အမေရိကန်တပ်

September 19, 2020

ရုရှားတပ်ဖွဲ့ဝင်များနှင့် ပစ်ခတ်မှုဖြစ်ပြီးနောက် အမေရိကန်တပ်များ ဆီးရီးယားသို့ ထပ်မံစေလွှတ်

ဆီးရီးယားနိုင်ငံအတွင်း အမေရိကန်တပ်ဖွဲ့ဝင် တချို့နဲ့ ရုရှားတပ်ဖွဲ့တွေ ထိတွေ့ပစ်ခတ်မှု ဖြစ်ပြီးနောက် စက်တင်ဘာ ၁၈ ရက်က အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထပ်မံစေလွှတ်ခဲ့ပါတယ်။  ဆီးရီးယား အရှေ့မြောက်ပိုင်း တပ်ချထားရာမှာ ဘရက်ဒ်လေတိုက်ခိုက်ရေးယာဉ် ၆ စီးနဲ့ တပ်ဖွဲ့ဝင် ၁၀၀ ခန့် ပါဝင်တယ်လို့  အမေရိကန်အရာရှိတွေက ဆိုပါတယ်။   ဒီလိုတပ်ကူတွေ စေလွှတ်ကာက အပြန်အလှန်ပဋိပက္ခ လျှော့ချရေး လုပ်ငန်းစဉ်တွေမှာ ရုရှားတပ်ဖွဲ့ဝင်တွေအနေနဲ့ လိုက်နာဖို့နဲ့ ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ  ကျင့်ဝတ်ပျက်ပြားတဲ့၊ အန္တရာယ်မကင်းတဲ့ ရန်လိုတဲ့ လုပ်ဆောင်ချက်တွေကို ရှောင်ရှားဖို့  ရုရှားနဲ့ တခြား အဖွဲ့တွေကို  ရှင်းရှင်းလင်းလင်းသတင်းပေးလိုက်တာလို့ အမည်ဖော်မထားတဲ့ အမေရိကန် အရာရှိတဦးက ပြောကြောင်း NBC သတင်းမှာ ဖော်ပြပါတယ်။   မကြာသေးခင်နှစ်တွေက ဆီးရီးယားမှာ အမေရိကန်နဲ့ ရုရှားတပ်ဖွဲ့ဝင်တွေကြား မကြာခဏ ထိပ်တိုက်တွေ့တာတွေ ရှိခဲ့ပေမယ့် မကြာသေးခင်သီတင်းပတ်တွေမှာတော့ နှစ်ဖက်အကြား ထိပ်တိုက်တွေ့တာတွေ ပိုမို ရန်လိုလာခဲ့တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။ 
8 months Ago

August 24, 2020

အမေရိကန်တပ်များ အီရတ်မှ ဆုတ်ခွာ

အီရတ်နိုင်ငံ တာဂျီစစ်တပ်အခြေစိုက်စခန်းကနေ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေ သြဂုတ် ၂၃ ရက်က ပြန်ဆုတ်ခွာခဲ့ကြပြီး စစ်စခန်းကို အီရတ်လုံခြုံရေးတပ်ဆီ လွှဲပေးလိုက်ပြီလို့ ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတွေနဲ့ ညွန့်ပေါင်းတပ်က ပြောပါတယ်။  မြို့တော်ဘဂ္ဂဒက်ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာက စစ်စခန်းဟာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေက အမေရိကန်ဦးဆောင်တဲ့ တပ်တွေကို လတ်တလော လတွေအတွင်း ဒုံးကျည်နဲ့ မကြာခဏ တိုက်ခိုက်ခဲ့တဲ့ နေရာပါ။  ညွှန့်ပေါင်းတပ်ဖွဲ့ဝင်တွေကို နေရာရွှေ့တာဟာ အီရတ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့ ရေရှည်စီမံကိန်းရဲ့အစိတ်အပိုင်းပါလို့ ညွန့်ပေါင်းတပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။  တာဂျီစခန်းဟာ ညွန့်ပေါင်းတပ်ဖွဲ့ဝင် ၂ ထောင်လောက်ထိ တပ်စွဲထားခဲ့တဲ့ သမိုင်းဝင် နေရာ လည်းဖြစ်ပြီး သူတို့ထဲက အများစုဟာ ဒီနှစ်နွေရာသီမှာ စခန်းကနေ ထွက်ခွာကြမှာပါ။  ပစ္စည်းကိရိယာတွေကို အီရတ်လုံခြုံရေးတပ်ဆီလွှဲတာ အဆုံးသတ်ပြီဆိုရင် ရက်ပိုင်းအတွင်း စခန်းက ထွက်ခွာမယ်လို့ ကြေညာချက်က ဆိုပါတယ်။  ဒါဟာ အီရတ်အခြေစိုက်စခန်းရဲ့ ညွန့်ပေါင်းတပ်အပိုင်းကို အီရတ်စစ်တပ်ဆီ ၈ ကြိမ်မြောက် ပြန်လွှဲပေးတာပါ။ 
9 months Ago
Up