အလီဆန်

February 17, 2020

ကျနော်တို့ဟာ အောင်ပွဲကို ဆာလောင်နေတဲ့ အတွေ့အကြုံရင့်အသင်းပါ – အလီဆန်

ယာဂန်ကလော့ပ်ရဲ့လူစာရင်းထဲမှာ ပြင်းပြင်းထန်ထန် အောင်ပွဲဆာလောင်စိတ် ခိုအောင်းနေပြီးတော့ ကစားသမားတိုင်းရဲ့ တူညီတဲ့ရည်မှန်းချက်ဟာ အောင်မြင်မှုတွေကို ဆက်လက်ဆွတ်ခူးသွားဖို့ ဖြစ်တယ်လို့ လီဗာပူး ဂိုးသမား အလီဆန်က ပြောဆိုလိုက်ပါတယ်။  လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချန်ပီယံ မန်စီးတီးအသင်းနဲ့ ၁ မှတ်အကွာနဲ့ ဒုတိယနေရာကနေသာ ပန်းဝင်နိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ စပါးအသင်းကို ကျော်ဖြတ်ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ကလော့ပ်ရဲ့ အသင်းသားတွေဟာ ဒီခြေစွမ်းကို အခုရာသီအထိ ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီးတော့ လက်ရှိအမှတ်ဇယားကို ၂၅ မှတ် ဖြတ်ထားနိုင်ပြီး ကမ္ဘာ့ကလပ်များ ဖလားနဲ့ UEFA စူပါဖလားတို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အခုရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကို ရောက်ရှိထားပြီး FA ဖလားပြိုင်ပွဲမှာလည်း ပဉ္ဓမအဆင့်ကို တက်ရောက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။  ပရီးမီးယားလိဂ်မှာ ထပ်မံအနိုင်ရရှိခဲ့မယ်ဆိုရင် လီဗာပူးအသင်းရဲ့ ရှုံးပွဲမရှိ စံချိန်ဟာ ၄၃ ပွဲအထိ ရှိလာမှာဖြစ်ပြီး နှစ် ၃၀ အတွင်း ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ် ရရှိဖို့ ပိုပြီးနီးစပ်လာပြီ ဖြစ်ပါတယ်။ ဒီလိုမျိုး ပုံစံကောင်းကို ရေရှည်ထိန်းသိမ်းနိုင်ပြီး အောင်မြင်မှုတွေဆီ ဦးတည်နေတဲ့ လီဗာပူးအသင်းဟာ သွေးဆာနေတဲ့ ငါးမန်းတကောင်နဲ့ တူတယ်လို့ အလီဆန်က ခိုင်းနှိုင်းပြောဆိုလိုက်တာပါ။  “ပွဲစဉ်တခုတည်းမှာပဲ ကွဲပြားတဲ့ အခြေအနေအရပ်ရပ်ကို ရင်ဆိုင်နိုင်ဖို့ ကျနော်တို့ အသင်းဟာ ရင့်ကျက်နေပြီလို့ ထင်ပါတယ်။ ငယ်ရွယ်သူတွေ ဖြစ်ပေမယ့် ကျနော်တို့ဟာ အောင်ပွဲကို ဆာလောင်နေတဲ့ အတွေ့အကြုံရင့်အသင်း တသင်းပါပဲ။ ကျနော်တို့ဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းနဲ့ အောင်ပွဲရဲ့အရသာကို မြည်းစမ်းနိုင်ခဲ့ကာ အခုဆိုရင် ပိုပြီးတော့လိုချင်နေကြပါပြီ။ အဲဒါက ရေထဲမှာ သွေးနံ့ရခဲ့ပြီး ပစ်မှတ်ကို အာရုံစိုက် တိုက်ခိုက်ခဲ့တဲ့ ငါးမန်းတကောင်လိုပါပဲ။ ကျနော်တို့ဟာ တိုက်ခိုက်ရေးသမားစိတ်ဓာတ်ကို မွေးမြူနိုင်ခဲ့ပြီးပါပြီ။ ကျနော်တို့စိတ်ထဲမှာ ကျနော်တို့ လိုချင်တာကို ရအောင်လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုကိန်းအောင်းနေပါတယ်။ ကျနော်တို့ ရှေ့ဆက်ရမယ့်လမ်းဟာ အရှည်ကြီး ကျန်နေသေးပေမယ့် ကျနော်တို့ ရှေ့ဆက်သွားကြမှာ ဖြစ်ပါတယ်” လို့လည်း အလီဆန်က ဘရာဇီးမီဒီယာ  Folha ကို ပြောပါတယ်။  ဘရာဇီး လက်ရွေးစင်ဂိုးသမား အလီဆန်ဟာ ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ကလင်းရှိ အများဆုံးဖြစ်တဲ့ ရွှေလက်အိတ်ဆုကို ရရှိခဲ့ပြီး အခုရာသီမှာလည်း ဒီဆုကို ထပ်မံသိမ်းပိုက်ဖို့အတွက် အကောင်းဆုံးအနေအထား တရပ်ဆီ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အနာဂတ်ကာလမှာ Ballond’Or ဆုကို ရရှိဖို့ ဖြစ်လာနိုင်သလား ဆိုတဲ့ မေးခွန်းကို အလီဆန်က ငြင်းဆိုခြင်းမပြုခဲ့ပေမယ့် ဒီလို ဖြစ်လာဖို့ဆိုတာ အကြောင်းအရာ အများကြီးအပေါ် မူတည်နေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။  လီဗာပူး ဂိုးသမားဟာ ဘရာဇီးနိုင်ငံရဲ့ သမိုင်းကြောင်းတလျှောက် အကောင်းဆုံး ဂိုးသမား ဖြစ်လာနိုင်သလားဆိုတဲ့ မေးခွန်းကိုတော့ အလီဆန်က နောက်လာမယ် ဆယ်နှစ် သူ အနားယူချိန်ကျမှသာ မေးမြန်းဖို့ ပြန်လည်တောင်းဆိုသွားခဲ့ပြီး ဘရာဇီး ဂိုးသမားဟောင်း ဒီဒါရဲ့ စွမ်းဆောင်မှုတွေကို ကြည့်မယ်ဆိုရင် သူ့အနေနဲ့ အနားတောင် မကပ်နိုင်သေးပါဘူးလို့ ဖြေကြားသွားပါတယ်။
1 year Ago
Up