အမိန့်

October 29, 2020

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအမိန့်များ နိုဝင်ဘာ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးဆိုင်ရာ ပြည်သူသို့ ပန်ကြားချက်တွေ၊ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို နိုဝင်ဘာ  ၃၀ ရက်အထိ ထပ်မံ ရက်တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်နိုင်ဖို့လိုအပ်တဲ့အတွက် အောက်တိုဘာ ၃၁  ရက်အထိ ထုတ်ပြန်ထားတဲ့ အမိန့်တွေ၊ ညွှန်ကြားချက်တွေကို  ( ဖြေလျှော့ တိုးမြှင့်ဖို့ လုပ်အပ်သည့်ကိစ္စများမပါ)  သက်တမ်းတိုးမြှင့်လိုက်တာလို့  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက  အောက်တိုဘာ ၂၈ ရက် ညမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ ပြည်သူကို ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေထဲမှာ  လူ ၃၀ ထက်ပိုပြီး လူစူလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့၊ အပြင်ထွက်ရင် နှာခေါင်းစည်းတွေတပ်ဖို့ စတာတွေ ပါဝင်ပါတယ်။  ရန်ကုန်တိုင်းမှာတော့ ကိုကိုးကျွန်းကလွဲပြီး Stay at Home အမိန့်ထုတ်ထားသလို မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်က    ၁၁ မြို့နယ်မှာလည်း  Stay at Home အမိန့်ထုတ်ပြန်ထားတာပါ။ ဒါပေမဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့အတွက်  ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာ ၈ ရက်နေ့ မဲရုံတွေမှာ  လူ ၃၀ ထက်ပိုပြီး စုဝေးခွင့်ပြုတဲ့ အကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။  အလားတူ ရန်ကုန်တိုင်းအပါအဝင် Stay at home အမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်တွေမှာလည်း ပြည်သူတွေအနေနဲ့ ကြိုတင်ဆန္ဒမဲ‌ ပေးရမယ့်နေရာတွေကို သွားရောက်ဆန္ဒမဲပေးနိုင်သလို နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှာလည်း မဲရုံကို သွားရောက်ဆန္ဒမဲပေးနိုင်ဖို့ ခြွင်းချက်အနေနဲ့ ခွင့်ပြုကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးက အောက်တိုဘာ ၂၅ ရက်စွဲနဲ့  ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာ အောက်တိုဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၄၉,၀၇၂ ယောက်၊ သေဆုံးသူ ၁,၁၇၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၂၈,၆၃၆ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
6 months Ago

