အပြောင်းအလဲ

October 12, 2020

အင်္ဂလန် ပြည်တွင်းပွဲစဉ်များ အပြောင်းအလဲပြုလုပ်ရန် လီဗာပူးနှင့် ယူနိုက်တက်အသင်း ကြိုးပမ်း

အင်္ဂလိပ်ဘောလုံးလောကမှာ အအောင်မြင်ဆုံးအသင်း ၂ သင်းဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ပြည်တွင်းပွဲစဉ်တွေကို ပြောင်းလဲသွားစေနိုင်တဲ့ အရွေ့တခုကို ပရီးမီးယားလိဂ်မှာ ပြုလုပ်ဖို့ စီစဉ်နေကြပါတယ်။  Project Big Picture လို့ ခေါ်တဲ့ အဆိုပြုချက်တခုကို လီဗာပူးဘက်က ပြင်ဆင်ထားတယ်လို့ The Daily Telegraph သတင်းမှာ ဖော်ပြပါတယ်။  ဒီအဆိုပြုချက်ဟာ အင်္ဂလိပ်ဘောလုံးလောကရဲ့ပုံစံကို ပြောင်းလဲသွားစေမှာဖြစ်ပြီး ဒါကို ယူနိုက်တက်အသင်းဘက်က ထောက်ခံခဲ့တယ်လို့ သိရပါတယ်။  ဒီ ၂ နှစ်သင်းဟာ ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းများစွာကို ပြောင်းလဲလိုနေပြီး တခြားသော အသင်းတွေအနေနဲ့လည်း သူတို့ကို ထောက်ခံမယ်လို့ မျှော်လင့်ထားပါတယ်။ စီစဉ်ထားတဲ့ အဆိုပြုချက်ထဲ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်မယ့် အသင်းအရေအတွက်ကို ၁၈ သင်းအထိ လျှော့ချသွားဖို့ ပါဝင်ပါတယ်။  ဒီအခြေအနေမှာ ချန်ပီယံရှစ်ဘက်ကနေ အဆင့် ၁ နဲ့ ၂ ရတဲ့အသင်း ၂ သင်းဟာ အရင်လိုပဲ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိမှာဖြစ်ပြီး အဆင့် ၃၊ ၄၊ ၅ ရရှိတဲ့အသင်းတွေဟာ ကျန်ဝင်ခွင့် တနေရာကို ပရီးမီးယားလိဂ်မှာ အဆင့် ၁၆ ရရှိတဲ့အသင်းနဲ့ play-off ပြိုင်ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  လက်ရှိဂျာမနီမှာ အသုံးပြုနေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။  လက်ရှိအချိန်မှာ လီဗာပူးနဲ့ ယူနိုက်တက်အသင်းတို့အပါအဝင် ကျန်ထိပ်သီး ၄ သင်းဖြစ်တဲ့ မန်စီတီး၊ အာဆင်နယ်၊ တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့ဟာ သူတို့ ကစားရမယ့်ပွဲ အရေအတွက်နဲ့ ပတ်သက်လို့ စိုးရိမ်မှုကိုယ်စီရှိနေပါတယ်။ လာမယ့်နှစ်တွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပမာဏကိုလည်း တိုးချဲ့လာမှာဖြစ်တာကြောင့် အသင်းကြီးတွေအနေနဲ့ ပြည်တွင်းမှာ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်အရေအတွက်ကို ၄ ပွဲအထိ လျှော့ချလိုနေတာဖြစ်ပြီး လိဂ်ဖလား (ကာရာဘောင်းဖလား) ကို ပြိုင်ပွဲကိုလည်း ဖျက်သိမ်းဖို့ အဆိုပြုထားပါတယ်။  လိဂ်ဖလားကို ဆက်လက်ကျင်းပသွားဖို့ ဆွေးနွေးခဲ့းပြီဖြစ်ပေမဲ့ ဒီဆွေးနွေးမှုတွေကို ဥရောပပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်မရတဲ့ အသင်းတွေကသာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အစီအစဉ်ရဲ့အစိတ်အပိုင်းတခုအဖြစ် တန်းဆင်းသွားရတဲ့ အသင်းတွေအတွက် တန်းဆင်းနစ်နာကြေးကို ဖျက်သိမ်းသွားမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဝင်ငွေရဲ့  ၂၅ ရာခိုင်နှုန်းကို EFL တခုလုံးမှာ အချိုးကျ မျှဝေသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပရီးမီးယားလိဂ်ရဲ့ မဲခွဲမှုကိုလည်း ပြောင်းလဲဖို့ ပါဝင်နေပါတယ်။  long-term shareholder status အသင်းတွေဖြစ်တဲ့ အသင်းကြီး ၆ သင်း၊ အဲဗာတန်၊ ဆောက်သမ်တမ်နဲ့ ဝက်ဟမ်းစ် စတဲ့ အသင်း ၉ သင်းဟာ ပိုအင်အားကြီးလာမှာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြောင်းလဲမှုအတွက် ဒီအသင်းတွေထဲက ၆ သင်းရဲ့ထောက်ခံမှု လိုအပ်မှာ ဖြစ်ပါတယ်။  လက်ရှိသတ်မှတ်ချက်မှာ အသင်း ၂၀ ထဲက ၁၄ သင်းက ထောက်ခံရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် long-term shareholder status မဖြစ်တဲ့ အသင်း ၁၁ သင်းက ဒီအဆိုပြုချက်ကို ကန့်ကွက်သွားဖို့ သေချာသလောက်ရှိပါတယ်။ အဆိုပြုချက်မှာ ပါဝင်နေတဲ့ ပြောင်းလဲမှုတွေမှာ အဝေးကွင်းလက်မှတ်ဈေးနှုန်း၊ ကွင်းအတွင်း ဘေးကင်းစွာကြည့်ရှုခွင့်နဲ့ အငှားချမှုနဲ့ပတ်သက်တဲ့ အရာတွေလည်း ပါဝင်နေပါတယ်။
8 months Ago

