အလီယိုစကီ

November 24, 2020

ပေပေနှင့် အလီယိုစကီတို့အပေါ်ဝေဖန်တိုက်ခိုက်နေမှု အာဆင်နယ်နှင့် လိဒ်အသင်း ရှုတ်ချ

တနင်္ဂနွေနေ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ပေပေနဲ့ အလီယိုစကီတို့ကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တိုက်ခိုက်နေခြင်းအပေါ် အာဆင်နယ်နဲ့ လိဒ်အသင်းတို့က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။  တဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ပေပေနဲ့ အလီယိုစကီတို့ရဲ့ အချင်းများမှုက ပြောစရာဖြစ်ခဲ့ပြီး ပြိုင်ဘက်ကို ခေါင်းနဲ့ဆောင့်ခဲ့တဲ့ ပေပေဟာ တိုက်ရိုက် အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒီကိစ္စမှာ အလီယိုစကီဘက်က မာယာများခဲ့တယ်လို့ ဝေဖန်မှုတွေရှိနေပြီး ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာက လိဒ်ကစားသမားဟာ အော်စကာရသင့်တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်ပြီးနောက်မှာ ကစားသမား နှစ်ဦးစလုံးဟာ လူမျိုးရေးခွဲခြားတဲ့၊ ခြိမ်းခြောက်စာတွေကို လူမှုကွန်ရက်ကနေတဆင့် ရရှိခဲ့ပြီး ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ ကစားသမားတွေအပေါ် တိုက်ခိုက်နေမှုကို တာဝန်ရှိသူတွေ စုံစမ်းတဲ့နေရာမှာ အထောက်အကူဖြစ်စေဖို့ ကူညီသွားမယ်လို့ ပြောပါတယ်။ ကစားသမားတွေကို ဝေဖန်တိုက်ခိုက်နေခြင်းဟာ လက်ခံနိုင်စရာမရှိကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းကာ အပြစ်ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေး ကူညီပေးသွားမယ်လို့ အာဆင်နယ်အသင်းက ထုတ်ပြန်တဲ့ကြေညာချက်မှာ ပါဝင်ပါတယ်။ လိဒ်ဘက်ကလည်း အလားတူကြေညာချက်မျိုး ထုတ်ပြန်ခဲ့ပြီး ကစားသမားတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေကို လုံးဝ သည်းခံသွားမှာမဟုတ်ကြောင်းနဲ့ အပြစ်ကျူးလွန်သူကို ဖော်ထုတ် အပြစ်ပေးနိုင်ရေးအတွက် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။  ကစားသမား မပီသတဲ့ အပြုအမူကြောင့် ပေပေဟာ ၃ ပွဲပယ် ပြစ်ဒဏ်ကျခံရနိုင်ခြေ ရှိနေပြီး ဒီလုပ်ရပ်အတွက် စိတ်ပျက်မိကြောင်းလည်း အာဆင်နယ်နည်းပြ အာတီက ပြောပါတယ်။  ပေပေရဲ့ အပြုအမူဟာ လုံးဝ လက်ခံနိုင်စရာမရှိတဲ့ အပြုအမူ ဖြစ်ပြီး သူ့ရဲ့အနီကတ်ကြောင့် တသင်းလုံး နစ်နာခဲ့ရတယ်လို့လည်း အာတီတာက ပြောပါတယ်။
6 months Ago
Up