June 13, 2020

ထိုင်းနိုင်ငံတွင်  ညမထွက်ရအမိန့် ရုပ်သိမ်းမည်

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့ ကစပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားရာမှာ လာမယ့်ရက်ပိုင်းအတွင်း အမိန့် ပြန်ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။  ထိုင်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်နှုန်း လျော့ပါးလာပြီဖြစ်တဲ့အတွက် လာမယ့် ဇွန်လ ၁၅ ရက်နေ့ကစပြီး ညမထွက်ရအမိန့်ကို ရုပ်သိမ်းတော့မယ့်အကြောင်း ထိုင်းနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုအဖွဲ့  ( CCSA ) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီးဆင် ဝိဆနုယိုးထင်းက  ဇွန်လ ၁၂ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။  အရေးပေါ်အခြေအနေနဲ့ ခရီးသွားလာခြင်း ကန့်သတ်ချက်တွေ ရုပ်သိမ်းတာတော့ မရှိသေးပါဘူး။ ဒါပေမယ့် လူဦးရေ ၁၂၀ ထက်မပိုတဲ့ နိုင်ငံတကာဆိုင်ရာ စာသင်ကျောင်းတွေ၊ ကျူရှင်တွေ ဖွင့်လှစ်နိုင်ပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွါခွါတော့နေထိုင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။  ဒါ့အပြင် လူစုလူဝေးလုပ်တာနဲ့ ပတ်သက်ပြီး အစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ၊ ပညာ ပေးပြပွဲ စတာတွေကိုလည်း လုပ်ဆောင်နိုင်ကြောင်း ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး  ပတ်လည် ၄ မီတာ အကွာမှာ နေထိုင်ဆွေးနွေးရမှာဖြစ်ပြီး ဧည့်ခံကျွေးမွေးရာမှာ ၁ မီတာ အကွာမှာ စားသောက်ရမယ်လို့ ဆိုပါတယ်။ စားသောက်ဆိုင်၊ ဟိုတယ်တွေထဲမှာ အဖျော်ယမကာသုံးဆောင်ခြင်းကို ခွင့်ပြုပေမယ့် အရက်ဆိုင်၊ ဘားဆိုင်၊ ကာရာအိုကေဆိုင်၊ ဖျော်ဖြေရေးဆိုင်တွေကိုတော့ ဖွင့်လှစ်ခွင့်မပြုသေးပါဘူး။  ကလေးထိန်းကျောင်းနဲ့ မူကြိုကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုပြီး ကလေးတွေကို မနက်ပို့ ညကြိုလုပ်ရမှာဖြစ်ကြောင်း၊ ကျန်းမာရေးဌာနထုတ်ပြန်ချက်နဲ့အညီ နေထိုင်ရမှာဖြစ်ပြီး ကလေးတွေကို သင့်လျော်စွာစောင့်ရှောက်ဖို့ ဆရာတွေကိုအရင်ပို့ချရမှာဖြစ်ကြောင်း၊ နေ့ခင်း ကလေးတွေကို သိပ်ရာမှာ ခုတင်တစ်လုံးစီ သီးခြားခွဲသိပ်ဖို့နဲ့ တစ်ဦးနဲ့ တစ်ဦး ၁ မီတာ အကွာမှာ သိပ်ကြဖို့  CCSA  အဖွဲ့က ပြောပါတယ်။ သိပ္ပံလေ့လာရေးဌာန၊ ရုပ်ရှင်ရှုတင်ရိုက်ကူးရေးတွေ စတင်နိုင်ပြီး ရိုက်ကွင်းထဲမှာ လူဦးရေ ၁၅၀ ထက်မပို၊ လာရောက်ကြည့်ရှုသူ အ‌ယောက် ၅၀ ထက်မပိုရဘူးလို့ ဆိုပါတယ်။  ကျန်းမာရေးအတွက် လူစုလူဝေးအားကစားလုပ်ဆောင်ရာမှာ လူ ၅၀ ထက် မပိုဘဲ  တစ်ဦးနဲ့ တစ်ဦး ပတ်လည် ၄ မီတာအကွာနေပြီး ကိုယ်လက်လှုပ်ရှားကစားရမယ်လို့  CCSA  အဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ဇွန်လ ၁၂ ရက်နေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ကူးစက်လူနာသစ် နောက်ထပ် ၄ ဦးတွေ့ရှိပြီး  ကူးစက်ခံရသူစုစုပေါင်း ၃၁၂၉ ဦးရှိသွားပြီဖြစ်ပါတယ်။ အဲဒီထဲက သက်သာပျောက်ကင်းသူ ၂၉၈၇ ဦးရှိပြီး သေဆုံးသူ ၅၈ ဦး ရှိပါတယ်။ လက်ရှိဆေးရုံမှာ ကုသမှုခံယူနေသူ ၈၄ ဦး ရှိပြီး ထပ်တွေ့တဲ့ လူနာသစ် ၄ ဦးဟာ အိန္ဒိယနိုင်ငံက ပြန်လာပြီး အစိုးရသတ်မှတ်ထားတဲ့ ကွာရန်တင်းစင်တာမှာ နေထိုင်သူတွေဖြစ်ပါတယ်။ 
11 months Ago
Up