အယ်လ်နီညို

April 26, 2016

အယ်လ်နီညိုအပူဒဏ်ကို နတ်ဘုရားတွေ ကယ်တင်နိုင်မလား (ရုပ်သံ)

အယ်လ်နီညိုဆိုတာ ရာသီဥတုဆိုင်ရာ သဘာဝဖြစ်စဉ်တခုဖြစ်ပြီး ပုံမှန်မဟုတ်တဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ အယ်လ်နီညိုကို စပိန်ဘာသာစကားနဲ့ ဆိုရင်တော့ ဘုရားသားတော် နတ်သူငယ်လို့ အဓိပ္ပာယ်ရပါတယ်။ အခု ၂၀၁၆ ခုနှစ်ရဲ့ အယ်လ်နီညိုရာသီဥတုဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်းမှာ ကြုံခဲ့ရသမျှ အဆိုးဝါးဆုံးဖြစ်တယ်လို့ မိုးလေ၀သပညာရှင်တွေက ပြောပါတယ်။ ပီရူးနိုင်ငံမှာတော့ ရေကြီးရေလျှံမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တဲ့အတွက် စစ်တပ်ကို စေလွှတ်ပြီး အဖွဲ့အစည်းတွေက ဘေးဒဏ်သင့်ပြည်သူတွေကို ကူညီနိုင်ဖို့နဲ့ ဆုံးရှုံး ပျက်စီးမှုတွေကို ပြန်လည်ထူထောင်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတာပါ။ ခုလို အယ်လ်နီညိုရဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကို နတ်ဘုရားတွေက ကယ်တင်နိုင်ပါ့မလား။ စီစီတီဗွီသတင်းမှာ ဖော်ပြတဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်မှာတော့ ပီရူးနိုင်ငံမြို့တော် လီမာမှာ ရိုးရာနတ် ကိုးကွယ်ယုံကြည်သူတွေဟာ ရှာမန်နတ်ဆရာတွေရဲ့ အကူအညီနဲ့ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်မှ သက်သာစေဖို့ ၀တ်ပြုဆုတောင်းတာတွေ လုပ်ဆောင်နေကြတာကို တွေ့ရမှာပါ။ နတ်ဆရာတွေဆိုတာ ရှေ့လာမယ့် အနာဂတ်ကို ကြိုတင်သိမြင်နိုင်ပြီး ထိန်းချုပ် ပြောင်းလဲနိုင်သူတွေလို့ ယုံကြည်ထားကြပါတယ်။ နတ်ဘုရားတွေကို တိုင်တည်ကာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကနေ ကယ်တင်ပေးဖို့ ဆုတောင်းနေကြတာကို တွေ့ကြရမှာပါ။ မြစ်ထဲကို လက်ဆောင်ပစ္စည်းတွေ မျှောချပူဇော်ခြင်းဟာ ရေကြီးရေလျှံမှုကို လျှော့ချစေနိုင်ပါလိမ့်မယ်။ နတ်ဆရာတဦးက “ခုချိန်ဟာ သဘာဝရဲ့ ဘေးဒဏ်ခတ်မှုကို လျှော့ချရမယ့် အချိန်ပဲ။ အယ်လ်နီညိုက ကျနော်တို့ရွာတွေကို ဖျက်ဆီးချင်နေတာပါ။ ဒါကြောင့်မို့ ရှာမန် နတ်ဆရာတွေဟာ ယာကူမန်မန်နတ်ဘုရားကို ပူဇော်ပသဖို့ ခုလို စုဝေးနေကြတာပါ” လို့ ပြောပါတယ်။
5 years Ago

