အမျိုးသား ပြတိုက်

March 19, 2015

တူနီးရှားအမျိုးသား ပြတိုက်တိုက်ခိုက်မှု လူ ၁၉ ဦးသေ

တူနီးရှားနိုင်ငံ မြို့တော် တူနစ်မှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအမျိုးသားပြတိုက် မတ် ၁၈ ရက်က အကြမ်းဖက် တိုက်ခိုက်ခဲ့တဲ့အတွက် ကမ္ဘာ့လှည့်ခရီးသည် အပါအ၀င် လူ ၁၉ ယောက် သေဆုံးတယ်လို့ ၀န်ကြီးချုပ်က အတည်ပြုပါတယ်။ ကမ္ဘာ့လှည့်ခရီးသည် ၂၂ ယောက်နဲ့ တူနီးရှားနိုင်ငံသား ၂ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့ကြပါတယ်။ တူနစ်မြို့ ပါလီမန်နဲ့ကပ်နေတဲ့ ဘာဒို အမျိုးသား ပြတိုက်မှာ ဒီတိုက်ခိုက်မှု ဖြစ်ပွားခဲ့သလို  တိုက်ခိုက်တဲ့အချိန် ပါလီမန်ထဲမှာလည်း အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေပြုရေး အမတ်တွေ ဆွေးနွေးနေချိန်လို့ ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အီတလီ၊ စပိန်၊ ပိုလန်နဲ့ ဂျာမနီနိုင်ငံသားတွေ ပါဝင်ပြီး တူနီးရှားနိုင်ငံသားတဦးနဲ့ ရဲအရာရှိတဦးလည်း ပါဝင်ပါတယ်။ အကြမ်းဖက်သမား ၂ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ကြပြီး နောက်လိုက် နောက်ပါတွေကို စုံစမ်းဖော်ထုတ်နေတယ်လို့လည်း ၀န်ကြီးချုပ်က ဆိုပါတယ်။ ဘာဒိုအမျိုသားပြတိုက်ဟာ တူနီးရှားနိုင်ငံရဲ့ အကြီးဆုံးပြတိုက်ဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင် အမွေအနှစ် ၈၀၀၀ ကျော် စုဆောင်းထားတယ်လို့ သိရပါတယ်။ တချို့ဟာ လွန်ခဲ့တဲ့အနှစ် ၄ သောင်းက သမိုင်းဝင်အမွေအနှစ်တွေတောင် ပါဝင်ပြီး ကမ္ဘာ့အကြီးဆုံး ရိုမန်ကျောက်စီပန်းချီတွေ စုဆောင်းထားတဲ့ ပြတိုက်ကြီးတခုလည်း ဖြစ်ပါတယ်။ [gallery ids="86188,86186,86187,86189,86190,86191,86192"]
6 years Ago
Up