အမ်းမြို့နယ်

February 17, 2021

အမ်းမြို့နယ်တွင် အမျိုးသား ၁ ဦး မြေမြှုပ်မိုင်းနင်းမိ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအုပ်စု သရက်ပင်ချောင်းကျေးရွာနေ ဖေဖော်ဝါရီ ၁၇ ရက်မနက်က တောထဲ ဟင်းသွားရှာတဲ့ အမျိုးသားတဦး ကားလမ်းနံဘေးမှာ မြေမြုပ်မိုင်းအားနင်းမိပြီး ညာဘက်ခြေသလုံး ပြတ်ထွက်သွားတယ်လို့ သိရပါတယ်။

မိုင်းနင်းမိဒဏ်ရာရရှိခဲ့တဲ့ ဦးသိန်းဌေးကို  ကမ်းထောင်းကြီးမြို့ဆေးရုံမှာ အရေးပေါ်ဆေးကုသပေးနေပြီး စစ်တွေဆေးရုံ ပို့ဆောင်ဖို့ လိုအပ်နေတယ်လို့ ကမ်းထောင်းကြီးမြို့ရှိ ရက္ခဒါနဖောင်ဒေးရှင်း တာဝန်ရှိသူ ဦးမောင်အေးသာက ဒီဗီဘီကို ပြောပါတယ်။

“​ညာဘက်ခြေသလုံးပြတ်ထွက်သွားတဲ့အတွက် အခုကမ်းထောင်းကြီးဆေးရုံမှာ အရေးပေါ်ဆေးကုသမှုခံနေရတယ်။ ဆရာဝန်ပြောတာကတော့ သူကိုစစ်တွေကို ချက်ချင်း ပို့မရသေးဘူး၊ သူ့ကိုလိုအပ်တဲ့ကုသမှုတွေပေးပြီးတော့မှ စစ်တွေကို ပို့ပေးရမယ်။ အခုလောလောဆယ် ပို့မယ်ဆိုရင် သူ့အတွက်အသက်အန္တရာယ်စိုးရိမ်ရတယ်ပေါ့။ အခုတောင် သူ့ကို အောက်ဆီပေးထားရတယ်၊ သူ့ကိုနည်းနည်းစိတ်ချရတဲ့အခါမှ စစ်တွေကို ပို့လို့ရမယ်ပေါ့။”

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုမရှိဟာ ၂ လကျော်ကြာပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့က စတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ အမ်း-စစ်တွေကားလမ်းမတစ်လျှာက်နဲ့ အငူမော်၊ ခမောင်းဆိပ်ကျေးရွာသွားလမ်းတွေမှာ တပ်မတော်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ မြေမြှုပ်မိုင်းဒဏ်ကြောင့် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိတယ်လို့ လူမှုရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်ပေးနေသူ ကိုမျိုးလွင်က ပြောပါတယ်။

3 months Ago

February 14, 2021

အမ်းမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသူ ၇ ဦးကို ဖမ်းဆီးအမှုဖွင့်

ရခိုင်ပြည်နယ် အမ်းမြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့သူတွေထဲက ၇ ဦးကို သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်လှစ်ခံထားရပြီး မိသားစုဝင်တွေ တွေ့ခွင့်မရသေးဘူးလို့ သိရပါတယ်။

 ဖမ်းဆီးခံရသူ ဒေါ်လမင်းကျော်ရဲ့သမီး မနိုးနိုးဦးက “အိမ်အပြန်လမ်းမှာပဲ ပဒုံဂိတ်အရောက် အဖမ်းခံရတယ်လို့ပြောတယ်။ အမေနဲ့ပါသွားတာ ၂ ယောက်ပေါ့နော်၊ အမ်းမြို့နယ်ကြက်ရေစမ်းကျေးရွာက ဦးအောင်မြင့်ရယ်၊ ကျမအမေရယ် ၂ ယောက်ပေါ့။ ဦးအောင်မြင့်ကတော့ ပြန်လွတ်လာတယ်နောက်နေ့ကျတော့။ ကျမအမေကတော့ အခုထိပြန်မလွတ်သေးဘူး။ အခုအချိန်ထိလည်း ဆက်သွယ်လို့ မရသလို တွေ့ခွင့်လည်းမရသေးပါဘူး၊ အမေကိုလည်း ဦးဆောင်သူဆိုပြီးတော့ ငြိမ်းစုစီဥပဒေနဲ့ ဒီသဘာဝဘေးအန္တရာယ်နဲ့ တရားစွဲခံရတယ်၊ အမေကဦးဆောင်တာလည်း မဟုတ်ဘူး၊ အမ်းမြို့နယ်ခံလည်းမဟုတ်ဘဲ ဆန္ဒပြတဲ့အချိန်မှာ လူအုပ်နဲ့ပါသွားခဲ့တာပေါ့။” 

အမ်းမြို့နယ်မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြမှုကြောင့်  အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦး အဖမ်းခံထားရပြီး အမှုဖွင့်ခံထားရပါတယ်။

ဖမ်းဆီးခံရတဲ့ မမိုင်ရတနာအောင်မိခင် ဒေါ်တင်တင်အောင်က   “ကျမရဲ့​နေအိမ်ကို ရဲတွေရောက်လာပြီးတော့ ကျမသမီးကိုမေးတယ်။ ကျမတို့က ဘာကိစ္စလဲမေးတော့ သူတို့ကမပြောဘူး။ လေးငါးခေါက်လောက်မေးမှ ဆန္ဒပြတဲ့အထဲမှာပါလို့ဆိုပြီး ပြောတယ်။ ဒါဆိုရင်ထိန်းသိမ်းထားမှာလားဆိုပြီးမေးတော့ အဲဒါလည်းမသိသေးဘူးတဲ့၊ ဟိုရောက်မှသိမှာတဲ့။ ခဏဆိုတော့ ဒီကလူက ထည့်ပေးလိုက်တာပေါ့။ ဟိုရောက်တော့မှ သူတို့တပ်ချင်တဲ့ ပုဒ်မနဲ့စွဲပြီးတော့ မတရားသဖြင့် လုပ်လိုက်တဲ့ကိစ္စပဲ။ ကျမသမီးကို လာဖမ်းတုန်းက ဖမ်းဝရမ်းလည်းမပါဘူး၊ ပြီးရင်ဆန္ဒပြတာကလည်း တစ်နိုင်ငံလုံးပြနေကြတာကို ဖမ်းဆီးပြီးတရားစွဲတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး၊ ကျန်တဲ့မြို့နယ်တွေမှာတော့ ပြန်လွှတ်ပေးနေတာပဲ၊ ဒါကြောင့်ပြန်လွှတ်ပေးစေချင်တယ်” လို့ ပြောပါတယ်။

အမ်းမြို့မှာ ဆန္ဒဖော်ထုတ်ခဲ့သူ ၇ ဦးကို သဘာဝဘေးအန္ဒရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ အမှုဖွင့်လှစ်ထားတာနဲ့ပတ်သက်ပြီး အမ်းမြို့မရဲစခန်း ခေတ္တစခန်းမှူး ရဲအုပ်ကျော်ဇင်ဦးကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်မှုတွေ ရှိနေပြီး ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်တဲ့သူတွေကို ဖမ်းဆီးကာ ဘေးစီမံဥပဒေတွေနဲ့ အမှုဖွင့်ခံနေရသူ ၉ ဦးထိရှိလာနေပါတယ်။

နောင်နောင်

3 months Ago
More News
Up