အရက်ပျံသောက်သေကြောင်းကြံ

September 23, 2021

ထားဝယ်တက္ကသိုလ်ကျောင်းသူဟောင်း မစိုးမီမီကျော် စစ်ကြောရေးအပြီး အရက်ပျံသောက်သေကြောင်းကြံ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ ထားဝယ်တက္ကသိုလ်ကျောင်းသူဟောင်း မစိုးမီမီကျော်ဟာ စစ်ကြောရေးအပြီးမှာ အရက်ပျံသောက်ပြီး ကိုယ့်ကိုယ့်ကိုယ် သေကြောင်းကြံဖို့ ကြိုးစားခဲ့တာကြောင့် ထားဝယ်စစ်ဆေးရုံ တင်ထားရတယ်လို့ သိရပါတယ်။

ထားဝယ်တက္ကသိုလ် (အင်္ဂလိပ်စာအထူးပြု ကျောင်းသူအဟောင်း) မစိုးမီမီကျော်ဟာ စက်တင်ဘာ ၂၀ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာကို‌တော့ မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးဘဲ မိသားစုဝင်တွေကို သွားတွေ့ခွင့်တောင် မပေးသေးဘူးလို့ မစိုးမီမီကျော်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။  ဒါပေမဲ့ စစ်ဆေးရုံမှာပဲ ရှိနေကြောင်းနဲ့ စိုးရိမ်စရာမရှိကြောင်း သူက ဆိုပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့က အကြမ်းဖက်စစ်‌ကောင်စီတပ်သားတွေဟာ မသျှားပြည့်ခင်ဆီကနေ အွန်လိုင်းမှ မုန့်မှာယူ ဟန်ဆောင်ဖမ်းဆီးခဲ့ပြီးနောက် မစိုးမီမီကျော်နဲ့ ကိုစိုးပြည့်အောင်တို့ရဲ့ နေအိမ်ကို ခြိမ်းခြောက်လိုက်ပြခိုင်းကာ ဖမ်းဆီးခဲ့တာလို့ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

သူတို့ ၃ ယောက်စလုံး စစ်ကြောရေးရောက်ရှိကာ မသျှားပြည့်ခင်နဲ့ ကိုစိုးပြည့်အောင်တို့ကို မေးမြန်းစစ်ဆေးခဲ့ပြီးနောက် မစိုးမီမီကျော်အား စားရင်းစာအုပ်ပြကာ ရိုက်နှက်မေးမြန်းခဲ့ပေမယ့် မဖြေကြားတဲ့အတွက် စစ်ဆေးမှုကို ရပ်တန့်ခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် မစိုးမီမီကျော်ဟာ အိမ်သာသွားပြီး သူ့မှာပါလာတဲ့ အရက်ပျံကိုသောက်ကာ သက်သေခဲ့တာကြောင့် စစ်ဆေးရုံ ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။

မသျှားပြည့်ခင်နဲ့ ကိုစိုးပြည့်အောင်တို့ကတော့ ထားဝယ်မြို့မရဲစခန်းမှာပဲ ရှိနေကြောင်း ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

2 months Ago
Up