April 1, 2016

အယ်လ်နီညို ရာသီဥတုကြောင့် ထိုင်း ကြံစိုက်တောင်သူများ မိုးခေါင်မှု ရင်ဆိုင်ရ

ထိုင်းနိုင်ငံတလွှား အယ်လ်နီညို ရာသီဥတု သက်ရောက်နေလို့ နိုင်ငံတွင်း အဆိုးရွားဆုံး မိုးခေါင်မှုတွေထဲက တရပ်ကို ကြံစိုက်တောင်သူတွေ ရင်ဆိုင်နေရပါတယ်။ ထိုင်းနိုင်ငံရဲ့ ကမ္ဘာ့ဈေးကွက်ကို သကြားတင်ပို့မှုဟာ ဒီနှစ်မှာ မနှစ်ကထက် ၂၀ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။ ဒီနှစ်စိုက်ပျိုးတဲ့ ကြံပင်ငယ်တွေ ပျက်စီးခဲ့လို့ နောက်နှစ်မှာ အခြေအနေ ပိုဆိုးမှာကို ကြံစိုက်တောင်သူတွေ စိုးရိမ်နေကြပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားတင်ပို့တဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ နှစ် ၂၀ ကျော်အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် သေကုန်တဲ့ ကြံပင်တွေကို နောက်နှစ်မှာ ပြန်စိုက်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။ ဒီနှစ်မှာ မိုးခေါင်မှုကြောင့် အထွက်နှုန်း ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းထိ ဆုံးရှုံးတယ်လို့ ထိုင်းနိုင်ငံအလယ်ပိုင်း ရတ်ခ်ျဘူရီမှ ကြံစိုက်တောင်သူတွေက ပြောပါတယ်။ မိုးခေါင်လို့ အပင်ဆုံးရှုံးမှုကြောင့်တင် နစ်နာတာ မဟုတ်ပါဘူး၊ ခြောက်သွေ့တဲ့ အခြေအနေကြောင့် တူညီတဲ့ သကြားပမာဏကို ရဖို့ ကြံချက်စက်ရုံတွေက ကြံကို ပိုကြိတ်ရတဲ့အတွက် လယ်သမားတွေဟာ ကြံတတန်ကို ရတဲ့ငွေ ပိုနည်းသွားခဲ့ပါတယ်။ ဒီနှစ်အတွက် စိုက်ထားတဲ့ ကြံပင်တွေ ၈၀ ရာခိုင်နှုန်း သေကုန်လို့ လာမယ့်နှစ်မှာ အခြေအနေ ပိုဆိုးမယ်လို့ ကြံစိုက်တောင်သူ တဦးက ပြောပါတယ်။ ရတ်ခ်ျဘူရီခရိုင်က အလတ်စား သကြားစက်ရုံတရုံဟာ ခါတိုင်းရဲ့ လေးပုံတပုံပဲ လုပ်ငန်းလည်ပတ်နိုင်တယ်လို့ စက်ရုံမန်နေဂျာက ပြောပါတယ်။ ဒီစက်ရုံဟာ တရက်ကို ကြံတန်ချိန် ၁၄၀၀၀ ကြိတ်နိုင်ပါတယ်။ ဈေးကွက်ဝယ်လိုအား ရှိပေမယ့် ရောင်းနိုင်စွမ်း ကျဆင်းလို့ ပစ်မှတ်ကို မပြည့်မီနိုင်ဘူး၊ ကြံတန်ချိန် ၃ သိန်းလောက် ကြိတ်ခွဲနိုင်စွမ်း ဆုံးရှုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ ပရာဆုမ် သကြားချက်စက်ရုံက ငွေကြိုယူထားတဲ့ ကြံစိုက်တောင်သူ ၄၀၀ ထဲက အယောက် ၃၀ လောက်က အထွက်နှုန်းကျတဲ့အတွက် အကြွေးပိကုန်တာပါ။ စစ်အစိုးရက အမတော်ကြေး လျှော့ချပြီး နိုင်ငံတွင်း စပါးတွေ စုပုံနေမှု လျှော့ချဖို့ စပါးစိုက် လယ်သမားတွေကို ကြံပြောင်းစိုက်ဖို့ အားပေးခဲ့ပါတယ်။ ဒါကြောင့် ရတ်ခ်ျဘူရီခရိုင်က လယ်သမားတွေက ၂ ဆ ထိခိုက်နစ်နာခဲ့တယ်လို့ ပြောခဲ့ပါတယ်။
5 years Ago

အယ်လ်နီညိုဖြစ်စဉ်နှင့်ပတ်သက်ပြီး မိုး/ဇလ သတိပေးချက် ထုတ်ပြန်

၂၀၁၆ ခုနှစ် ဧပြီ၊ မေနဲ့ ဇွန်လတို့မှာ အယ်လ်နီညိုကြောင့် မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေမှာ အခြားဒေသတွေထက် ပူပြင်း‌ခြောက်သွေ့ခြင်း၊ ရေရှားပါးခြင်းတို့ကို ပိုမိုကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သဌာနက သတိပေးလိုက်ပါတယ်။ ၂၀၁၆ ခုနှစ် အယ်နီညိုအ‌ခြေအနေနဲ့ ဧပြီ၊ မေနဲ့ ဇွန်လတွေမှာ မြန်မာနိုင်ငံ ကြုံတွေ့လာနိုင်တဲ့ ရာသီဥတုအ‌ခြေအနေ သတင်းထုတ်ပြန်ရာမှာ မိုးလေ၀သဌာနက အခုလို သတိပေး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီသတင်းထဲမှာ ၂၀၁၅-၂၀၁၆ ခုနှစ်ရဲ့ အယ်နီညိုဖြစ်စဉ်ဟာ အားကောင်းတဲ့ အ‌ခြေအနေမှ ၂၀၁၆ ခုနှစ်၊ မတ်လဆန်းပိုင်းမှစလို့ တဖြည်းဖြည်း အားလျော့ခဲ့ပြီးနောက် မတ်လကုန်ပိုင်းတွင် ဆက်လက်အားလျော့နေတဲ့ အ‌ခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇွန်လကုန်ခန့်မှစပြီး အယ်နီညိုအ‌ခြေအနေဟာ ပုံမှန် (ကြားနေ) အ‌ခြေအနေကို ပြောင်းလဲသွားနိုင်တယ်၊ ဒါပေမယ့် ကမ္ဘာ့ရာသီဥတုအပေါ် အယ်နီညိုရဲ့ အကျိုးသက်ရောက်မှု ဆက်လက်ရှိနေနိုင်တယ်လို့ မိုးဇလသတင်းမှာ ဖော်ပြပါတယ်။ အယ်လ်နီညိုလို့ခေါ်တဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်စဉ်ကြောင့် အစားအစာဖူလုံရေး၊ စိုက်ပျိုးရေရရှိရေး၊ ရေပေးဝေရေး၊ သောက်သုံးရေဖူလုံရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျန်းမာရေး၊ ငါးလုပ်ငန်း၊ ရေကြောင်းသွားလာရေး၊ ခရီးသွားလုပ်ငန်း စတဲ့ ကဏ္ဍတွေမှာ သက်ရောက်မှုများ ရှိနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ကြပါလို့ မိုးဇလက အကြံပြုတိုက်တွန်းထားပါတယ်။
5 years Ago
More News
Up