March 6, 2020

ယူကရိန်းဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခံရ

မတ် ၄ ရက်နေ့ ယူကရိန်းအစိုးရအဖွဲ့အပြောင်းအလဲအတွင်း ဝန်ကြီးချုပ် အိုလစ်စဟီ ဟွန်ချာရက်ကို  သမ္မတ ဇီလန်စကီက ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ နိုင်ငံစီးပွားရေး ပြန်ကောင်းဖို့နဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖို့ လူသစ်စိတ်သစ်တွေ လိုအပ်တယ်လို့ သမ္မတ ဇီလန်စကီက ပြောခဲ့ပါတယ်။  အထူးပါလီမန်အစည်းအဝေးအတွင်း အမတ်တွေက ဟွန်ချာရက်ရဲ့ နုတ်ထွက်မှုကို မဲပေး ထောက်ခံခဲ့ပါတယ်။   အသက် ၃၅ နှစ်အရွယ် ဟွန်ချာရက်ဟာ ယူကရိန်းနိုင်ငံ လွတ်လပ်ရေးရတဲ့ ၁၉၉၁ နောက်ပိုင်း နိုင်ငံရဲ့ အသက်အငယ်ဆုံးနဲ့ တာဝန်ထမ်းသက် အတိုဆုံး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဟွန်ချာရက်နေရာမှာ ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံးပုဂ္ဂလိက စွမ်းအင်အုပ်စု DTEK မှာ အလုပ်လုပ်ဖူးသူ ပဒိန်းနစ် ရှူဟယ်နဲ့ အစားထိုးခဲ့ပါတယ်။ သူရဲ့လက်တလောစိန်ခေါ်မှုဟာ စီးပွားရေးနဲ့ဘက်ဂျတ်အကျပ်တည်းကို ရှောင်လွှဲဖို့ ဖြစ်တယ်ဆိုပြိး ရှူဟယ်က ပါလီမန်ကို ပြောခဲ့ပါတယ်။  ရှူဟယ်ဟာ ၂၀၂၀ ဘက်ဂျက်ကို ပြန်ပြင်ဆင်လိုပြီး ဝန်ကြီးတွေနဲ့ တချို့အရာထမ်းတွေရဲ့ လစာတွေ လျှော့ချလိုပါတယ်။  ဒါ့အပြင် ယူကရိန်းငွေကြေး ဟိုဘရီးနီးယား ခိုင်မာတာက ပို့ကုန်တွေအပေါ်  ထိခိုက်ခဲ့ တယ်လို့လည်း ရှူဟယ်က ပြောခဲ့ပါတယ်။ 
1 year Ago
Up