားတွေအနေနဲ့ ညှိနှိုင်းမှုမပါတဲ့ တရားဝင် အလုပ်ပိတ်ရက် ၁၀ ရက်ကိုသာ နှစ်စဉ်သတ်မှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ ဟိန်းကို
4 years Ago
Up