အမရပူရမြို့

May 6, 2022

အမရပူရမြို့ရှိ လက်နက်ယန္တရားတပ်ဂိတ် သေနတ်ဖြင့် ပစ်ခတ်ခံရ

မန္တလေးတိုင်း၊ အမရပူရမြို့နယ်အတွင်းမှာရှိတဲ့ ပ.လ.စ ၂ လက်နက်ယန္တရားတပ်ဂိတ်ကို မေ ၃ ရက် မနက်ပိုင်းက သေနတ်နဲ့ ငါးချက်ပစ်ခတ်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့အတွင်းမှာ စစ်ဆေးရေးတွေ တင်းကျပ်နေတဲ့ကြားက Rangers Of Mandalay မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်ညီအစ်ကိုတွေ ပူးပေါင်းပြီး အမရပူရမြို့နယ်ထဲက စစ်ကောင်စီရဲ့ လက်နက်ယန္တရားတပ်ဂိတ်ကို သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

Rangers OF Mandalay အဖွဲ့က ဗိုလ်ဖီးနစ်က "စစ်တပ်က ဖိနှိပ်စစ်ဆေးနေတဲ့ကြားက ကျနော်တို့ ရအောင်ထွက်တယ်။ ရအောင်တိုက်ခိုက်နေတယ်ဆိုတာ ပြချင်တာပါ။ အခုလက်ရှိ တော်လှန်ရေးကို အားစိုက်တဲ့ မြို့ပေါ်က ပြည်သူတွေက အရမ်းကို စိတ်ဓာတ်ကျနေကြပြီ။ မြို့ပေါ်နေ လူတန်းစားအများစုက ရေပေါ်ဆီတွေ များတဲ့အတွက် တော်လှန်ရေးမှာ ပါဝင်စေချင်လို့ ကျနော်တို့တွေ အသက်ရင်းပြီး ရအောင်လုပ်ခဲ့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ မန္တလေးမြို့ပေါ်မှာ ဒီရက်ပိုင်း ဖမ်းဆီးအသတ်ခံရတာတွေ များလာပြီးနောက် တချို့ မြို့ပြပြောက်ကျားတပ်တွေဟာ တော်လှန်ရေးကို ရပ်နားတာမျိုး မဟုတ်ပေမဲ့ မန္တလေးမြို့ကိုစွန့်ခွာပြီး နီးစပ်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းတာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

11 months Ago

October 23, 2021

မန္တလေးတွင် မြဝတီဘဏ်အပါအဝင် ၃ နေရာထက်မနည်း ဗုံးကွဲ

မန္တလေးမြို့မှာ အောက်တိုဘာ ၂၂ ရက် ညပိုင်းက  စစ်တပ်ပိုင် မြဝတီဘဏ်ခွဲအနီး ပေါက်ကွဲမှု အပါအဝင် နေရာ ၃ နေရာထက်မနည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းလမ်းခွဲအနီး ရန်ကုန်-မန္တလေး လမ်းပေါ်က မြဝတီဘဏ်အနီး၊ တမာတန်းစစ်တပ်အနီးနဲ့ အမရပူရမြို့တို့မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

“မြဝတီဘဏ်နဲ့ တမာတန်းဘက်က ကားနဲ့ လာပစ်သွားတာလို့ ပြောကြတယ်။ အစောင့်တွေ ဘက်က ပြန်ပစ်သံတွေလည်း ကြားတယ်။ ထိခိုက် ဒဏ်ရာရတာတော့ မကြားမိဘူး” လို့ မန္တလေးမြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီဝန်းကျင်က သံလျှက်မှော်အနောက်ရပ်ကွက်ရှိ နေအိမ်တအိမ်မှာ စစ်ကောင်စီတပ်သားတွေဟာ အသံဗုံးဖောက်ကာ ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်နေပြည်သူ တစ်ဦးက “အသံဗုံး နှစ်ချက်လောက် ဖောက်တယ်။ ပြီးတော့ ရှာဖွေတာတွေ လုပ်တယ်။ ဘာလို့ ဝင်ရှာလဲတော့ မသိဘူး။ အဲဒီအိမ်က သူ့သားကို အမွေပြတ်စွန့်လွှတ်ထားတာ။ ပြန်ထွက်တော့ ဒိုင်းတွေကာပြီး ပြန်ထွက်သွားကြတယ်” လို့ ပြောပါတယ်။

ဝင်ရောက်ရှာဖွေတဲ့အိမ်ကနေ လူဖမ်းဆီးတာနဲ့ ပစ္စည်းသိမ်းဆည်းသွားတာမရှိဘူးလို့ သိရပါတယ်။

မတ္တရာမြို့နယ်၊ စကျင်လမ်းခွဲနဲ့ တိုးဂိတ်အကြားမှာလည်း အောက်တိုဘာ ၂၃ ရက် မနက် ၂ နာရီခွဲလောက်က  ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးသွားတယ်လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတချို့က ပြောပါတယ်။

1 year Ago
Up